မော်တော်ကားအာမခံ စတင်လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီ စိတ်ဝင်စား

မော်တော်ကားအာမခံ စတင်လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီ စိတ်ဝင်စား

မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ခွင့်ရရှိပါက အာမခံ လုပ်ငန်းအမျိုးအစား ၄၆
မျိုးရှိသည့်အနက် မော်တော်ယာဉ်အာမခံလုပ်ငန်းကို ဦးစွာလုပ်ချင်ကြောင်း ဂျပန်နိုင်ငံမှ SOMPO
JAPAN အာမခံကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ KEISHI NAKAMURA က ပြောသည်။

"လုပ်ခွင့်ရပြီဆိုတာနဲ့ နံပါတ်တစ်အနေနဲ့ မော်တော်ကားအာမခံလုပ်ငန်းကို အရင်ဆုံးလုပ်ချင်ပါ
တယ်။ ပြီးတော့ မီးအာမခံလုပ်ချင်တယ်။ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ (သူတစ်ပါးထိခိုက်မှု အာမခံ)
ဒီသုံးခုကို အရင်ဆုံးလုပ်ချင်တယ်။ ဒါတွေဟာ အာမခံကုမ္ပဏီတွေရဲ့ အဓိကလုပ်ငန်းတွေပဲ ဖြစ်ပါ
တယ်" ဟု ၎င်းက ပြောသည်။

"အခု ကမ္ဘာမှာခေတ်စားနေတာက သဘာဝဘေးအန္တရာယ်တွေကို ဘယ်လို ကာကွယ်မလဲဆိုတာ
ပါ။ အဲဒါတွေ ပြုလုပ်ဖို့က မြန်မာ့လူ့အဖွဲ့အစည်းကို လေ့လာရပါမယ်။ သဘာဝဘေး အန္တရာယ်တွေ
ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွေရဲ့ ပျက်စီးဆုံးရှုံးမှုကနေ ကာကွယ်ပေးချင်လို့ ဖြစ်ပါတယ်။ သူတို့
အနေနဲ့ အာမခံကုမ္ပဏီဆိုတာက သဘာဝဘေးအန္တရာယ်တွေ ဆူနာမီတို့၊ ငလျင်တို့ ပေါ်ပေါက်လာ
ရင်လည်းပဲ အာမခံအနေနဲ့ ကာကွယ်ပေးနိုင်တယ်။ ပုဂ္ဂလိကကုမ္ပဏီဖြစ်တဲ့အတွက် အမြတ်အစွန်းရ
အောင်တော့ လုပ်ရပါတယ်။ အမြတ်အစွန်းရအောင် လုပ်တယ်ဆိုတဲ့ နေရာမှာလည်း ပရော်ဖက်ရှင်
နယ်ဆန်ဆန် ဆောင်ရွက်ပေးတယ်။ မလိမ်မညာပါဘူး"ဟု ၎င်းကပြောသည်။

"ဘာလို့ သူတို့အနေနဲ့ အာမခံလုပ်ငန်းမှာ လုပ်ခွင့်ရရင် မော်တော်ကားအာမခံ ဘာလို့အရင်လုပ်ချင်
လဲဆိုတော့ ဒီမှာကားတွေအရမ်းများနေ၊ ကျပ်နေတာ သူတို့မြင်သွားတယ်လေ။ ဘယ် အာမခံ
ကုမ္ပဏီမဆို အဓိကလုပ်တာက မော်တော်ကား၊ ပြီးတော့ မီး၊ ရေကြောင်း အာမခံ၊ ပြီးတော့မှ အဲဒီ
ကဖြာထွက်လာတာလေးတွေကို လုပ်တာပေါ့။ မီးအာမခံကတော့ မြန်မာနိုင်ငံမှာထားရှိမှု အများဆုံး
ပဲ"ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

မြန်မာ့အာမခံလုပ်ငန်းကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများက ၀င်ရောက်လုပ်ကိုင်နိုင်ရန် ကြိုး
ပမ်းလျက်ရှိ သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လတ်တလောအခြေအနေတွင် ခွင့်မပြုသေး
ကြောင်း ၎င်းကပြောသည်။

"မြန်မာ့အာမခံလုပ်ငန်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်သူ့ကိုမှ ပေးမထားသေးပါဘူး။ ဘာဖြစ်
လို့ခွင့်မပြုသေးတာလဲဆိုတော့ ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းတွေကို အခုမှ လုပ်ခွင့်ပေးခဲ့တာ။
ပေးဖို့ကြိုးစားခဲ့တာကတော့ ၁၉၉၆ ထဲကပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့။ အခုမှ ပုဂ္ဂလိက
အာမခံ ကုမ္ပဏီ ၁၂ ခုကို ရွေးထားတုန်းပဲ ရှိပါ သေးတယ်။ အခုမှ ပြည်တွင်းက ပုဂ္ဂလိက အာမခံ
တွေဟာ မွေးတောင် မမွေးရသေးပါဘူး။ သန္ဓေသားအဆင့်ပဲ ရှိပါသေးတယ်။ ခုနေအချိန်မှာ နိုင်ငံ
ခြားအာမခံ ကုမ္ပဏီတွေကို ပြုလုပ်ခွင့်ပေးလိုက်မယ်ဆိုရင် သူတို့နဲ့ယှဉ်လို့ရမှာမဟုတ်ဘူး။ တခြား
လုပ်ငန်းတွေနဲ့မတူတာက အာမခံက ဘာမှသိပ်ရင်းရတာမဟုတ်ဘဲနဲ့ အဓိကက ကိုယ့်နိုင်ငံကငွေ
တွေပါသွား မှာ ကြောက်တာ။ မြန်မာ့ပုဂ္ဂလိက အာမခံကုမ္ပဏီလေးတွေ ထူထူထောင်ထောင် ဖြစ်
စေချင်သေးတယ်။ အဲဒါကလည်းပဲ ထူထူထောင်ထောင်ဖြစ်ဖို့ မကြာတော့ပါဘူး။ တစ်နှစ် နှစ်နှစ်
လောက်ဆိုရင် ရပါပြီ။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစဉ်းစားရင် စဉ်းစားမယ်"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး