လန်ပိကျွန်း၌ အဖိုးတန်သစ်ပင်များနှင့် ရှားပါးရေနေသတ္တဝါများ ဆုံးရှုံးမှုများရှိနေပြီး မျိုးတုံးပျောက်
ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရကာ ထိန်းသိမ်းရန်လိုအပ်နေကြောင်း သုတေသန နှင့် ပတ်ဝန်း
ကျင်ဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာစောမွန်သိမ့်က ပြောသည်။
"လန်ပိကျွန်းမှာ အဖိုးတန် သဘာဝ အရင်းအမြစ်တွေဖြစ်တဲ့ အမြဲစိမ်းသစ်တောတွေ၊ ဒီရေတော၊
ကမ်းခြေသစ်တောတွေ၊ ပင်လယ်မြက်ခင်းတွေနဲ့ ရှားပါးတိရစ္ဆာန်တွေဖြစ်တဲ့ ဂျီလောင်၊ ရေဝက်၊
သင်းခွေချပ် စတဲ့ သတ္တဝါတွေကို ထိန်းသိမ်းဖို့လိုအပ်နေပါတယ်" ဟု ၎င်းက ဆိုသည်။
လန်းပိကျွန်းနှင့် ဗိုလ်ချိုကျွန်းတစ်ဝိုက်တွင် သစ်ခိုးထုတ်မှုများလည်းရှိနေပြီး အရေးယူမှုများမှာလည်း
နည်းပါးကြောင်း ယခင်က ပုဆိန်များကိုသာ အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင် လွှစက်များဖြင့် ခုတ်လှဲ
လာကြကြောင်း ၎င်းက ပြောသည်။
"ဒေသခံတွေ ပြောပြချက်အရတော့ ၂၀၀၅ ခုနှစ်မှ သစ်ပင်ခုတ်တဲ့သူတွေက လွှစက်သုံးလုံးနဲ့
ရောက်လာတယ်။ နောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ လွှစက် ၂၈ လုံးအထိ ရှိလာတယ်။ သစ်ပင်တွေက
နေ့စဉ် ခုတ်လှဲနေပြီး သစ်တောများ လည်း တော်တော်နည်းလာတာကို တွေ့လာရတယ်လို့ ပြော
တယ်"ဟု ဒေါက်တာ စောမွန်သိမ့်က ပြောကြားသည်။
လန်ပိကျွန်း၌ စိုက်ပျိုးမြေတိုးချဲ့သည့် အနေဖြင့်လည်း သစ်ပင်များကို တရားမဝင်ခုတ်လှဲနေကြောင်း
၎င်းက ပြောကြားသည်။
"ကျွန်းထီလာဆိုတဲ့ လန်ပိနဲ့ မလှမ်းမကမ်းမှာ ရော်ဘာစိုက်မယ်ဆိုပြီး သဘာဝသစ်တောကို ခုတ်လှဲ
ပြီး ရောင်းစားနေတဲ့သူတွေလည်း ရှိပါတယ်။ ကညင်ပင်တွေကို လွှစက်တွေနဲ့ဖြတ်ပြီး ပုံထားတာ
တွေကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်ပြီး သစ်ခေါက်တွေ ခွာထားတဲ့ သစ်ခွံတွေကိုလည်း မီးသွေး
ဖုတ်ပါတယ်။ မီးသွေးဖုတ်တဲ့ဖိုတွေလုပ်ထား တွေ့ခဲ့ရပါတယ်"ဟု ၎င်းကပြောသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က လန်ပိကျွန်း ၌ ကမ္ဘာမှာရှားပါးပြီး
မျိုးတုံးပျောက်ကွယ်သွားနိုင်မည့် သစ်အမျိုးပေါင်း ၁၇ မျိုးရှိ နေသည်ဟု ထုတ်ပြန်ကြေညာထား
ကြောင်း သိရသည်။
ဂျီလောင်၊ တောဝက်၊ စပါးကြီးမြွေနှင့် သင်းခွေချပ် စသော တိရစ္ဆာန်များမှာ တရားမဝင် အမဲလိုက်ခံ
နေရပြီး သင်းခွေချပ်နှင့်စပါးကြီးသည်းခြေကို ထိုင်းနိုင်ငံက အများဆုံးဝယ်ယူကြောင်း ဒေါက်တာ
စောမွန်သိမ့်ကပြောသည်။
"လန်ပိကျွန်းဟာ ကာကွယ်ထားတဲ့ ဒေသဆိုပေမယ့် တရားမဝင်ငါးဖမ်းတဲ့သူတွေ၊ မျှော့ငုပ်သမား
တွေဟာ ကျွန်းပေါ်မှာစခန်းချပြီး နေထိုင်လာကြပါတယ်။ အများစုက ပင်လယ်မျှော့့ငုပ်တဲ့လုပ်ငန်း
ကို လုပ်ကိုင်ကြပါတယ်။ ပင်လယ်မျှော့ကို တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့က အဓိကဝယ်ယူပါတယ်"
ဟု ၎င်းက ပြောသည်။
တရားမဝင် ငါးဖမ်းခြင်းများကြောင့် သဘာဝသန္တာကျောက်တန်းများ ကျိုးပဲ့ပျက်စီးလာပြီး ရှားပါး
ရေနေသတ္တဝါများ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း ဒေါက်တာစောမွန်သိမ့်က ဆက်လက်ပြော
ကြားသည်။
"ပင်လယ်လိပ်၊ ရေဝက်တို့ဟာ ပင်လယ်မြက်ခင်းကိုပဲ အမှီပြုနေထိုင်ရတဲ့အတွက် နောက်ပိုင်းမှာ
အစာရေစာ ရှားပါးခြင်းတွေကို ကြံုတွေ့လာနိုင်ပါတယ်။ ဒါတွေကိုထိန်းသိမ်းမထားဘူးဆိုရင် မျိုးတုံး
ပျောက်ကွယ်မယ့်အနေအထားမှာ ရှိနေပါတယ်"ဟု ၎င်းကပြော ကြားသည်။
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလ အတွင်း ကောက်ယူခဲ့သောစစ်တမ်းအရ ဒီရေတော ၆၃ မျိုး၊
နို့တိုက်သတ္တဝါ ၁၉ မျိုး၊ ငှက်အမျိုးအစားပေါင်း၂၂၈ မျိုး၊ တွားသွားသတ္တဝါ ၁၀ မျိုး၊ ကုန်းနေရေနေ
၁၀ မျိုး၊ ငါး ၄၂ မျိုး၊ ကဏန်း ၄၂ မျိုး၊ ခရု အမျိုးအစား ၅၀၊ ယောက်သွား၊ ကမာ ကောင် ၄၁ မျိုး၊
ပင်လယ်မျှော့ ၃၅ မျိုး၊ ပင်လယ်ရေညှိ ရ၃ မျိုးနှင့် အခြားရေနေ သတ္တဝါ ၃၃၅ မျိုး ရှိနေသည်ကို
တွေ့ရပြီး ထိုအထဲမှ ငှက်အမျိုးအစား ခုနစ်မျိုးမှာ နိုင်ငံတွင်း အသစ်တွေ့ရှိရခြင်းဖြစ်သည်။
လန်ပိကျွန်းသည် အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ သဲသောင်သစ်တော တစ်ရာခိုင်နှုန်း၊ ဒီရေတော
နှစ်ရာခိုင်နှုန်း နှင့် ရေပြင် ရ၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားပြီး သစ်တောဦးစီးဌာန၏ သဘာဝ နှင့်
သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ထိန်းသိမ်းအုပ်ချုပ်မှုအောက်တွင် ရှိကြောင်း သိရသည်။
လန်ပိကျွန်းအား ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်
သတ်မှတ်ခဲ့ သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်ရှိပြီး ဆလုံလူမျိုး အများစု
နေထိုင်ကြသည်။















