လူကုန်ကူးမှု၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံတွင် အဓမ္မထိမ်းမြားလက်ထပ်မှုပြုရန် ရောင်းစားခံနေရခြင်းဖြစ်

လူကုန်ကူးမှု၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံတွင် အဓမ္မထိမ်းမြားလက်ထပ်မှုပြုရန် ရောင်းစားခံနေရခြင်းဖြစ်

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေး ဒုတိယမြောက် ငါးနှစ်စီမံကိန်းကို ဆောင်ရွက်
လျက်ရှိပြီး လူကုန် ကူးမှုများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ် နိုင်ငံတွင် အဓမ္မထိမ်းမြားလက်ထပ်မှု
ပြုရန် ရောင်းစားခံနေရခြင်းဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ညွှန်ကြားရေးမှူး ဦးရာလျန်မုန်း
က ပြောသည်။

"မြန်မာနိုင်ငံတွင်းက တိုင်းနဲ့ ပြည်နယ် တွေမှာရှိတဲ့ မြို့နယ် ၄၂ မြို့နယ်မှာ လူကုန် ကူးမှုအများဆုံးဖြစ်တာ တွေ့ရတယ်။ တရုတ်မှာ အိမ်ထောင်စုတစ်ခု ကလေး တစ်ယောက် ဥပဒေကျင့်သုံးတဲ့ အချိန်က စပြီး မြန်မာမိန်းကလေးတွေကို အဓမ္မ လက်ထပ်ဖို့အတွက် ရောင်းစားခံရတဲ့ အမှုတွေ များလာတယ်" ဟု ဒီဇင်ဘာလ ၁၄ ရက်တွင် ကျင်းပသော လူကုန်ကူးမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ တွင် ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၊ ၁၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံ၊ ခြောက်ရာ ခိုင်နှုန်းမှာ မလေးရှားနိုင်ငံသို့ ပို့ဆောင် ခံရခြင်းဖြစ်ပြီး ပြည်တွင်းလူကုန်ကူးမှုမှာ လေးရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှထုတ်ပြန်သော စာရင်း ဇယားအရ သိရသည်။ "ဒီလို လူကုန်ကူးမှုတွေက ရဲဌာန တစ်ခုတည်းကပဲ ဖမ်းဆီးနေရုံနဲ့ အမှု မကျသွားနိုင်ဘူး။ တိုင်းပြည်က ဆင်းရဲ နွမ်းပါးမှုလျော့ကျဖို့ လိုတယ်။ နယ်စွန် နယ်ဖျားတွေအထိလည်း အသိပညာ ပေးဖို့လည်း လိုအပ်တယ်။ အခုဆို မြန်မာ အမျိုးသမီးငယ် တော်တော်များများကို တရုတ်ပြည်အတွင်းပိုင်းအထိကို တော် တော် ပျံ့နှံ့နေတယ်။ ဆိုက်ဘေးရီးယား နယ်စပ်အထိကို ရောက်နေတာ တွေ့ရ တယ်။ စုစုပေါင်းမှန်းခြေအရ တရုတ် ပြည်ထဲမှာ လူကုန်ကူးခံရပြီး ရောက်ရှိနေ တဲ့ မြန်မာအမျိုးသမီးတွေက သိန်းဂဏန်း အထိ ရှိမယ်လို့ မှန်းတယ်"ဟု ၎င်းက ပြောသည်။ မြန်မာအမျိုးသမီးများသည် ထိုင်း နိုင်ငံနှင့် မလေးရှားနိုင်ငံများတွင်မူ တိုက် ရိုက် လူကုန်ကူးခံရခြင်းထက် တရားမဝင် အလုပ်လုပ်ကိုင်ရာမှတစ်ဆင့် လိင်မှုဆိုင် ရာ ခေါင်းပုံဖြတ်မှုအတွက် နည်းမျိုးစုံ လူကုန်ကူးခံရခြင်းနှင့် ထိုင်းမှတစ်ဆင့် မလေးရှားသို့ သွေးဆောင်ဖြားယောင်း ပြီး ပြည့်တန်ဆာပြုခြင်းများနှင့် ကလေး ငယ်များအား အဓမ္မတောင်းရမ်းစေခိုင်း မှုများ ဖြစ်ပွားနေကြောင်း ပြောသည်။ တရုတ်နိုင်ငံသို့ လိမ်လည်ရောင်းစား ခံရပြီးနောက် ထွက်ပြေးလွတ်မြောက် လာသူတစ်ဦးဖြစ်သူ မမိုးမိုးက တရုတ် နိုင်ငံတွင်းသို့ ပွဲစား သုံး၊ လေးဦးခန့်မှ တစ်ဆင့် ရောက်ရှိသွားပြီး ၎င်းကဲ့သို့ ရောင်းစားခံရသော မြန်မာအမျိုးသမီး များကို မြင်တွေ့ခဲ့ရကြောင်း ပြော သည်။ "ကျွန်မကိုလက်ထပ်ဖို့ ၀ယ်ထားတဲ့ တရုတ်နဲ့ အပြင်ထွက်ရင်း သူက အိမ်သာ ထဲဝင်နေတုန်း ထွက်ပြေးပြီး ရဲကို အကူ အညီတောင်းပြီး ပြန်ရောက်လာတာပါ။ သူတို့က လက်ထပ်ပြီးလို့ သားယောက်ျား လေး မွေးပေးရင် အတည်ယူတယ်။ အလုပ်ကြမ်းတွေ ခိုင်းစားတယ်။ မိန်းကလေးမွေးရင်တော့ ကလေးကို သတ်ပြီး ယောကျ်ားလေး မရမချင်း မွေးပေးရတယ်။ နောက် မမွေးနိုင်တော့ ရင် လယ်စိုက်၊ စက်ရုံအလုပ်လုပ်ပေါ့။ နှိပ်စက်ခံထားရတာတွေလည်း တွေ့ တယ်။ ကျွန်မကို ရောင်းမစားခင် ပွဲစားက တရုတ်ဆေးခန်းမှာ ကျန်းမာရေး စစ် ဆေးတယ်။ ကလေးမွေးနိုင်၊ မမွေးနိုင်ကို အဓိက စစ်ဆေးတယ်။ အလုပ်ရမယ် လို့လိမ်ပြီး ရောင်းစားတဲ့ပွဲစားက အမျိုး သမီးတွေပါပဲ"ဟု ၎င်းက ပြောသည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယမြောက် ငါးနှစ်စီမံကိန်းအရ မူဝါဒ နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင် တားဆီးကာကွယ်ရေး၊ တရားစွဲဆိုရေး နှင့် လူကုန်ကူးခံရသူများအား ကာကွယ် စောင့်ရှောက်ရေးနှင့် စွမ်းရည်မြှင့်တင် ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပါရှိသည်။ "ရုပ်မြင်သံကြားမှပြနေတဲ့ ပညာပေး ရုပ်ရှင်ကားတွေထဲက ကြံုခဲ့ရတာတွေက တစ်ထပ်တည်းပါပဲ။ မြန်မာအမျိုးသမီး တွေက အမျိုးမြတ်ပါတယ်။ ဒီလို သူများ နိုင်ငံမှာ အဓမ္မ လက်ထပ်ခံရပြီး ကလေး မွေးပေးရတာ၊ ခိုင်းစားခံနေရတာ၊ နှိပ်စက်ခံတာတွေက ရင်နင့်စရာပါပဲ။ ပညာပေးတာတွေကို မြင်နေသိနေပါ တယ်။ ဒါပေမယ့် လက်တွေ့မှာ စားရေး သောက်ရေး အခက်အခဲဖြစ်လာတော့ ဘာကိုမှ သတိမထားမိတော့ဘဲ ယုံပြီး သွားမိတာပါ"ဟု မမိုးမိုးက ပြောသည်။ အဆိုပါ လူကုန်ကူးခံရသူများက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး နောက်ပိုင်းတွင် ပြန်လည်နေရာချထား ရေးပိုင်းတွင် ထိရောက်အောင် ကူညီနိုင် မှုမရှိသေးဟု ညွှန်ကြားရေးမှူး ဦးရာလျန် မုန်းက ပြောသည်။ "လူမှုဝန်ထမ်း ပြန်လည်နေရာချထား ရေးနဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေပူးပေါင်းပြီး ပြန်လာဖို့ ဆောင်ရွက်ပေးတယ်။ ပြန်ရောက်ရင် တစ်နှစ်ကနေ သုံးနှစ်ထိ သူတို့အခြေ အနေကို ပြန်ကောင်းလာတဲ့အထိ စောင့် ကြည့်ပေးတယ်။ ဒါပေမယ့် အဲဒါကို အားမရဘူး။ ပြန်လာတဲ့သူတွေကို ထိရောက်အောင် ကူညီပေးနိုင်မှုမရှိ သေးပါဘူး။ "လူကုန်ကူးခံရတဲ့သူတွေက စိတ်ပိုင်း ဆိုင်ရာ ထိခိုက်သွားတယ်။ စိတ်မမှန် တော့ဘူး။ ဒါကြောင့် နည်းပညာပိုင်းဆိုင် ရာ အထောက်အကူပြုပေးဖို့ လိုတယ်။ ဆေးဝါးဆိုင်ရာ အထောက်အပံ့တွေလို အပ်တယ်။ သူတို့ကို စားနိုင်သောက်နိုင် ဖြစ်ဖို့တောင် မနည်းလုပ်ပေးနေရတာပါ။ သူတို့က ဒီမှာ ဒုက္ခရောက်လို့သွားတာ ပြန်လာတော့လည်း အဲဒီဒုက္ခက သံသရာလည်နေတုန်းပါပဲ"ဟု ၎င်းက ပြောသည်။ ၂၀၀၇ ခုနစ်မှ ၂၀၁၁ ခုနစ်အတွင်း လူကုန်ကူးသူ တရားခံများ၏ ၆၅ ရာခိုင် နှုန်းခန့်သည် အမျိုးသမီးများမှ ကျူးလွန် ခဲ့ကြပြီး လူကုန်ကူးခံရသူတွင် အမျိုးသမီး ပါ၀င်မှုသည် ၈၅ ရာခိုင်နှုန်းရှိကြောင်း၊ ကလေးသူငယ်လူကုန်ကူး ခံရမှုမှာ ၄ ဒသမ ၃၈ ရာခိုင်နှုန်းအထိ ဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး