ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသား ပြည်သူတို့အကျိုးအတွက် ရှမ်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်သည့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး
ပါတီ (SNDP) တို့ ပူးပေါင်းသင့်ပါလျက်နှင့် နှစ်ပါတီ ဖြစ်နေခြင်းအတွက် သမိုင်းတရားခံမှာ SNDP
မဟုတ်တော့ ကြောင်း ၎င်းပါတီ၏ ဒု-ဥက္ကဋ္ဌ ထင်မြင်ချက်အပေါ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက
၎င်းကဲ့သို့ ထင်မြင်ချက်ပေးခြင်းသည် တစ်ဖက်သတ် ပြောကြားချက်ဖြစ်ကြောင်း တုံ့ပြန်ပြောကြား
ခဲ့သည်။
"သမိုင်းတရားခံဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက ဘယ်သူမှ ဆုံးဖြတ်လို့မရပါဘူး။ ပြည်သူလူထုက
ဆုံးဖြတ်မှာပါ။ လုပ်ဖော်ကိုင်ဖက်ပါတီတွေကလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်။ သူတို့ ဝေဖန်မှာပါ။
လိုလားတဲ့ပါတီရှိမယ်၊ မလိုလားတဲ့ပါတီ ရှိမယ်။ သူ့မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါကတော့ လွန်ကဲ
သွားပြီပေါ့ဗျာ။ မပူးပေါင်းလို့ သမိုင်းမှာ တရားခံဖြစ်မယ်ဆိုရင် လုပ်ခဲ့တာတွေကို ဘယ်လို သုံးသပ်
မလဲ။ ကျွန်တော်တို့ ဒီလောက်ကြိုးပမ်းခဲ့ရတာ၊ ထောင်ထဲ ၀င်ခဲ့ရတာတွေဟာ ကိုယ့်ယုံကြည်ချက်
နဲ့ကိုယ်လုပ်ခဲ့ပြီး ထောင်ထဲဝင်ခဲ့ရတာပဲ။ သူတို့ကျတော့ ဘာလုပ်ခဲ့ကြလို့ ထောင်ထဲဝင်ခဲ့ဖူး လို့လဲ။
အခုလည်း ကျွန်တော်တို့ စမ်းသပ်ခံနိုင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ ဘာမှ
အစွန်းအထင်းမရှိဘူး။ အဲဒါ က ကျွန်တော်တို့ရဲ့မူပါ။ အဲဒီမူနဲ့သွားနေတဲ့အခါကျတော့ ကျွန်တော်တို့
မှာ ဒီလိုချင့်ချင့်ချိန်ချိန် လုပ်နေပါလျက်နဲ့ ကျွန်တော် တို့က သမိုင်းတရားခံဖြစ်မယ်ဆိုရင်တော့
ဒါကတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ဒီပြောကြားချက်ကတော့ တစ်ဖက်သတ် ပြောကြား ချက်ပဲ။ ဘာ
အထောက်အထားမှ မရှိတာ။ ဒါကတော့ မပြောသင့်တဲ့အရာပဲ။ သူတို့တွေက စီးပွားရေး အဓိက
လုပ်နေပြီးတော့ တိုင်ကြ၊ တောကြ၊ ပြောကြနဲ့ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကဘယ်လိုကြောင့်
သမိုင်းတရားခံဖြစ်တော့မှာလဲ။ အခုဆို ကျွန်တော်တို့ဟာ ပထမဆုံးရှမ်းညီလာခံတစ်ခုလည်း
အောင်မြင်အောင် လုပ်ခဲ့ပြီးပြီပဲမဟုတ်လား။
"သိပ်မကြာခင်မှာပဲ ဒုတိယတစ်ခါအနေနဲ့ ဒီလိုညီလာခံမျိုးကို ရှမ်းတစ်ပြည်လုံး ဖိတ်ပြီး လုပ်တော့
မှာပါ။ ကျွန်တော်တို့ဘက်ကသာ ချို့ယွင်းချက်ရှိခဲ့ရင်၊ ကျွန်တော်တို့မှာ မူမရှိခဲ့ရင်၊ အများ ပြည်သူ
ကသာ လက်မခံဘူးဆိုရင် ဒီလိုအောင်မြင်တဲ့ ညီလာခံမျိုး ဘယ်လိုလုပ်ပြီး ခေါ်ယူနိုင်ပါ့မလဲ။ ဒါက
သက်သေပဲလေ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အလုပ်ကို ကိုယ့်ယုံကြည်ချက်နဲ့ လုပ်သွားရုံပါပဲ။
ကိုယ့်ရပ်တည်မှုနဲ့ကိုယ် သွားရုံပဲ ရှိတော့တာပဲ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီဆို တင်ရတော့မယ်။ ငြိမ်းချမ်း
ရေးအတွက် ရှမ်းညီလာခံလုပ်ရတော့မယ်။ ရှမ်းပြည်ကကြီးတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက
များတယ်။ ပြည်သူ့စစ်ကလည်းအများကြီး၊ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ဟာ အနည်းဆုံး ခြောက်ဖွဲ့၊
ခုနစ်ဖွဲ့ တောင် မကတော့ဘူး။ ဒီလောက် မြားမြောင်လှတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့စစ်
အဖွဲ့တွေကို ပြန်လည်စုစည်းပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ခိုင်မြဲအောင်၊ တစ်သံတည်းထွက်
အောင် မနည်းပြောယူရမှာ။ လူမျိုးစုပါတီတွေကလည်း အများကြီးပဲ။ ၁၀ ပါတီလောက်ကို ရှိတာ။
အဲဒီသူတွေကိုလည်း ကျွန်တော် တို့က ပြန်စည်းရုံးယူရမှာ။ ဘာတွေပဲဖြစ်နေဖြစ်နေ မူလရည်ရွယ်
ချက်ကတော့ ရပြီးသားငြိမ်းချမ်းရေး မပျက်အောင်၊ ခိုင်မြဲသထက် ခိုင်မြဲအောင် ကျွန်တော်တို့လုပ်ရ
ဦးမှာ"ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
SNLD သည် ၁၉၉၀ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၂၃ နေရာတွင် အနိုင်ရ
ရှိခဲ့သည့်ပါတီ ဖြစ်သည်။
ဦးခွန်ထွန်းဦး ဦးဆောင်သည့် ၎င်းပါတီသည် အမျိုးသားညီလာခံကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်
ပါတီဖြစ်သည်။
ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်ကို ပုန်ကန်မှု၊ အသရေဖျက်မှု အပါ
အဝင် စွဲချက်များဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၉၀ ကျော် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
၂၀၁၂ ဇန်နဝါရီ လ ၁၃ ရက်နေ့တွင် နိုင်ငံတော်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းကျခံနေ
ရခြင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပြန်လည်လွတ်မြောက်လာပြီးနောက်ပြီးခဲ့သည့် စက်တင်ဘာ လတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
အမေရိကန်နိုင်ငံ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသည့် အထွေထွေညီလာခံ၌ သွားရောက်မိန့်ခွန်း
ပြောကြားသည့်ခရီးစဉ်တွင် လိုက်ပါရန် ဖိတ်ခေါ်ခံခဲ့ရသည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး လွတ်လာအပြီးတွင် ကျားဖြူပါတီ (SNDP) သည် သဘောထား ပျော့
ပျောင်းကြောင်း၊ SNLD နှင့် မူဝါဒချင်း ကွဲပြားကြောင်း၊ မပူးပေါင်းနိုင်ကြောင်း အမေရိကန်၌ ပြော
ကြားခဲ့သည်ဟု SNDP ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ၏ ပြောကြားခဲ့မှုအပေါ် ဦးခွန်ထွန်းဦးက ယခုလို
ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။
"ဒါကတော့ သူ ပုဂ္ဂိုလ်ရေးအရ ပြောတဲ့ကိစ္စပေါ့။ သူတို့ကတော့ ကျွန်တော်တို့နဲ့ ပေါင်းချင်နေတာ
ပေါ့လေ။ ပါတီတွေပေါင်းတယ်ဆိုတာကလည်း ကျွန်တော်တို့ ဒါကို မူတစ်ခုအနေနဲ့ထားပါတယ်။
ပါတီတွေပေါင်းတယ်ဆိုတာ ကုမ္ပဏီတွေလို ဦးဖြူ၊ ဦးဝါနဲ့ ဦးပြာ စသူတို့တွေ ငွေတွေစုပြီး ပေါင်းတာ
မျိုးမဟုတ်ဘူးလေ။ ကျွန်တော် တို့ ပါတီထောင်တယ်ဆိုကတည်းက ကျွန်တော်တို့မှာ ပါတီမူ၊ ပါတီ
စည်းကမ်း၊ ရည်ရွယ်ချက်တွေ အားလုံးရှိပြီးသားပါ။ အဓိက ဆိုချင်တာကတော့ ကျွန်တော်တို့ပါတီ
ရဲ့မူနဲ့ ဆန့်ကျင်ရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ဟုတ်ရင် ဟုတ်သလို၊ မဟုတ်ရင် မဟုတ်သလို ပြောရ
မှာက ရှိနေတာကိုး။ ကျွန်တော်တို့က သူပြောသလိုမျိုး မပေါင်းချင်ဘူးဆိုတာ မဟုတ်ဘူးဗျ။
အခြေအနေအရ ကျွန်တော်တို့ မပေါင်းခြင်းဖြစ်ပါတယ်။ သူတို့ ဒီမှာလာပြီးတော့ တွေ့တဲ့အခါ
ကျွန်တော်တို့ ဗဟိုကော်မတီဝင်တွေနဲ့လည်း တွေ့တယ်။ သူတို့ လာတုန်းက အားလုံးထင်ထားကြ
သလို ကျွန်တော့ကို ကျားဖြူပါတီထဲ ၀င်လုပ်ဖို့ ဖိတ်တာမဟုတ်ဘူးဗျ။ သူက သိန္နီနယ်မှာ (၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ အမျိုးသားလွှတ်တော်အတွက်) ၀င်ပြိုင်ပေးဖို့ ကမ်းလှမ်းတာ။
"အဲဒီမှာ ပြောကြရင်းနဲ့ မဖြစ်နိုင်သေးဘူးလို့၊ ကျွန်တော်တို့ ဗဟိုကော်မတီနဲ့လည်း မဆွေးနွေးရသေး
ဘူးလို့ ပြောလိုက်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့ ကျောခိုင်းပြီး ကျွန်တော်တို့ထွက်ခဲ့
တာပဲ။ အဲဒါကြောင့် ကျွန်တော် အပိတ်ခံရ တယ်။ ကျွန်တော် လေ့လာရင်း လေ့လာရင်းနဲ့ တိုင်းရင်း
သားတွေအတွက် ဘာမှ အာမခံချက်မရှိတဲ့ အခြေခံဥပဒေလို့ ယူဆပြီး ကျွန်တော်တို့ ထွက်ခဲ့တာပါ။
အဲဒါက တစ်ချက်ပေါ့ဗျာ။ အဲဒီကိစ္စ ကြောင့်ပဲ ကျွန်တော်တို့ အမျိုးမျိုးစွပ်စွဲခံရပြီးထောင်ကျခဲ့တာပဲ။
"ခွန်ဆာနဲ့ ဆက်သွယ်တယ်၊ ရွက်ဆစ်နဲ့ ဆက်သွယ်တယ်တို့ ဘာတို့နဲ့ အဲဒီအထိ စွပ်စွဲခံခဲ့ရတယ်။
အကယ်၍ အဲဒါ မှန်တယ်ဆိုရင် ကျွန်တော်လွတ်လာပြီး သုံးလေးလလောက်မှာ နိုင်ငံတော်က
ကျွန်တော့ကို ကော်မရှင်တစ်ခုထဲမှာ ထည့်မှာ မဟုတ်ဘူးလေ။
"အဲဒီအချိန်တုန်းက SSGAC လိုခေါ်တဲ့ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီဖွဲ့ခဲ့တာ ၁၉၉၆
ခုကဖွဲ့ခဲ့တာ။ ဖွဲ့ခဲ့တုန်းက အတွင်းရော အပြင်ရောပေါ့။ ဖွဲ့စဉ်အခါကလည်း ကျွန်တော်တို့ရဲ့ ပင်ကို
အသိ၊ ပင်ကိုအတွေ့အကြံုတွေနဲ့ ဖွဲ့ခဲ့တာပါ။
"အများတကာက ငြိမ်းချမ်းရေးအဖွဲ့ကို ခုတုံးလုပ်ပြီး စီးပွား ရေးလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့
တစ်ပြားတစ်ချပ်မှ အခွင့်အရေးမယူခဲ့ဘူး။ နောင် ပြဿနာရှုပ်မယ်၊ ကင်းကင်းရှင်းရှင်းပဲ နိုင်ငံရေး
အလုပ်ပဲ လုပ်ချင်တယ်။ ခင်ဗျားတို့ကြိုက်ရင် လက်ခံ၊ မကြိုက်ရင်လည်း လာပြော၊ ဆွေးနွေးယူလို့
ရတယ်လို့ ပြောခဲ့တယ်။ ဒါတွေနဲ့ပတ်သက်လာလို့ရှိရင်၊ အကျင့်စာရိတ္တနဲ့ပတ်သက်လာရင်
ကျွန်တော်တို့ SNLD အနေနဲ့ အထိအခိုက်မခံချင်ဘူး။ ဘာ ကြောင့်လဲဆိုရင် ကျွန်တော်တို့သွားရ
မယ့် ခရီးလမ်းကကြမ်းတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့က ယုံကြည်ချက်တစ်ခု အနေနဲ့ လုပ်
နေကြတယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အဓိကကတော့ ပြည်သူလူထုအတွက် ကျွန်တော်တို့
မူဝါဒက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ထောင်ချင်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ
တုန်းကလည်း ဒီဖက်ဒရယ်မူနဲ့ပဲ တိုက်ပွဲဝင်ခဲ့တာပဲ။ အဲဒီလို မူအတိအကျနဲ့ပြောခဲ့တယ်။ သူတို့
အပေါ်မှာလည်း ဆက်ဆံခဲ့တယ်။
"အဲဒီမူနဲ့ စလာခဲ့တာ အခုထိပါပဲ။ SSA က ကျွန်တော်တို့ကို လက်ခံလာခဲ့တယ်။ နောက်ပြီးတော့
SSUP လည်း ကျွန်တော်တိုရဲ့ ဦးဆောင်မှုကို လက်ခံလာခဲ့တယ်။ အခုဆိုရင်လည်း ရွက်ဆစ်တို့
အဖွဲ့လည်း ကျွန်တော်တို့ရဲ့ ဦးဆောင်မှုကို လက်ခံလာခဲ့တယ်။ ကျွန်တော်တို့ ရှမ်းဖိုရမ်လုပ်တုန်း
ကလည်း ငြိမ်းချမ်းရေးအဖွဲ့ လေးဖွဲ့ ဖိတ်နိုင်ခဲ့တယ်။ ဒါကို ဦးအောင်မင်းလည်း အသိပါပဲ။
"ကျွန်တော်တို့သာ မြဲမြံတဲ့မူ၊ ခိုင်မာတဲ့မူကို မကိုင်ထားခဲ့လို့ ရှိရင် ကျွန်တော်တို့ ပါတီလည်း အချို့
သော အခြားပါတီတွေလို ဖြစ်သွားမှာပဲ။ ကျွန်တော်တို့မှာ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ တစ်
ယောက်မှ မရှိပါဘူး။ မရှိပေမယ့်လည်း (ကြွားတာတော့ မဟုတ်ပါဘူး) ကျွန်တော်တို့ခံယူချက်
ကြောင့် NED ဘွဲ့လည်း ရခဲ့တယ်။ သမ္မတအိုဘားမား ဖိတ်ခဲ့တာ ရှမ်းပါတီနဲ့ ကရင် တစ်ယောက်ပဲ
ရှိခဲ့တာကိုး။ ဆိုလိုတာက ကျွန်တော်တို့သာ မူပေါ် မှာ မရပ်တည်ခဲ့လို့ရှိရင် ကျွန်တော်တို့ ဒီလိုမျိုး
အသိအမှတ်ပြုခံရ မှာမဟုတ်ဘူး။
"သူတို့လာပြီး သိန္နီမှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့ပြောတဲ့ အခါမှာ ကျွန်တော်က မင်းတို့ ငါကို
တော့ သိန္နီမှာ ၀င်ခိုင်းတယ်၊ ကလောမှာကျတော့ စောသာဦးကို ကိုယ်စားလှယ်အနေနဲ့ ပေးထား
တယ်။ ၀င်ခိုင်းထားတယ်။ အဲဒါကိုတော့ လုံးဝသတိထားပါ။ ငါတို့က ဘယ်လိုနည်းနဲ့မှ အသိအမှတ်
မပြုနိုင်ဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ အမှုအခင်းဖြစ်စဉ်တုန်းက အစိုးရဘက်က သက်သေက
စောသာဦးဖြစ်နေတယ်။ ငါတို့အားလုံး လူရှစ် ယောက်လောက်ကို ကြိုးစင်တင်ပေးလိုက်တာ
စောသာဦးလို့၊ အဲဒါကို မင်းတို့က လက်ခံမယ်ဆိုရင် တို့ဆီ တစ်သက်လုံးမလာ နဲ့လို့ ကျွန်တော်
ဗြောင်ပဲပြောလိုက်တယ်။ အဲဒီလို အခြေအနေ နဲ့တော့ မပေါင်းနိုင်ဘူးလို့။ တခြားလူဆိုရင်တော့
ခံသာတယ်လို့။ ငါတို့ကို ကြိုးစင်တင်ဖို့ လုပ်ခဲ့သူကို မင်းတို့က ကိုယ်စားလှယ် အဖြစ် အရွေးခံခိုင်း
တယ်ဆိုရင်တော့ သိပ်လွန်သွားပြီလို့ ကျွန်တော် ဗြောင်ပဲ ပြောလိုက်တယ်။ ကျွန်တော်တို့က သူတို့
နဲ့ပေါင်းဖို့ဆိုတာ အများကြီးလိုပါသေးတယ်။ နိုင်ငံရေးအနေအထားအရဆိုရင် ၂၀၁၅ ဆိုတာလည်း
ဘယ်လိုဖြစ်လာမလဲမသိဘူး။ ၂၀၁၅ ကို သွားဖို့အတွက် Constitution ကို ပြင်ရမယ်။
"ဒီ Constitution နဲ့ သွားမယ်ဆိုရင် တိုင်းရင်းသားတွေအားလုံးရချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်မူဆို
တာ မဖြစ်လာနိုင်ဘူးဗျ။ ၂၅ ရာခိုင်နှုန်းလည်း ရှိသေးတယ်။ လုပ်ပိုင်ခွင့်မှာလည်း အကန့်အသတ်
တွေ များနေတယ်။ ဒီ Constitution ကို ပြင်ရမယ်။ ကျွန်တော်တို့အနေနဲ့ အဆုံးကို မသိသေးဘဲနဲ့
ပူးပေါင်းမယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ကလည်း စီးပွားရေးဘက် ဦးတည်ပြီးလုပ်နေတယ်။ စီးပွား
ရေးဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ အကယ်၍ မှားခဲ့လို့ရှိရင် အများကြီး သိက္ခာကျနိုင်တယ်။
"ကျွန်တော် အခု လှုပ်ရှားနေတာက အင်အားပြန်စုတယ်၊ တချို့ လူတွေ ပြန်ဝင်လာတယ်။ ရှိတဲ့
အင်အားလေးနဲ့ စည်းရုံးရေးလုပ်တယ်။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အနက် သုံးဖွဲ့
လောက်က ကျွန်တော်တို့ကို ထောက်ခံတယ်။ ကျွန်တော်တို့ကို ဦးဆောင်မှုပြုပါလို့ ဆိုထားပါ
တယ်"ဟု ၎င်းကပြောသည်။















