စုံစမ်းရေးကော်မရှင်အပေါ် လယ်သမားတို့ အားရကျေနပ်မှု နည်းပါး

စုံစမ်းရေးကော်မရှင်အပေါ် လယ်သမားတို့ အားရကျေနပ်မှု နည်းပါး

နိုင်ငံတစ်ဝန်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုကြောင့် လယ်သမားတို့ ထိခိုက်ဆုံး
ရှုံးမှုမရှိစေရေးအတွက် တရားမျှတစွာ ဖြေရှင်ပေးရန် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ပြည်ထောင်စု
လွှတ်တော်က လွန်ခဲ့သည့် သုံးလခန့်က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသော
အဆိုပါ ကော်မရှင်သည် တစ်နှစ်သက်တမ်းရှိသော လုပ်ပိုင်ခွင့်ကာလအတွင်း ယခု သုံးလတာ
ဆောင်ရွက်ပြီးစီးမှုများအပေါ် ၎င်းကော်မရှင်နှင့် တွေ့ဆုံခဲ့သော ဒေသခံတို့က ကျေနပ်အားရမှု
နည်းပါး လျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ ပဲခူးတိုင်းအနောက် ခြမ်းက နတ္တလင်းမြို့နယ်ကို သူတို့လာ စစ်တယ်။ အစစ်ခံရတဲ့
လယ်သမားတွေ က ပြန်ပြောပြတယ်။ စုံစမ်းရေးကော် မရှင်ရဲ့ စစ်ဆေးမှုတွေဟာ လယ်သမားတွေ
အတွက် ကျေနပ်အားရမှုမရှိဘူး။ လယ်သမားတွေ ပြောချင်တာကိုလည်း ပြည့်ပြည့်စုံစုံ ပြောခွင့်မရ
ဘူးတဲ့။ နောက်ပြီး လယ်ယာမြေအမှုပေါင်း ခြောက်ခု လောက်ရှိရာမှာ နှစ်ခုတောင် မပြီးခဲ့ဘူးတဲ့။
ပြီးတော့ တကယ်ပြဿနာဖြစ်နေတဲ့ လယ်ဧက သောင်းနဲ့ချီပြီး အသိမ်းခံရတဲ့ နေရာတွေဆီ
မရောက်သေးဘူး"ဟု နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမား၊ အလုပ်သမားတို့၏ အရေးကိစ္စများကို
ဆောင်ရွက်လျက်ရှိသော 'နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးလှုပ်ရှားဆောင် ရွက်ရေးအဖွဲ့' (Civil
and Political Rights Campaign Group -CPRCG) မှ ဦးရဲထင်ကျော်က မြန်မာတိုင်း(မ်)ကို ပြော
သည်။

လယ်ယာမြေများကို မြို့ပြတိုးချဲ့ရေးအတွက်၊ စက်မှုဇုန်တည်ဆောက်ရေးအတွက်၊ တပ်မြေအတွက်၊
နိုင်ငံတော် စီမံကိန်းများအတွက်၊ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ တည်ဆောက်ရေးအတွက် နှင့် စိုက်
ပျိုး/မွေးမြူလုပ်ငန်းများ ဆောင်ရွက်မည့် ပုဂ္ဂလိကကုမ္ပဏီများအား မြေနေရာချထားပေးရေးအတွက်
စသည့် အကြောင်းရင်းခြောက်ချက်တို့ကို အခြေခံလျက် တောင်သူလယ်သမားများလက်ထဲမှ သိမ်း
ယူလျက်ရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ထုတ်
ဖော်ပြောကြားခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးအတွက်ပင် ဤသို့ လယ်ယာမြေအသိမ်းခံရမှုများ ဖြစ်ပွား
လျက်ရှိသဖြင့် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ခွဲများ ပြန်လည်ဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း
လည်း သိရသည်။

သို့ရာတွင် ၎င်းကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်သာရှိပြီး ယခု သုံးလအတွင်း ဆောင်ရွက် နိုင်ခဲ့
သည့် ပမာဏနှင့် ဖြေရှင်းညှိနှိုင်းပေးနိုင်သည့် အခြေအနေတို့ကမူ တောင်သူလယ်သမားတို့အတွက်
ကျေနပ်ဖွယ်မရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့လယ်တွေ အသိမ်းခံရလို့ စုံစမ်းရေးကော်မရှင်ကိုလည်း တိုင်တယ်။ တိုင်နေတုန်းမှာ
နောက်ထပ် ကုန်းမြေ (ခြံမြေ) ထပ်အသိမ်းခံရတယ်။ ကုန်းမြေပေါ်ကို ကျွန်းပင်တွေ လာစိုက်တယ်။
တကယ်ဆိုရင် စုံစမ်းရေးကော်မရှင်ရဲ့ ပိုင်ခွင့်နဲ့ တာဝန်အရ လယ်ယာမြေအမှုတစ်ခု ဖြစ်နေစဉ်မှာပဲ
ကြားဝင် စေ့စပ်ပေးရမယ်၊ မေတ္တာရပ်ခံပေးရမယ်။ လယ်သမားက ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် လယ်
လုပ်မှ ၀င်ငွေရတာ။ လယ်မလုပ်ဘဲနေလို့ မရဘူး၊ တစ်ဖက်ကလူတွေက လယ်မလုပ်လည်းနေလို့ရ
တဲ့သူတွေ။

"အဲဒီလို အမှုဖြစ်နေစဉ်မှာ လယ်ယာ မြေလုပ်ပိုင်ခွင့်မရတဲ့ လယ်သမားတွေကို အဲဒီသီးနှံရာသီ
အတွက် တချို့လယ်က အပင်တွေစိုက်ပြီး အသီးတွေရင့်နေပြီ။ တချို့ဆိုရင် ရိတ်သိမ်းခါနီးအခြေ
အနေ ရောက်နေပြီဆိုရင် အဲဒီလုပ်လက်စ လယ်ကို ဆက်လုပ်ခွင့်၊ သီးနှံရိတ်သိမ်း ပြီးတဲ့အထိ
လုပ်ကိုင်ခွင့်ပေးထားဖို့ဆိုတဲ့ ကဏ္ဍကို စုံစမ်းရေးကော်မရှင်က အကောင်အထည် မဖော်ပေးနိုင်ဘူး။
ကျွန်တော်တို့ ပဲခူးတိုင်းမှာဆိုရင် လောလောဆယ်မှာ လယ်ယာမြေလုပ်ခွင့်ဆုံးရှုံးနေတဲ့ လယ်သမား
က ၃,၀၀၀ ကျော် ရှိတယ်။ ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာ ဒီနှစ် မိုးစပါးရာသီမှာ လယ်ကို လုံးဝပြီး
အောင် မလုပ်ခဲ့ကြဘူး။ ကော်မရှင်ဘက်က တာဝန်ယူညှိနှိုင်းပေးမှု ဘာမှမရှိခဲ့ဘူး"ဟု ဦးရဲထင်ကျော်
ကပြောသည်။

အလားတူဖြစ်ရပ်မျိုး၊ ရိတ်သိမ်းခါနီး စပါးများ၊ အခြားသီးပင်စားပင်များကို လုပ်လက်စတန်းလန်းနှင့်
ဆက်လုပ်ခွင့်မရသည့် တောင်သူများ တောင်ငူခရိုင် အတွင်း၌လည်းကောင်း၊ ဧရာဝတီတိုင်း၌လည်း
ကောင်းရှိနေကြပြီး ကော်မရှင်က ကြားဝင်စေ့စပ်ပေးနိုင်စွမ်းမရှိသဖြင့် လယ်လုပ်ခွင့်များဆုံးရှုံးနေကြ
ရသည်တို့ ရှိကြောင်း၊ မြောင်းမြမြို့နယ်အတွင်းရှိ ယခုနှစ် အသိမ်းခံထားရသော ရော်ဘာ ခြံများဆို
လျှင် ရော်ဘာစေး ခြစ်ရမည့် အချိန်သာ ကျော်လွန်သွားပြီး လုံးဝ မခြစ် လိုက်ရကြောင်း၊ ကြံခင်းများ
လည်း အလားတူ ရာသီလွန်သွားပြီး အရည်များဆုတ်သွားသဖြင့် ဘာမျှလုပ်ဆောင်ခွင့်မရလိုက်
ကြောင်း သိရသည်။

"တရားရုံးက မဆုံးဖြတ်ခင် ပဋိပက္ခ ဖြစ်နေတဲ့ကာလမှာ စစ်တပ်ကသော် လည်းကောင်း၊ ကုမ္ပဏီက
သော်လည်းကောင်း ဒီလယ်ယာမြေတွေကို သူတို့ ပိုင်ပါတယ်၊ သူတို့စီမံကိန်းမြေပါလို့ ပြောထားပေ
မယ့်လည်း တရားရုံးကဆုံးဖြတ်နိုင်ဖို့ စုံစမ်းစစ်ဆေးနေတဲ့ကာလမှာတော့ နှစ်ရှည်လများ လုပ်လာခဲ့
ပြီးမှ တကယ်နစ်နာနေတဲ့ လယ်သမားတွေကို လုပ်လက်စ သီးနှံတွေကို ရိတ်သိမ်းပြီးတဲ့ အထိ လုပ်
ခွင့်တော့ ပေးထားစေချင်ပါ တယ်"ဟု ဒက္ခိဏသီရိမြို့နယ်၌ လယ်ယာ မြေအမှုတစ်ခုကို ရင်ဆိုင်နေ
ရသည့် တောင်သူကြီးတစ်ဦးက ပြောသည်။

စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခဲ့သည်မှာ သုံးလကျော်ခဲ့ပြီဖြစ်သော်လည်း ကော်မရှင်အဖွဲ့ဝင်များအနေ
ဖြင့် လွှတ်တော်အစည်းအဝေးများ ရပ်နားချိန်တွင်သာ ဆောင်ရွက်ကြရခြင်း၊ အစည်းအဝေးများ နား
ချိန်၌ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ မိမိတို့ မဲဆန္ဒ နယ်မှ ပြည်သူများနှင့်တွေ့ဆုံကာ
အတွေ့အကြံုရှင်းခြင်း၊ ဒေသအခက်အခဲများ ကြားနာဖြေရှင်းခြင်း စသည့် တာဝန်များကိုလည်း
ဆောင်ရွက်ကြရ ခြင်းတို့ကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကို စုံစမ်းစစ်ဆေး
ရေးအတွက် ပ ဉ္စမပုံမှန်အစည်းအဝေးနှင့် ဆဋ္ဌမအစည်းအဝေးကြားရှိ တစ်လတာကာလ၌သာ
ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အဖွဲ့ခွဲ ကိုးဖွဲ့ ဖွဲ့ကာ ပြည်နယ်နှင့် တိုင်း
ဒေသကြီးများအလိုက် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊ ယခု ဒီဇင်ဘာ နောက်ဆုံးပတ်၌ အဆိုပါ
အဖွဲ့ခွဲများ ပြန်လည်စုဆုံကြကာ စုံစမ်းတွေ့ရှိချက်များကို စုစည်းပြီး ဇန်နဝါရီလဒုတိယပတ်တွင်
ကျင်းပမည့် ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေးသို့ ပြန်လည်တင်ပြသွားမည်ဟု ကော်မရှင်
ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ယခုသီတင်းပတ်တစ်ပတ်အတွင်းမှာပင် စည်ပင်သာယာ
ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရသော တောင်သူ ၂၆ ဦးထက်မနည်းရှိနေ
ကြောင်း ပျဉ်းမနားမြို့မှ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

"ဥပဒေကြောင်းအရတော့ အခု တရားစွဲခံထားရတဲ့ လယ်သမားတွေ ရှုံးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့
တရားလိုတွေဘက်မှာက ခိုင်လုံတဲ့ အမည်ပေါက်၊ လယ်ယာမြေပိုင်ဆိုင်ခွင့် အထောက်အထားတွေ
ရှိနေတယ်လေ။ ကြေးတိုင် နဲ့ မြေစာရင်းမှာရှိတဲ့ မြေပုံထဲကအတိုင်း လွတ်နေတဲ့မြေတွေကို စည်ပင်
သာယာ က တစ်ဆင့် စိုက်ပျိုး/မွေးမြူလုပ်မယ်ဆို တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကို အမည်
ဖောက်ပြီး ပြန်ရောင်းလိုက်တယ်။ ဒီတော့ အဲဒီလိုမရောင်းခင် နှစ်ပေါင်းများစွာကတည်းက အဲဒီနေ
ရာမှာ လယ်လုပ်စားခဲ့သူတွေကျတော့ အမည်ပေါက်စာရွက် မပြနိုင်ဘူး။ အသစ် ပြဋ္ဌာန်းထားပြီးတဲ့
လယ်ယာမြေဥပဒေထဲမှာ လယ်လုပ်သူတွေရဲ့ အခွင့်အရေး တွေပါတာမှန်ပေမယ့် ဥပဒေအတည်ပြု
ပြီးမှ အမည်ပေါက်ရထားတဲ့လူတွေနဲ့ ယှဉ်တဲ့အခါ လယ်သမားတွေက အရှုံးဘက်ကပဲ"ဟု ၎င်းက
ရှင်းပြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး