ပဋိပက္ခဖြစ်ပွားဆဲနှင့် ပဋိပက္ခလွန်ဒေသများရှိ ဒေသခံများအတွက် လိုအပ်သော အခြေခံကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ရန်လိုအပ်

ပဋိပက္ခဖြစ်ပွားဆဲနှင့် ပဋိပက္ခလွန်ဒေသများရှိ ဒေသခံများအတွက် လိုအပ်သော အခြေခံကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ရန်လိုအပ်

ပဋိပက္ခဖြစ်ပွားဆဲနှင့် ပဋိပက္ခလွန် ဒေသများရှိ အမျိုးသမီး၊ အမျိုးသားများအတွက် မဖြစ်မနေလိုအပ်
သော အခြေခံကျန်းမာရေးဝန်ဆောင်မှုများနှင့် အမျိုးသမီးများအတွက် ကောင်းမွန်လုံလောက်သော
မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း စစ်တမ်းများအရ
လေ့လာ တွေ့ရှိရသည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသ များမှ အမျိုးသမီး၊ အမျိုးသားများ၏ ခြားနားသောလူမှုလိုအပ်
ချက် အခွင့်အရေးများနှင့် ပတ်သက်၍ Gender and Development Initiative-Myanmar မှ
ဦးစီးပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်နှင့် Knowledge and
Dedication for Nation-building (KDN) အဖွဲ့တို့ ပူးပေါင်းကာ ၂၀၁၂ ခုနှစ်၊ မေလ ၁၅ ရက် မှ
ဇွန်လ ၅ ရက်အတွင်းလေ့လာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေဆဲ နေရာဒေသများမှ ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးမောက်မြို့
နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ်းခမ်း၊ မူဆယ်နှင့် တာမိုးညဲမြို့နယ်များတွင် လည်း
ကောင်း၊ လက်နက်ကိုင်ပဋိပက္ခ လွန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြု လုပ်နေသည့်နေရာ ဒေသများ
ဖြစ်သော ကရင်ပြည်နယ်သံတောင်၊ ဘားအံ၊ ကြာအင်းဆိပ်ကြီးနှင့် ကောကရိတ်မြို့နယ်များတွင်
လေ့လာမှုများ ပြုလုပ်ခဲ့သည်။

တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်းဖြင့် လူဦးရေစုစုပေါင်း ၅၂၉ ဦးကိုတွေ့ဆုံ မေးမြန်းခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေဆဲဒေသများမှ ၂၄၃ ဦးနှင့် ပဋိ ပက္ခလွန်ဒေသများမှ ၂၈၇ ဦးတို့ဖြစ်
သည်။

ဖြေကြားသူများတွင် ရပ်ရွာနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ရွာလူကြီးများနှင့် ခရစ်ယာန်ဘာသာရေး
ခေါင်းဆောင်များ ၁၃၃ ဦး၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင်များ ၁၀၅ ဦး၊ သာမန်အရပ်သူအရပ်သား
၂၉၁ ဦး ပါ၀င်သည်။

ဒေသခံများအနေဖြင့် အမျိုးသမီးတို့၏ မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးကို သိရှိနားလည်ကာ
အားပေးမြှင့်တင်ခြင်း နှင့် ကာကွယ်ပေးခြင်းများ နည်းပါးခြင်းများကိုတွေ့ကြောင်း ဂျီဒီအိုင်မှ
ဒေါ်ဂျာရာ ကပြောသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသော ဒုက္ခသည်စခန်း
များတွင် အမျိုးသမီးများ၏ လုံခြံုမှုနှင့် ဂုဏ်သိက္ခာအတွက်လိုအပ်သော အခြေခံဖြည့်ဆည်းပေးမှု
များနည်းပါးနေခြင်း၊ ပဋိပက္ခအခြေအနေများကြောင့် စိတ်ဒဏ်ရာကုသခြင်း နှင့် အထူးသဖြင့် အမျိုး
သမီးများအတွက် လူမှုစီးပွား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နည်းပါးနေခြင်းများစသောလိုအပ်
ချက်များရှိနေသည်။

"ရွာတွေမှာထက်စာရင် ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကရှိတယ်ဆိုပေ
မယ့် အရမ်းနည်းတယ်။ ဆေးကမလုံလောက်ဘူး။ မြို့နဲ့ ဝေးတဲ့စခန်းတွေမှာဆို ကြောက်လန့် ပြီးနေ
နေရတယ်။ ပဋိပက္ခကလည်းရှိနေတော့ ရင့်ဖွင့်လို့ရမယ့်နေရာမရှိဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက
စခန်းတွေမှာ လုံခြံုမှုမရှိဖြစ်နေကြတယ်"ဟု ဒေါ်ဂျာရာက ပြောသည်။

လေ့လာခဲ့သော အရပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖြစ်စေ၊ တပ်မတော်
စစ်ကြောင်းမှဖြစ်စေ ဒေသခံတိုင်းရင်းသားများ၏ အခြေခံကျန်းမာရေးအတွက် ရံဖန်ရံခါကုသပေး
ခြင်းများရှိကြောင်း ဖြေဆိုကြသည်။

ကရင်ပြည်နယ်တွင် ကေအင်န်ယူ ဆေးတပ်ဖွဲ့ကလည်းကောင်း၊ ကချင်ပြည်နယ်တွင် ကေအိုင်အေ
ဆေးတပ်ဖွဲ့ကလည်းကောင်း ဒေသခံများအား ဆေးကုသပေးခြင်းများရှိသော်လည်း ထိခိုက်ဒဏ်ရာ၊
ငှက်ဖျား၊ ၀မ်းပျက်၊ ၀မ်းလျှောစသော ရောဂါများကို စစ်ဆင်ရေးအတွက် သွားလာရင်း ကြည့်ရှုကုသ
ပေးခြင်းမျိုးသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဒေသခံများအတွက် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ နည်းပါးလျက်ရှိ
သည်။ အဆိုပါ ဒေသများတွင် ငါးနှစ်အောက်ကလေး သေဆုံးမှုများပြားပြီး ၎င်းတို့အနက် ကရင်
ပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။

ဖြေဆိုသူများအနက် ၄၀ ဒသမ ၈ ရာခိုင်နှုန်း အမျိုးသမီးအများစုက ၎င်းတို့ မိသားစုတွင် ငါးနှစ်
အောက်ကလေး သေဆုံးမှုအနည်းဆုံးတစ်ကြိမ်မှ ငါးကြိမ် အထိရှိကြောင်းနှင့် ၎င်းတို့ဒေသတွင်
ကလေးမွေးနှုန်းများသလို အသေအပျောက်နှုန်းလည်း များကြောင်း ပြောသည်။

စစ်တမ်းများအရ ဒေသခံများသည် မျိုးဆက်ပွားကျန်းမာရေးကိုနားလည်မှု နည်းပါးခြင်း၊ ဘာသာရေး
နှင့် ရိုးရာထုံးလမ်းစဉ်လားများ၊ အထူးသဖြင့် ခင်ပွန်းသည်က ခွင့်မပြုခြင်းစသည့် အဖြစ်များကို လေ့
လာရသည်။

လက်နက်ကိုင် အဖွဲ့ဝင်အချို့က ဒေသခံတိုင်းရင်းသား အမျိုးသမီး၊ အမျိုးသားများအပေါ် လူ့အခွင့်
အရေး ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းရှိကြောင်း ထုတ်ဖော် ပြောဆိုချက်များ ရှိခဲ့
သည်။

ဒေသခံများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ကြံုတွေ့ရသောအခါ
သတင်းပို့တိုင်ကြားရမည့်နည်းလမ်းနှင့် လုပ်ထုံးလုပ်နည်းများမသိခြင်း(သို့) ကျင့်သုံးရန် ခက်ခဲခြင်း
ရှိနေသည်။

အလားတူ အိမ်တွင်းအကြမ်းဖက်မှု နှင့် ပတ်သက်၍ သိမြင်နားလည်မှုနည်းပါးခြင်းနှင့် ၎င်းအကြမ်း
ဖက်များနှင့် ကြံုတွေ့ရပါကလည်း ထိရောက်သော အကာအကွယ်ပေးသည့် ယန္တရားမရှိကြောင်း
တွေ့ရသည်။

လူမှုရေးရိုးရာဓလေ့ ထုံးလမ်းအစဉ်အလာ၊ ဘာသာရေးသွန်သင်ချက်နှင့် နိုင်ငံရေးစနစ်များကြောင့်
လူမှုအသိုင်း အဝိုင်းတစ်ခုအတွင်းသို့ အမျိုးသမီး၊ အမျိုးသားများအပေါ်ပုံသွင်းမှုနှင့် ထိုသို့ ပုံသွင်းမှု
ကြောင့် မညီမျှမှုများဖြစ်ပေါ်လာစေသည်ဟု ဂျီဒီအိုင်မှ အမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်
က ပြောသည်။

၁၉၆၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးညီလာခံက
မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးကို လူ့အခွင့်အရေး၏ အစိတ်အပိုင်းအဖြစ် စတင်သတ်မှတ် ဖော်ပြ
ခဲ့သည်။

မျိုးဆက်ပွားခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေးတို့နှင့်သက်ဆိုင်သော ဥပဒေ ပါအခွင်အရေးနှင့်
လွတ်လပ်မှုများကို ဆိုလိုသော အဆိုပါလူ့အခွင့်အရေးတွင် အမျိုးသမီး၊ အမျိုးသားမည်သည့်အချိန်
တွင် ကလေးမည်မျှယူမည်၊ ဘယ်နှနှစ်ခြားမည် စသည်တို့အပေါ် ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာ
ဆုံးဖြတ်ပိုင်ခွင့်၊ သတင်းအချက်အလက်များ သိရှိခွင့်၊ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်
သက်သော ကျန်းမာရေးဝန်ဆောင် မှုများရရှိခံစားခွင့်၊ မျိုးဆက်ပွားခွင့်နှင့် ဆိုင်သော ဆုံးဖြတ်ချက်
များကို ခွဲခြားခံရမှုတို့မှ လွတ်ကင်းစွာရွေးချယ်ဆုံးဖြတ် ပိုင်ခွင့်များ ပါ၀င်သည်။

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၇ တွင် ပြဋ္ဌာန်း ထားသည့်နိုင်ငံသားသည်
နိုင်ငံသားများ၏ ကျန်းမာရေးဆိုင်ရာ အခြေခံအခွင့်အရေးအရ အရည်အသွေးပြည့်မီသည့် ကျန်းမာ
ရေးစောင့်ရှောက်ခွင့်ရရှိရေးသည် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးတိုင်းမည်သည့် အရပ်
ဒေသတွင် နေထိုင်သည်ဖြစ်စေ ဥပဒေအရ ရရှိခံစားထိုက်သော နိုင်ငံသားအခွင့် အရေးတစ်ရပ်ပင်
ဖြစ်သည်။

အထူးသဖြင့် အမျိုးသမီးများအတွက် မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင်ပါ၀င် လက်မှတ်ရေးထိုးထား
သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာကွန်ဗင်းရှင်း အပိုဒ် ၁၂ ရှိ မရှိ
မဖြစ်လိုအပ်သောအခြေခံကျန်းမာရေးစောင့်ရှောက်မှု အစီအမံများနှင့် လုံလောက်သော မျိုးဆက်
ပွားကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများရရှိခံစားရရေးတို့သည် အရေးပါသော အချက်များဖြစ်
သော်လည်း နားလည်မှု အားနည်းကျင့်သုံးမှု အားနည်းလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး