ထားဝယ်၌ ဂျပန်ကို တတိယရင်းနှီးမြှုပ်နှံသူအဖြစ် ဖိတ်ခေါ်မည်

ထားဝယ်၌ ဂျပန်ကို တတိယရင်းနှီးမြှုပ်နှံသူအဖြစ် ဖိတ်ခေါ်မည်

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ သဘောတူချက်ဖြင့် အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွား
ရေးဇုန်စီမံကိန်းတွင် လိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုအတွက် ဂျပန်နိုင်ငံအား တတိယရင်းနှီး မြှုပ်နှံသူ
အဖြစ် ဖိတ်ခေါ်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ၎င်းတို့၏ ထားဝယ်ခရီးစဉ်အတွင်း သဘောတူခဲ့
ကြသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်သည် ယခုလ ၁၇ ရက်နေ့တွင် ထားဝယ်အထူးစီးပွားရေး
ဇုန်စီမံကိန်းသို့လာရောက်ကာ သမ္မတဦးသိန်းစိန်နှင့် စီမံကိန်းများ မြန်ဆန်စွာ အကောင်အထည်
ဖော်ဆောင်ရွက်ရန် လာရောက် ဆွေးနွေးခဲ့သည်။

ယင်းစီမံကိန်းအား အကောင်အထည်ဖော်ရန် ယခင်မြန်မာအစိုးရနှင့် ထိုင်း နိုင်ငံတို့အကြား ၂၀၀၈
ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းလုပ်ငန်းများအား ထိုင်းနိုင်ငံ၏ အကြီးဆုံးကန်ထရိုက်တာ အီတာလျံ ထိုင်းကုမ္ပဏီက
လုပ်ပိုင်ခွင့်ရရှိခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုငွေကြေး အခက်အခဲများကြောင့် လုပ်ငန်းလည်ပတ်ရန်
ကြန့်ကြာလျက်ရှိနေသည်။

ထို့ပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကလည်း စီမံကိန်းအား စောင့်ကြည့်လျက်ရှိပြီး လာရောက်
ရင်းနှီးမြှုပ်နှံရန်မူ မရေရာ သောအနေအထားရှိနေကြောင်း ထိုင်း နိုင်ငံထုတ်သတင်းစာများတွင်
ရေးသားခဲ့ကြသည်။

သို့ဖြစ်၍ နှစ်ဖက်ခေါင်းဆောင်များသည် စီမံကိန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ယခုနှစ်လယ်
ပိုင်းတွင် စတင်ဆွေးနွေးခဲ့ကြသည်။

မစ္စရင်လပ် ကလည်း ထိုင်းအစိုးရအနေဖြင့် စီမံကိန်း ဆက်လက်ဆောက်ရွက်သွားမည်ဖြစ်ကြောင်း
သမ္မတဦးသိန်းစိန်အား ကတိပေးပြီး မကြာမီပင် နှစ်နိုင်ငံ ထိပ်ပိုင်းအရာရှိများပါ၀င်သော ကော်မတီ
ခြောက်ခုကိုဖွဲ့စည်းကာ လုပ်ငန်းများ မြန်ဆန်ရေးအတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ထို့ပြင် ယခုကဲ့သို့ နှစ်နိုင်ငံ ခေါင်းဆောင်များ စီမံကိန်းသို့သွားရောက်လေ့လာခြင်းသည် ရင်းနှီးမြှုပ်နှံ
မည့်သူများအတွက် စီမံကိန်းအပေါ် ယုံကြည်မှုုရရှိစေနိုင်ကြောင်း စီးပွားရေး ပညာရှင်များက ခန့်မှန်း
ကြသည်။

"အဓိကကတော့ နှစ်ဖက်ပူးပေါင်း ဆောက်ရွက်ဖို့ပဲ။ အသေးစိတ်ကတော့ ကျွန်တော်တို့လည်းမသိ
ဘူး။ တံခါးပိတ်ပြီး ဆွေးနွေးတာဆိုတော့လေ"ဟု ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်
အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးတင်မောင်ဆွေက ပြောသည်။

ယခု ခရီးစဉ်အတွင်း ထိုင်းလုပ်ငန်းရှင် အချို့လိုက်ပါလေ့လာခဲ့သော်လည်း ဂျပန်လုပ်ငန်းရှင်များမပါ
၀င်ကြောင်း ဦးတင်မောင်ဆွေက ပြောသည်။

"ဂျပန်က တတိယရင်းနှီးမြှုပ်နှံမယ့်သူအဖြစ် စိတ်ဝင်စားပါတယ်။ စီမံကိန်းစတင်ကတည်းက အခု
အချိန်အထိ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နောက် အေဒီဘီလို၊ ဂျိုက်ကာလိုအဖွဲ့အစည်းမျိုးတွေ
စီမံကိန်းကို လာရောက်လေ့လာ နေတာမျိုးတွေရှိပါတယ်"ဟု ဦးတင် မောင်ဆွေကပြောသည်။

နိုင်ငံတကာစီးပွားရေးလေ့လာသူများကမူ ဂျပန်နှင့် ဥရောပမှ လုပ်ငန်းရှင်များသည် ကနဦးတွင်
ထားဝယ်စီမံကိန်းအား စိတ်ဝင်စားခဲ့သော်လည်း လက်ရှိ ရန်ကုန်မြို့၌ ဖော်ဆောင်မည့် သီလဝါ
အထူးစီးပွားဇုန်အား ရွှေ့ပြောင်းသွားကြပြီဖြစ်ကြောင်းပြောသည်။

ထို့ပြင် ထားဝယ်မှာမူ ရေရှည်ရင်းနှီးမြှုပ်နှံရမည့် စီမံကိန်းဖြစ်သော်လည်း သီလဝါ စီမံကိန်းသည်
ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာတွင် တည်ရှိခြင်း၊ အပေါ့စားစက်မှုလုပ်ငန်းများကိုသာ
ဦးတည်ထားခြင်းကြောင့် အချိန်တိုအတွင်း အကျိုးအမြတ်ရနိုင်သည့်အတွက် လုပ်ငန်းရှင်များ
အတွက် ပိုမိုမျက်စိကျစရာကောင်းကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။

"ဂျပန်ကတော့ ထားဝယ်ကော၊ သီလဝါကိုကော စိတ်ဝင်စားပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့
တစ်ခုပဲ ရွေးလို့ရမယ်"ဟု ထားဝယ်ဖွ့ံဖြိုးတိုးတက်ရေးကုမ္ပဏီမှ အကြံပေးဖြစ်သူ မစ္စတာ ကီဝါမူ
ဟွန်ဒါ၏ ဖြေကြားချက်ကို ၁၈ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

မစ္စတာဟွန်ဒါက ထားဝယ်အတွက် စီမံကိန်းအစီအစဉ်များကို တင်ပြထားပြီး ဖြစ်ရာ မြန်မာအစိုးရ၏
အတည်ပြုချက်ကို စောင့်ဆိုင်းဆဲပင်ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာ ငွေကြေးဆိုင်ရာထောက်ပံ့မှု အဖွဲ့အစည်းများက စီမံကိန်း
အတွက် ထောက်ပံ့ပေးရန် စိတ်ဝင်စားလျက်ရှိ ကြောင်းပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ဂျပန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ မီနိုရူ
ဖူရူစဝါကမူ ဂျပန် နိုင်ငံသည် စီမံကိန်းနှစ်ခုစလုံးအား စိတ်ဝင်စားပြီး ထားဝယ်စီမံကိန်း၏ တိုးတက်မှု
အခြေအနေများကိုလည်း အားရကျေနပ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင်ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် ဧရိယာစတုရန်းမိုင် ၂၅၀ ကျယ်ဝန်း ပြီး အဆင့်သုံးဆင့်ခွဲ
ကာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်သည်။

ကနဦးရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံဖြစ်ပြီး စီမံကိန်းအတွက် မြေငှားရမ်းမှု
ကာလမှာ အမြင့်ဆုံး ရ၅ နှစ် သတ်မှတ်ထားပြီး မြန်မာအစိုးရသည် ငွေအရင်းအနှီး စိုက်ထုတ်စရာ
မလိုဘဲ အကျိုးအမြတ်၏ ၂၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး