ရွေးကောက်ပွဲစနစ်ပြောင်းရန် လွှတ်တော်၌ တင်မည်မဟုတ်သေး

ရွေးကောက်ပွဲစနစ်ပြောင်းရန် လွှတ်တော်၌ တင်မည်မဟုတ်သေး

မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော မဲအများဆုံးရရှိသူသာ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့်စနစ်
အစားရရှိသည့် ဆန္ဒမဲ အနည်းအများအလိုက် လွှတ်တော်၌ ကိုယ်စားပြုခွင့်ရစေမည့် အချိုးကျ
ကိုယ်စားပြုစနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေးကို လာမည့်ဇန်နဝါရီလတွင် ပြုလုပ်မည့် လွှတ်တော်
၌ တင်ပြဦး မည်မဟုတ်သေးဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်
တစ်ဦးက ပြောသည်။

"အခုတော့ လေ့လာနေဆဲအဆင့်ပါ ပဲ။ လွှတ်တော်မှာ တင်မယ်၊ ပြောင်းမယ်ဆိုတာ မဟုတ်သေးပါ
ဘူး" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးဌေးဦးက
ဒီဇင်ဘာလ ၁၃ ရက်က နေပြည်တော် ရှိ ၎င်းပါတီ၏ရုံးချုပ်၌ မြန်မာတိုင်း(မ်)မေးမြန်းချက်ကို ဖြေ
ကြားခဲ့သည်။

မဲအများဆုံးရသူသာ ကိုယ်စားလှယ် ဖြစ်သည့်စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်နှင့်ပတ်သက်၍
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက ဇွန်လက ကြေညာချက်ထုတ်ပြန်၍ ဇူလိုင်လနှောင်းပိုင်းက
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် ဆွေးနွေးခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း
နိုင်ငံ၏အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြ
ပေးမည်ဟု ကတိပြုခဲ့သည်။

ဆွေးနွေးမှုနှင့်ပတ်သက်ပြီး ထိုစဉ်က နိုင်ငံရေးပါတီများအကြားတွင် သဘောထားကွဲပြားမှုများ ရှိခဲ့
သည်။

အချိုးကျ ကိုယ်စားပြုစနစ် (Pro-portional Representative -PR) ကျင့်သုံးပုံအမျိုးမျိုးရှိပြီး ၎င်း
စနစ်ကို ကြိုက်နှစ်သက်သည့်ပါတီ၊ မကြိုက်နှစ်သက်သည့်ပါတီများလည်း ရှိသော်လည်း အားလုံး
အတွက် အကျိုးရှိမည်ဆိုပါက လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု ဦးဌေးဦးက ပြောသည်။

"စနစ်တွေအားလုံးကတော့ သူ့ဟာနဲ့ သူကောင်းပါတယ်။ အရေးကြီးတာက အောင်အောင်မြင်မြင်
လုပ်နိုင်ဖို့၊ မျှမျှတတ ပွင့်ပွင့်လင်းလင်းလုပ်ဖို့ပဲ လိုပါတယ်"ဟု ဦးဌေးဦးက ပြောသည်။

ယခုမဲပေးသည့်စနစ်ဖြစ်သည့် မဲအများဆုံးရရှိသူသာ အနိုင်ရကိုယ်စားလှယ်ဖြစ်သည့်စနစ် (First
Past the Post -FPTP)စနစ်ကိုပင် နားမလည် သေးသည့် မဲဆန္ဒရှင်များ ရှိနေသေးသည့်အတွက်
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးရာတွင် အခက်အခဲအချို့ရှိနိုင်သည်ဟု ဦးဌေးဦးက ဆက်လက်
ပြောကြားသည်။

ပီအာရ်စနစ်သည် ယခင်စနစ်ထက် ပိုမိုအလုပ်များနိုင်သည့်အတွက် မဲဆန္ဒ ရှင်များနှင့် လိုက်လျော
ညီထွေမှုဖြစ်ပြီး အုပ်ချုပ်မှုကိစ္စ မရှုပ်ထွေးရန်လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။

"ဟိုအရင်စနစ်က ကိုယ်ကြိုက်တဲ့ နေရာကို အမှန်ခြစ်လိုက်တာပဲ ရှိတာကိုး။ အခုကျ ဘယ်လိုစနစ်
မျိုးသုံးမယ်ဆိုတာ ကျွန်တော်မသိဘူး၊။ ဒါပေမယ့် ပီအာရ်စနစ်သုံးမယ်ဆိုရင် ပထမအကြိုက်ဆုံးလူ၊
ဒုတိယအကြိုက်ဆုံးလူ၊ တတိယအကြိုက်ဆုံးလူ ဒီလိုပဲသွား နိုင်တယ်။ ပါတီနဲ့လုပ်မှာလား၊ လူ
ပုဂ္ဂိုလ် နဲ့ လုပ်မှာလား၊ ဒါကလည်း စဉ်းစားရမယ်"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော မဲအများဆုံးရသူ အနိုင်ရသည့် ရွေးကောက်ပွဲစနစ်တွင်လည်း
အချိုးကျ ကိုယ်စားပြုစနစ်ဆန်သည့် ရောနှောပုံစံများလည်း ပါ၀င်သည်ဟု ၎င်းက မှတ်ချက်ပြု
သည်။

"ဥပမာအားဖြင့် အချိုးကျကိုယ်စား လှယ်အဖြစ်ရွေးတယ်ဆိုတာ တိုင်းဒေသကြီးတွေမှာ တိုင်းရင်း
သားရေးရာဝန်ကြီးတွေ အချိုးကျစနစ်နဲ့ ရွေးတာပါပါတယ်။ ရောနေတာလေးတွေရှိပါတယ်။ မြို့နယ်
တစ်ခုမှာ နှစ်ယောက်ရွေးတာလည်း ရှိပါတယ်။ မြို့နယ်တစ်ခု တစ်ယောက်ရွေးတာလည်း ရှိပါ
တယ်။ နယ်မြေကြီးတစ်ခုကို နှစ်ယောက်ရွေးတာလည်း ရှိပါတယ်။ နောက် လူဦးရေအချိုးပေါ်
မူတည်ပြီး ရွေးတာလည်းရှိပါတယ်"ဟု ၎င်းက ပြောသည်။

အချိုးကျကိုယ်စားပြုစနစ်သည် ရေရှည်တွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိနိုင် သော်လည်း ယခုလတ်
တလော ကျင့်သုံးပါက လွှတ်တော်တွင်းသို့ ပါတီစုံဝင် ရောက်လာပြီး လွှတ်တော်တွင်း၌ ဘုံသဘော
တူညီမှုရရှိရန် ခက်ခဲခြင်း၊ မည်သည့်ပါတီမျှ မဲ ရ၅ ရာခိုင်နှုန်းရရှိရန် ခက်ခဲပြီး အခြေခံဥပဒေကို ပြင်
ဆင်ရန် ခက်ခဲခြင်းနှင့် အချိုးကျ ကိုယ်စားပြုစနစ် ၏ အားနည်းချက်အရ လွှတ်တော်တွင်း သို့ အစွန်းရောက်ပါတီများ နေရာရလာ နိုင်ပြီး ပြဿနာရှိလာနိုင်သည်ဟု လစဉ် ထုတ် The Wave
မဂ္ဂဇင်း အယ်ဒီတာ ဆရာကျော်ဝင်းက ယခုနှစ်၊ ဇူလိုင်လက ပြောကြားခဲ့သည်။

"အမတ်တွေဖြစ်လာအောင် လုပ်ယူလို့ရတာတွေလည်း ရှိနိုင်တယ်"ဟု ဦးဌေးဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး