ခုနစ်နှစ်ကြာ ရပ်ဆိုင်းထားခဲ့ရသည့် အကျဉ်းထောင်များအတွင်းဝင်ရောက်စစ်ဆေးမှုကို အပြည်ပြည်
ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က တစ်နိုင်ငံလုံး ၌ ပြန်လည်စတင်မည် ဖြစ်သည်။
"ဒါဟာ ခုနစ်နှစ်ကြာပြီးမှ ပြန်လည် လုပ်ဆောင်တာပါ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဆင်
ပြေမယ်လို့ ကျွန်တော် အကောင်းဘက်ကနေ တွေးနေပါတယ်။ အဆင်မပြေခဲ့ရင်လည်း ဘယ်ဟာ
တွေက အဆင်မပြေသလဲဆိုတာကို ဖြေရှင်းသွားမှာပါ"ဟု ICRC ၏ ဌာနေကိုယ်စားလှယ်
Georges Paclisanu က မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောသည်။
"ရှင်းရှင်းလင်းလင်းသိထားတဲ့ အချက်ကတော့ အစိုးရကနေပြီး ကျွန်တော်တို့ ကမ္ဘာတစ်ဝန်းလုံးမှာ
အသုံးပြုတဲ့ ICRC ရဲ့ စံနှုန်းတွေကို လေးစားပါ့ မယ်ဆိုတာပါပဲ"ဟု ၎င်းကပြောသည်။
ထိုသို့ စတင်ဆောင်ရွက်နိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများလုပ်ဆောင်နေကာ
၂၀၁၃ အစောပိုင်းတွင် အကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
သို့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မစတင်မီ အစမ်းလေ့လာကြည့်ရှုမှုအား ဦးစွာပြုလုပ်
သွားမည်ဖြစ်ကာ ထိုမှတစ်ဆင့် မည်သည့်နေရာများအား ဦးစားပေးဆောင်ရွက်မည်နှင့် မည်သို့
အကောင်အထည်ဖော်မည်ကို ဆုံးဖြတ်မည်ဟု ၎င်းက ပြောသည်။
"အစမ်းကြည့်ရှုမှုက အမြန်ဆုံးဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ လနဲ့ချီပြီး ပြောနေတာမဟုတ်ပါ
ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရှုမှုကလည်း အဲဒါပြီးတာနဲ့ တစ်ခါတည်းဖြစ်လာမှာပါ။
နောက်နှစ်အစောပိုင်းမှာ ဖြစ်လာမှာပါ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလို့ မဆိုလိုပေမယ့် ဇွန်လထိမရောက်
တာ သေချာပါတယ်"ဟု ၎င်းက ပြောသည်။
ထောင်ပေါင်းမည်မျှကို လေ့လာကြည့်ရှုမှုများပြုလုပ်သွားမည်ကို ယခုချိန်တွင် အတည်ပြုရန် ခက်ခဲ
ကြောင်းနှင့် အချို့သောထောင်များမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲဝေးလံသောနေရာ များ၌
တည်ရှိသည်ကိုလည်း စဉ်းစားရန်လိုကြောင်း ၎င်းက ပြောသည်။
ယခုလေ့လာကြည့်ရှုမှုတွင် ဖြစ်ပွားလာနိုင်သော နိုင်ငံရေးအငြင်းပွားဖွယ်ရာများကို ရှောင်ရှားနိုင်ရန်
အတွက်လည်း ICRC က ထောင်သားများနှင့် ထောင်အာဏာပိုင်များနှင့်သာ ပူးပေါင်းလုပ်ဆောင်
မည်ဖြစ်ပြီး အခြားမည်သည့် အဖွဲ့အစည်းမှ ပါ၀င်မည်မဟုတ် ကြောင်းလည်း ၎င်းက ပြောသည်။
"ကျွန်တော်တို့အလုပ်က ထောင်သားတွေ ထောင်ထဲကို ဘာကြောင့် ရောက်လာတယ်ဆိုတာကို
ဆုံးဖြတ်ဖို့ မဟုတ်ဘဲ သူတို့တစ်တွေထောင်ထဲမှာ ကောင်းမွန်စွာနေထိုင်နိုင်ရေးပဲ ဖြစ်ပါတယ်"ဟု
Paclisanu က ပြောသည်။
၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင်များအား စစ်ဆေးမှု
တွင်မြန်မာအစိုးရက ICRC ၏ ၀န်ထမ်းများ စစ်ဆေးကြည့်ရှုမှုတွင် ထည့်သွင်းရန် တောင်းဆိုချက်
အား သဘောမတူညီမှုဖြင့် လုပ်ငန်းများရပ်ဆိုင်းခံခဲ့ရသည်။
ICRC သည် ကမ္ဘာ့နိုင်ငံပေါင်း ရ၅ နိုင်ငံ၌ အကျဉ်းသားများ အကျဉ်းထောင်အတွင်း ကောင်းမွန်စွာ
နေထိုင် နိုင်ရေးအတွက် လုပ်ဆောင်နေသောအဖွဲ့အစည်း တစ်ရပ်ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ
တစ်ဝန်းရှိ ထောင်ပေါင်း ၅၀၀,၀၀၀ အား စစ်ဆေးခဲ့သည်။















