အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အလုပ်ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေး ဥပဒေသစ်ကို ရေးဆွဲလျက်ရှိနေရာ ၂၀၁၃ ခုနှစ်အတွင်း ပေါ်ထွက်လာရန် ရှိကြောင်း
အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ဥပဒေထဲမှာ စက်ရုံ၊ အလုပ်ရုံများမှ သဘာဝနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး လူတိုင်းရရှိရေးအတွက်
တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများအတွက် အကျုံးဝင်နိုင်မယ့် လိုအပ်သည့် အချက်
အလက်များကို ဥပဒေထဲမှာ ထည့်သွင်းသွားဖို့ ရှိပါတယ်"ဟု အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ
စစ်ဆေးရေးဦးစီးဌာနမှ ဦးစီအရာရှိဖြစ်သူ ဦးစည်သူအောင်က ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲစည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၄ အရ နိုင်ငံတော် မှ အလုပ်သမားများရဲ့
အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်နှင့်အညီ ဆောင်
ရွက်ရန်အတွက် ဥပဒေအသစ်ကို ရေးဆွဲရခြင်းဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု
ဖုံလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်၌
ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
ဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ စက်မှုလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အန္တရာယ်အသစ်အဆန်းများမလွဲမသွေ
ကြုံတွေ့ရမည်ဖြစ်သဖြင့် လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး နှင့်ပတ်
သက်သည့် လုပ်ငန်းများကို အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပိုမိုပူးပေါင်းဆောင်ရွက်သင့်
သည်ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းဇုန်များ ချမှတ်အကောင်အထည်ဖော်နေမှု
များနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို တိုးတက်လာမည်ဖြစ်သောကြောင့် ဓာတုဗေဒသုံးစက်ရုံ
များလည်း ပိုမိုဖွံ့ဖြိုး လာရန်ရှိသည်ဟု ၎င်းက ပြောသည်။
လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအခြေအနေမှာ နိုင်ငံတကာအခြေအနေများ
နှင့် နှိုင်းယှဉ်ကြည့်ပါက နည်းပညာရှင်များနှင့် စံနှုန်းများ အားနည်းချက်ရှိနေသလို အလုပ်ရှင် နှင့်
အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းရှိနေသည်ဟု ဦးမောင်မြင့်က ပြော
သည်။
အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးမှုဌာနမှ စာရင်းများအရ ၂၀၁၂ ခုနှစ် အတွင်း လုပ်ငန်းခွင်မတော်
တဆထိခိုက်မှုမှ သေဆုံးသူ ၃၃ ဦးရှိသည်ဟု ဖော်ပြထားသည်။
သို့ရာတွင် လုပ်သားအများဆုံး သေဆုံးရသည့် အကြောင်းရင်းနှင့် မည်သူ၊ မည်သည့်အရွယ်များ
သေဆုံးသည် စသည့် အချက်အလက်များကို အဆိုပါ ဌာနမှ ဖော်ပြခြင်းမရှိပေ။ လုပ်ငန်းခွင်အတွင်း
ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကြောင့် ပြည်သူများ၏ အသက်ဘေးအန္တရာယ် တွေ့ကြံုခံရမှုမှ
ကာကွယ်ရန်အတွက် အလုပ်ရှင်များ အနေဖြင့် ကြိုတင်ကာကွယ်ရေးနှင့် ဥပဒေများကို အမြဲ
လေ့လာရန် တာဝန်ရှိသည်ဟုု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စက်မှုဌာန၊ အောက်မြန်မာပြည်
တာဝန်ခံ စက်မှုဌာနမှူး ဒေါ်မြဝင်းက ပြောကြားသည်။
"စက်ရုံအလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဟာ လေထု၊ ရေထု ညစ်ညမ်းမှုမှ ကာကွယ်
မှုတွေ လုပ်ရမယ်။ မီးမလောင်အောင် မီးသတ်ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေ လိုက်နာရမယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေ လုံခြံုမှုအတွက် စည်းကမ်းတွေ၊ အကာ
အကွယ်တွေ၊ အသိပညာပေးမှုတွေကို သူတို့တွေကို အသိပညာပေးပြီးတော့မှ လုပ်ငန်းခွင်ထဲ
၀င်ခိုင်းသင့်ပါတယ်"ဟု ၎င်းကပြောသည်။
လျှပ်စစ်ဝန်ကြီးဌာန၏ ထုန်ပြန်ချက်အရလည်း မြန်မာနိုင်ငံ၌ တစ်လလျှင် လူသုံးဦး ဓာတ်လိုက်မှု
ကြောင့် သေဆုံးလျက်ရှိပြီး လုပ်ငန်းခွင်တွင် လျှပ်စစ်အန္တရာယ်သည်လည်း တိုးပွားလာလျက်ရှိ
ကြောင်း သိရသည်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားများ ဘေးကင်းလုံခြံုရေးအတွက် အစိုးရက စည်းကမ်းချက်များဖြင့်
ကြီးကြပ်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်ရှိနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင်
ဘေးအန္တရာယ်ကင်ရှင်းရေး လုပ်ငန်းများကို ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ရသည်ဟု ရတနာ
ရွှေထူး ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးလာဇယ ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဆောက်လုပ်ရေးတွေမှာက ရေနဲ့ မီး တွဲသုံးရတဲ့အခါမှာ ပန်းရန်သမားတွေက မသိဘဲနဲ့ နံရံကို ရေ
ဖျန်းတဲ့အခါ ယာယီမီးကြိုးတွေကြောင့် ၀ုိင်ယာရှော့ဖြစ်ရ တာတွေ၊ ဓာတ်လှေကားလုပ်မယ့်
အပေါက်တွေကို မပိတ်မိလို့ ညဘက်မှာ ပြုတ်ကျသေတာတွေ၊ မိုးတွင်းဘက်မှာဆိုရင် ယာယီ
မီးကြိုးအန္တရာယ်တွေနဲ့ တိုက်တွေကို လုံခြံုရေးပိုက်ကွန်နဲဲ့ကာပြီး လုပ်ဖို့တွေလိုအပ်ပါတယ်"ဟု
၎င်းက ပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များနှင့် လုပ်ငန်းခွင်မှရသော
ရောဂါများကြောင့် လုပ်သားအင်အား၏ လေးရာခိုင်နှုန်း သေဆုံးရလျက်ရှိသည်။
ကုမ္ပဏီတစ်ခုတွင် မတော်တဆမှုများခြင်းသည် ကုန်ပစ္စည်းသုံးစွဲသူများ၏ ယုံကြည်မှုလျော့ကျ
စေနိုင်ပြီး လုပ်သားများအနေဖြင့် မိမိကိုယ်မိမိ ဘေးကင်း လုံခြံုရေးသည် အမြဲပထမဖြစ်သည်ကို
သိရှိကြရန် လိုအပ်သည်ဟု စင်ကာပူ နိုင်ငံ အမျိုးသားဘေးအန္တရာယ် ကင်းရှင်းရေးကောင်စီမှ
ဥက္ကဋ္ဌဖြစ်သူ Mr Ameerali Abdeali က ပြောသည်။
















