ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက်အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အနေဖြင့် လွှတ်တော်
အတွင်း အမျိုးသမီးအမတ်ဦးရေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါ၀င်ခွင့်ရရှိရေးအတွက် ပြည်တွင်း၊
ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။
"နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါ၀င်နိုင်ရေးအတွက် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံနဲဲ့ ပတ်သက်ပြီး
ပထမဆုံးအဆင့် အမျိုးသမီးပါ၀င်ခွင့်ကို ၃၀ ရာခိုင် နှုန်းရအောင် တွန်းအားပေးပါ့မယ်"ဟု WLB ၏
တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ စောစံငြိမ်းသူက ယခုလ ၁၈ ရက် နေ့ကရန်ကုန်မြို့တွင်
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
အမျိုးသမီးအခွင့်အရေးများကို အခြေခံကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း
များ အတွက် လှုပ်ရှားဆောင်ရွက်နေသော WLB မှ အဖွဲ့ဝင်ခြောက်ဦးသည် ဒီဇင်ဘာလ ၁၁ ရက်
နေ့မှ ၁၈ အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ
များ၊ အမျိုးသမီးရေးရာအဖွဲ့အစည်းများအပါအဝင် အခြားသော လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံ
ကာ လက်ရှိ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များအပေါ် ဆွေးနွေး ခြင်း၊ နိုင်ငံရေးရပ်တည်ချက်၊
ငြိမ်းချမ်းရေး မူဝါဒများနှင့် အမျိုးသမီးများ၏အခန်း ကဏ္ဍများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်း
သိရသည်။
"ကျွန်မတို့ အဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေးတဲ့အခါမှာ အားရစရာကောင်းတဲ့အချက်ကတော့ ပါတီ
၀င်အမျိုးသမီး တွေကို လွှတ်တော်ထဲရောက်အောင် ၀င်ပြိုင်ဖို့ ဆန္ဒရှိတဲ့ အချက်ပါပဲ။ ဒါကနေ တစ်
ဆင့် ပါလီမန်ထဲမှာ အမျိုးသမီးအမတ်တွေ ပိုမိုရောက်အောင်လုပ်လို့ရ တယ််" ဟု WLB ၏အထွေ
ထွေအတွင်းရေးမှူးဒေါ်တင်တင်ညိုက ပြောသည်။
အဆိုပါအဖွဲ့ချုပ်ကို ၁၉၉၀ ပြည့်နှစ် က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့
ပေါင်း ၁၃ ဖွဲ့ဖြင့် ပူးပေါင်းကာ အမျိုးသမီးများအခွင့်အရေးများ လှုပ်ရှားမှုများ၊ ဒုက္ခသည်များနှင့်
ရွှေ့ပြောင်းအလုပ်သမားများအား စောင့်ရှောက်ကူညီလျက်ရှိကြောင်းသိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်
ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းနှင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် နှစ်ကြိမ်ခန့် တွေ့ဆုံ
ခဲ့ပြီးဖြစ်သည်။
"အဓိကကတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေပါပဲ "ဟု
ဒေါ်တင်တင်ညိုက ပြောကြားသည်။















