အဲပုဂံလေယာဉ်ပျက်ကျခဲ့ရသည့် အကြောင်းရင်းမှန်အား စင်ကာပူ၌ စုံစမ်းစစ်ဆေးပြီးမှသာ သတင်းထုတ်ပြန်ကြေညာမည်

အဲပုဂံလေယာဉ်ပျက်ကျခဲ့ရသည့် အကြောင်းရင်းမှန်အား စင်ကာပူ၌ စုံစမ်းစစ်ဆေးပြီးမှသာ သတင်းထုတ်ပြန်ကြေညာမည်

အဲပုဂံလေကြောင်းလိုင်းမှ ပြည်တွင်း ပြည်ပခရီးသည် စုစုပေါင်း ရ၁ ဦးတင်ဆောင်လာခဲ့သော
ဖော်ကာလေယာဉ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက် ၈နာရီ ၅၁ မိနစ်ခန့်တွင် ဟဲဟိုးလေဆိပ်သို့
ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပေါ်ခဲ့ ရာ အဆိုပါမတော်တဆပျက်ကျမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်း
မှန်အား စင်ကာပူနိုင်ငံ၌ စုံစမ်းစစ်ဆေးပြီးမှသာ သတင်းအတိအကျ ထုတ်ပြန်ကြေညာ နိုင်လိမ့်မည်
ဟု အဲပုဂံလီမိတက်မှ တာဝန် ရှိသူများက ဒီဇင်ဘာလ ၂၆ ရက်နေ့က ကန်တော်ကြီးပဲလေ့စ်
ဟိုတယ်၌ ပြုလုပ်သည့် အထူးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"လေယာဉ်မှာပါတဲ့ Black Box လို့ ခေါ်တဲ့ အနက်ရောင်သေတ္တာကို စင်ကာပူနိုင်ငံပို့ပြီး လေယာဉ်
ပျက်ကြရခြင်းရဲ့ အကြောင်းရင်းမှန်ကို စစ်ဆေးမှာပါ။ အဲဒီစစ်ဆေးမှုပြီးမှပဲ အကြောင်းရင်းမှန်ကို
ကျွန်တော်တို့ လည်းသိရမှာပါ။ လောလောဆယ်တော့ ဖြစ်စဉ်အတွင်း သေဆုံးသွားသူ၊ ဒဏ်ရာ
ရသူတွေအတွက် အစစအရာရာ အဲပုဂံ ကနေ တာဝန်ယူလုပ်ပေးနေပါတယ်"ဟု အဲပုဂံလီမိတက်
အင်ဂျင်နီယာဌာနမှ ဒါရိုက်တာဖြစ်သူ ဦးလှိုင်ဘွားက ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန်ခရီးစဉ် ပျံသန်း ပြေးဆွဲသော အဲပုဂံ၏
ဖော်ကာ လေယာဉ် XY-AGC လေယာဉ်အမျိုး အစားဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း
ခြောက်ဦး၊ နိုင်ငံခြားခရီးသွားဧည့်သည့် ၄၈ ဦးနှင့် ပြည်တွင်းခရီးသွားဧည့်သည် ၁၇ ဦး စုစုပေါင်း ရ၁
ဦး စီးနင်းလိုက်ပါလာခဲ့သည်။

လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ တောင်ဘက်မှ မြောက်ဘက်သို့ ချဉ်းကပ် ဆင်းသက်စဉ်
လေယာဉ်ပြေးလမ်းထိပ် မှ တစ်မိုင်ခန့် အကွာရှိ၊ အရှေ့၊ အနောက် သွယ်တန်းထားသော ကလော
-အောင်သပြေ ၆၆ ကေဗွီအေ ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး တစ်ဖန်
တောင်ကြီး-မိတ္ထီလာ ကားလမ်းဘေးရှိ သစ်ပင်တန်းအား ဆက်လက်တိုက်မိကာ အနီးရှိ လယ်ကွင်း
ထဲသို့ လျှောတိုက်ရပ်တန့်သွားခြင်းဖြစ်သည်။

ထို့နောက် ခရီးသည်များအား အမြန်ဆုံး လေယာဉ်ပြင်ပသို့ ခေါ်ထုတ်ပြီး နှစ်မိနစ်ခန့်အကြာတွင်
လေယာဉ်မှာ မီးစတင် လောင်ကျွမ်းခဲ့သည်။

ပျက်ကျခဲ့သည့် လေယာဉ်ပျံ မီးစတင်လောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - မြဝတီမီဒီယာ

အဆိုပါဖြစ်စဉ်ကြောင့် ရပ်စောက်မြို့နေ ခရီးသွား ဧည့်လမ်းညွှန်ဖြစ်သူ မနွယ်လင်းရှိန်နှင့် လေယာဉ်
ဆင်းသက်စဉ် ထိခိုက်မှုကြောင့် ကားလမ်းပေါ်တွင် မောင်းနှင်လျက်ရှိသော မော်တော်ဆိုင်ကယ်
တစ်စီး မီးစလောင်ပျက်စီးခဲ့သဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ ဦးပြားဆိုသူတို့မှာ သေဆုံး
ခဲ့သည်။

ထို့ပြင် ဒဏ်ရာရရှိခဲ့သော အမေရိကန် နိုင်ငံသားနှစ်ဦး၊ ပြင်သစ်နိုင်ငံသူ တစ်ဦး၊ တိုင်ပေနိုင်ငံသား
တစ်ဦး စုစုပေါင်းနိုင်ငံခြား ခရီးသည် လေးဦးနှင့်အတူ လေယာဉ်မှူးနှစ်ဦး၊ အခြားဧည့်လမ်းညွှန် နှစ်ဦး
နှင့် မော်တော်ဆိုင်ကယ်စီးနင်းသူတစ်ဦး စုစုပေါင်း ကိုးဦးတို့အား တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ
သို့ တင်ပို့ကုသပေးခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရ နိုင်ငံခြားခရီးသည်များအနက် အမေရိကန် နိုင်ငံသားစုံတွဲအား အဲပုဂံလေကြောင်းလိုင်း
အစီအစဉ်ဖြင့် ဟဲဟိုးမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုက်ရိုက်ပို့ ဆောင်ပေးခဲ့ကြောင်း သိရှိရ
သည်။


လေယာဉ်ပျံပျက်ကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားနောက် မီးငြိှမ်းသတ်ပြီးကျန်ရှိနေခဲ့သည့် အကြွင်းအကျန်အစိတ်အပိုင်းများကို ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - မြဝတီမီဒီယာ


လေယာဉ်ပျက်ကျခြင်းနှင့်ပတ်သက်ပြီး လေကြောင်းနည်း ဥပဒေ ရ၅ အရ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်
ဥက္ကဋ္ဌအဖြစ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့်
အဖွဲ့ဝင်လေးဦးပါ၀င်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ပို့ဆောင်ရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်
သည်။

"ဒီ Black Box ကို စင်ကာပူနိုင်ငံပို့ ဖို့အတွက် စီစဉ်နေပါတယ်။ ဒီနေ့တောင် လေယာဉ် အသံဖမ်း
ကိရိယာတစ်ခုထပ် တွေ့ပါတယ်။ ဒါတွေအားလုံးကိုစုပြီး တော့မှ စင်ကာပူကိုပို့ပေးရမှာပါ။ အဲဒီမှာ
စုံစမ်းစစ်ဆေးမှုက ဘယ်လောက်ကြာမလဲဆိုတာတော့ ကျွန်တော်တို့ အတိအကျပြောလို့မရပါဘူး။
ဒါပေမယ့် လချီပြီးကြာတာတော့လည်း မဟုတ်ပါဘူး။ အဓိက အချိန်ကိုတော့ စင်ကာပူဘက်နဲ့
ညှိနှိုင်းရပါမယ်။ ကျွန်တော်တို့လည်း အခု ဟဲဟိုးမှာပဲရှိပါသေးတယ်။ ဒီအတွက် လိုအပ်တဲ့အပိုင်း
တွေ အကုန်လုပ်နေပါတယ်။ လောလောဆယ်တော့ စင်ကာပူကို မပို့ရသေးပါဘူး။ ဒီက ပို့ပေးရမယ့်
ပစ္စည်းစုံလင်တာနဲ့ စင်ကာပူကိုပို့ပြီး လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းမှန်ကို ဖော်ထုတ်ရမှာ
ဖြစ်ပါတယ်"ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

လေယာဉ်ထဲ၌ လိုက်ပါလာသော နိုင်ငံခြား ခရီးသွားဧည့်သည်များအနက် တစ်ဦးဖြစ်သူ ဂျာမနီနိုင်ငံ
မှ စာနယ်ဇင်းသမား Ms. Sabine Hawpel က လေယာဉ်မှာ ပုံမှန်ပျံသန်းနေပြီး ပုံမှန် အတိုင်းဆင်း
သက်နေစဉ် ရုတ်တရက် ပျက်ကျမှုဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောသည်။

"လေယာဉ်ကပုံမှန်လေး ပျံသန်းနေတာပါ။ ကျွန်မတို့တောင် လေဆိပ်ကို လေယာဉ်ပေါ်ကနေ လှမ်း
မြင်ပါတယ်။ ဆင်းခါနီးမှာ ရုတ်တရက် အရှိန်ပြင်းပြင်း နဲ့ဆောင့်ပြီး ဆက်တိုက်လျှောတိုက် ဆောင့်
တော့မှ ခရီးသည်တွေစပြီး အော်တဲ့သူအော်၊ ငိုတဲ့သူငိုဖြစ်ကုန်ကြတယ်။ နောက်စက္ကန့်ပိုင်းအတွင်း
မှာပဲ မီးစလောင်ပြီး မီးခိုးတွေထွက်လာပါတယ်။ မီးက အရှေ့ဘက်နဲ့အနောက်ဘက်တွေမှာ
စလောင်ပါတယ်။ တကယ့်ကို စက္ကန့်ပိုင်းအတွင်းမှာဖြစ်သွားတာပါ။ ခရီးစဉ်တစ်လျှောက်လုံး ပေါ့ပေါ့
ပါးပါးနဲ့ စီးလာခဲ့ပါတယ်။ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ကျွန်မအထင် လေယာဉ်မှူးလမ်းမှားဆင်းလို့
ဖြစ်ရ တာပါ။ ဒါကိုတော့သူရှင်းရမှာပေါ့"ဟု ၎င်း၏ အတွေ့အကြံုအား ပြန်လည် ပြောကြားသည်။

ထို့ပြင် အခြားဂျာမန်ခရီးသွား ဧည့်သည်တစ်ဦးကလည်း လေယာဉ်ပျက်ကျခြင်း အဓိကအကြောင်း
ရင်း မှာ လေဆိပ်မှ လေယာဉ်ဆင်းသက်ရန် လမ်းညွှန်မှု မှားယွင်းခြင်းကြောင့် ဖြစ်နိုင် ကြောင်း
ပြောသည်။

ပျက်ကျသည့်လေယာဉ်ပျံနှင့် တိုက်မိခဲ့သည့် မော်တော်ဆိုင်ကယ်။ ဓာတ်ပုံ - မြဝတီမီဒီယာ

"ဒီဖြစ်စဉ်ရဲ့ အဓိကအကြောင်းအရင်း က လေဆိပ်ရဲ့ မှားယွင်းမှုလို့ ထင်ပါ တယ်။ လေဆိပ်က
လေယာဉ်ဆင်းသက်မှု လမ်းကြောင်း မှားညွှန်းတာဖြစ်နိုင်ပါတယ်။ လေယာဉ်မဆင်းမီ သတိထားမိ
တာက ပထမဦးတည်တဲ့ လမ်းကြောင်းအရဆို လေဆိပ်ကိုမြင်ရပါသေးတယ်။ ဒါပေမယ့် လေယာဉ်
နောက်ဆုံးဆင်းဖို့ ရွေးလိုက်တဲ့ လမ်းကြောင်းအရဆို အောက်က ဘာဆိုဘာမှမမြင်ရပါဘူး"ဟု
အသက် ၅၉ နှစ်အရွယ် အသေးစား လေယာဉ်များ မောင်းနှင်သည့် အတွေ့အကြံုရှိသူ ဂျာမန်နိုင်ငံ
သား မစ္စတာ Tavpitz ကပြောသည်။

"ကျွန်မအထင် နှစ်နာရီလောက် ကျွန်မတို့ ဘာလုပ်ရမှန်းကို မသိဖြစ်နေတာပါ။ အဲဒီနောက်မှာတော့
ခန်းမလို တစ်နေရာမှာ ကျွန်မတို့ကိုထားပါတယ်။တချို့တွေလည်း အဲဒီမှာပဲ လှဲနေကြရ တယ်။
သက်ဆိုင်ရာ အစိုးရလူကြီးတွေ၊ ရဲတွေတော့ လာကြည့်သွားပါတယ်။ တစ်ဖက်က ကံဆိုးသလို၊
တစ်ဖက်က လည်း ကံကောင်းတယ်လို့ပဲ ပြောရမှာပါ။ လေကြောင်းလိုင်းက ဘာလုပ်ပေးမလဲ
ဆိုတာ ကျွန်မတို့လည်း စောင့်ကြည့် နေပါတယ်" ဟု Ms. Sabine Hawpel က ပြောသည်။

လေယာဉ်ပျက်အကြွင်းအကျန်များကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ များက ဒီဇင်ဘာလ ၂၆ ရက်နေ့က လာရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အဲပုဂံလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးထူးသက်ထွေးက အဲပုဂံ လေကြောင်းလိုင်းအနေ
ဖြင့် ယခုဖြစ်စဉ်အတွက် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် လိုအပ်သည်များ
အားလုံး စီစဉ်ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတစ်ဦးလျှင် အမေရိကန်ဒေါ်လာ
၂,၀၀၀ နှင့် ကျပ်ငွေ သုံးသိန်း ပေးထားကြောင်းသိရှိရသည်။

ယခုဖြစ်စဉ်အတွင်း ပျက်စီးသွားသော လေယာဉ်မှာ ၁၉၉၂ ခုနှစ်ထုတ် ဖော်ကာ-၁၀၀ အမျိုးအစား
လေယာဉ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် British Midland International မှ အဲပုဂံက ၀ယ်ယူခဲ့ခြင်းဖြစ်ရာ
လေယာဉ်အသုံးပြုနေသည့် သက်တမ်းမှာ နှစ်ပေါင်း၂၀ ကျော်ရှိပြီဖြစ်သည်။

အဲပုဂံလေကြောင်းလိုင်းအား ထူးထရေးဒင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇက ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင်
စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး