နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒုက္ခသည်များ ထောက်ပံ့ရေး မွန်၌စတင်

နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒုက္ခသည်များ ထောက်ပံ့ရေး မွန်၌စတင်

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများရှိရာ ဒေသရှိ ဒုက္ခသည် တစ်သန်းကျော်အတွက် ကူညီ
ထောက်ပံ့ရန် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ သုံးသန်းခန့်လျာထားရာ ဒီဇင်ဘာ
လ ၂၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီသို့ ပထမဦးဆုံးအကြိမ် ဒေါ်လာ ခုနစ်သောင်းတန်ဖိုးရှိ ဆန်နှင့်
ဆေးဝါးများကို စတင်လှူဒါန်းခဲ့သည်။

အဆိုပါ အရေးပေါ်ထောက်ပံ့ရေး အစီအစဉ်မှာ နီပွန်ဖောင်ဒေးရှင်းနှင့် ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ လက်မှတ်ရေးထိုးထားသော သဘောတူညီချက်အား
မြန်မာအစိုးရ၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာအစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရေးတွင် လိုအပ်နေသော ရန်ပုံငွေများ
အတွက် နိုင်ငံတကာကူညီမှုများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းနိုင်ရန်
နှိုးဆော်ထားရာ ယခု နီပွန် ဖောင်ဒေးရှင်းမှရရှိသော ထောက်ပ့ံမှုမှာ နိုင်ငံတကာမှ ပထမဦးဆုံးဖြစ်
ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း
က ဒီဇင်ဘာလ ၂၂ ရက် နေ့က မော်လမြိုင်မြို့၌ ပြုလုပ်သော အထောက်အပံ့ပစ္စည်းများ လွှဲပြောင်း
ပေးအပ်ပွဲအခမ်းအနားတွင်ပြောကြားသည်။

"အခုလည်း ငြိမ်းချမ်းရေးရဖို့၊ နယ်မြေဖွ့ံဖြိုးတိုးတက်ဖို့ လုပ်နေတယ်။  တိုင်းရင်းသားအဖွဲ့အစည်း
တွေရဲ့ လိုအပ်ချက်ကိုလည်း အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ထောက်ပံ့ပေး
ဖို့ ကတိပြုပါတယ်"ဟု ဦးအောင်မင်းက ပြောသည်။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဦးနိုင်ထော မွန်က မွန်တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပြီး မလွှဲမရှောင်သာ၍ လက်နက်စွဲကိုင်နေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ
တကာကူညီမှုဖြင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ပြောသည်။

"အခုလို မြေစာပင်ဖြစ်နေတဲ့ တိုင်းရင်းသားတွေကို ခွဲခြားမှုမရှိဘဲ လက်တွေ့ ကူညီတယ်။ တိုင်းရင်း
သားတွေရဲ့ ဘဝအခြေအနေကို နားလည်ပြီး ကူညီတာဟာ ငြိမ်းချမ်းရေးနဲ့ချစ်ကြည်ရေးအတွက်
ရှေ့လုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုပါတယ်"ဟု ဦးနိုင်ထောမွန်က ပြောသည်။

နီပွန်ဖောင်ဒေးရှင်းသည် လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသရှိ ဒုက္ခရောက်နေသော ပြည်သူ
များအတွက် လူမှုရေးကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် ယခုနှစ် အောက်တိုဘာလမှ စတင်ခါ တိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံအခြေစိုက် UNFC  နှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နီပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယောဟဲဟအိ ဆာဆာကာဝါက
ပြောသည်။

"မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေထဲက အရေးအကြီးဆုံးက တိုင်းရင်းသားကိစ္စပါပဲ။ ဒီကိစ္စ
တွေမှာ အတတ်နိုင်ဆုံးကူညီဖို့ဆိုတာ ဂျပန်နိုင်ငံ ရဲ့ တာဝန်ဝတ္တရားလို့ ခံယူထားပါတယ်။ နိုင်ငံတ
ကာအဖွဲ့အစည်းတွေကလည်း ပါ၀င်ကူညီဖို့ တောင်းဆိုပေးသွားပါမယ်" ဟု မြန်မာတိုင်းရင်းသား
များ၏ လူမှုဖူလုံရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံအမတ်ကြီးလည်းဖြစ်သူ မစ္စတာ
ယောဟဲဟအိ ဆာဆာကာဝါက ပြောကြားသည်။

ထို့ပြင် နီပွန်ဖောင်ဒေးရှင်းသည် ယခုကဲ့သို လူမှုရေးကဏ္ဍတွင် ထောက်ပ့ံကူညီမှုသာမက မြန်မာ
နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရ နှင့် လက်နက်ကိုင်အင်အားစုများအကြား
ယုံကြည်မှုတည်ဆောက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် ဆက်လက်ကူညီပေးသွား
မည် ဖြစ်ကြောင်းသိရသည်။

"မြန်မာအစိုးရအနေနဲ့ UNFC ကို တရားဝင်ခွင့်မပြုသေးပါဘူး။ နီပွန် ဖောင်ဒေးရှင်းက တိုင်းရင်းသား
ကိစ္စတွေ ကို ကူညီဖို့ UNFC နဲ့ MoU ထိုးခဲ့သလို မြန်မာအစိုးရနဲ့လည်း MoU ထိုးခဲ့ပါ တယ်။
ဒါကြောင့် နီပွန်ဖောင်ဒေးရှင်းက UNFC နဲ့ မြန်မာအစိုးရကြားမှာ တံတားအသစ်ဆောက်တာနဲ့ တူပါ
တယ်"ဟု မစ္စတာ ယောဟဲဟအိ ဆာဆာကာဝါက ပြောသည်။

နီပွန်ဖောင်ဒေးရှင်းသည် UNFC အဖွဲ့ဝင်လက်နက်ကိုင် အဖွဲ့များအပြင် အခြားတိုင်းရင်းသားအဖွဲ့
များကိုပါ ထောက်ပ့ံပေးရန် အစီအစဉ်ရှိပြီး မကြာမီ ကရင်ပြည်နယ်ရှိ ဒုက္ခသည်များအား ထောက်ပံ့
ပေးရန်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး