ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာထိပ်ပိုင်း ခေါင်းဆောင်များက လုပ်ငန်း
များ မြန်ဆန်ရေးအတွက် ဆောင်ရွက်နေသည့် တစ်ပြိုင်တည်းမှာပင် စီမံကိန်းအတွင်း ပါ၀င်သော
ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးများကို ဒေသခံ ခြံပိုင်ရှင်များ၏ ဆန္ဒအတိုင်း သီးနှံလျော်ကြေး
ပုံစံဖြင့်သာ ပေးလျော်လျက်ရှိကြောင်း ဒေသခံများနှင့် စီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။
"အရင်တုန်းကလည်း သီးနှံလျော်ကြေး ပုံစံနဲ့ပဲ ပေးတာပါ။ အခုကျတော့ သီးနှံနဲ့ မပေးဘူး။ ဧက
အလိုက်ပေးမယ်ဆိုပြီး ရွာသားနဲ့ ညှိတာပေါ့။ ဒါပေမယ့် ရွာသား တွေက လက်မခံတော့ ပြဿနာ
ဖြစ်ကြ တာ။ အခုတော့ သီးနှံပေါ်မှာပဲတွက်ပြီး ပေးမယ်ပြောတယ်။ ရွာသားတွေလည်း ကျေနပ်ပါ
တယ်"ဟု ထားဝယ်ဖွ့ံဖြိုး တိုးတက်ရေးအဖွဲ့ဝင် ကိုလေးလွင်က ပြောသည်။
ယခုညှိနှိုင်းပေးသော လျော်ကြေးငွေမှာ နှစ်နိုင်ငံဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်ရာ၌ ဖြတ်
သန်းမည့် လမ်းတစ်လျှောက်တွင် ပါ၀င်သော ဥယျာဉ်ခြံ များအတွက်ဖြစ်ပြီး ရော်ဘာ တစ်ပင်လျှင်
ကျပ်သုံးသောင်းမှ တစ်သိန်းအထိ သက်တမ်းပေါ်မူတည်ကာ အပင်အရေအတွက်အတိုင်း တွက်
ချက်ပေးကြောင်း သိရသည်။
"နို၀င်ဘာတုန်းကလည်း ဒီအတိုင်း ညှိထားတာ။ ဒါပေမယ့် ဒီလ ၅ ရက်နေ့ မှာ တနင်္သာရီတိုင်း
ဒေသကြီး ၀န်ကြီးချုပ် ကိုယ်တိုင် လာပြီးညှိတယ်။ ရွာသားမခေါ်ဘူး။ လူကြီးငါးယောက်ပဲပါတယ်။
ကျွန်တော်တို့လည်း သတင်းကြားပြီး အကုန်လိုက်သွားတာ။ ဟိုရောက်တော့ သူတို့က အပင်လိုက်
မပေးဘူး။ တစ်ဧကကို သိန်း ၈၀ ပေးမယ်ပြောတယ်။ သူတို့ ပြောတာတော့ တစ်ဧကကို အကြမ်း
ဖျင်း အပင် ၂၂၀ ရှိတယ်ဆိုတော့ ကျွန်တော် တို့က တစ်ပင်ကို ဘယ်လောက်မှ မရ တော့ဘူးပေါ့။
ဒါကြောင့် ရွာသားတွေက မကျေနပ်ဘူး။ လက်မခံဘူးပြောပြီး ပြဿနာဖြစ်ကြတာ"ဟု ကိုလေးလွင်
က ပြောသည်။
"စုစုပေါင်း ၅၄ ဦး။ ရှစ်ယောက်က တော့ လက်မခံဘူး။ လက်မှတ်မထိုးခဲ့ဘူး။ ကျန်တဲ့သူကတော့
ထိုးတယ်။ ဒါပေမယ့် နောက် ၆ ရက်နေ့မှာပဲ ကျွန်တော်တို့ တောင်းဆိုတဲ့အတိုင်း အပင်ပေါ်မှာပဲ
တွက်ပေးမယ်ဆိုပြီး သဘောတူခဲ့တဲ့အတွက် အားလုံးကျေနပ်ကြပါတယ်"ဟု ကိုလေးလွင်ကပြော
သည်။
မြန်မာနှင့် ထိုင်းအစိုးရတို့၏ သဘောတူညီချက်အရ အကောင်အထည်ဖော်မည့် ထားဝယ်ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အတွက် ကျေးရွာ ၁၆ ရွာ၊ လူဦးရေ နှစ်သောင်းကျော် ပြောင်းရွှေ့
ပေးရမည်ဖြစ်သည်။
"ကျွန်တော်တို့ ရွာသူရွာသားတွေ မနစ်နာအောင်၊ လက်ရှိအနေအထား ထက်ပိုကောင်းတဲ့ အခြေ
အနေတွေ ဖန်တီးပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ လျော်ကြေးကိစ္စတွေလည်း သူတို့ဆန္ဒ အတိုင်း
အတတ်နိုင်ဆုံးဖြစ်အောင် ညှိနှိုင်းပေးနေတယ်"ဟု ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး
ဇုန် အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးတင် မောင်ဆွေကပြောသည်။
သို့ရာတွင် ဒေသခံများမှာမူ ပြောင်းရွှေ့ ရေးအတွက် စိုးရိမ်ပူပန်မှုများကြံုတွေ့ နေရကြောင်းသိရ
သည်။
"ကျွန်တော်တို့ကတော့ စီမံကိန်းကို လူတွေနေတဲ့နေရာနဲ့ ဝေးတဲ့နေရာမှာ လုပ်စေချင်တယ်။ ဘယ်
သူမှ ကိုယ့်ရွာက မပြောင်းချင်ကြဘူး။ ဖွ့ံဖြိုးရေးဆိုတာ လည်း ဒေသခံတွေ ခံစားရတာ မဟုတ်ဘူး။
အခုကျွန်တော်တို့ ကန်ပေါက်မှာ ဓာတ်ငွေ့ပိုက်လိုင်းသုံးခု ဖြတ်ပြီးပြီ။ ကျွန်တော်တို့ကတော့ မီးရဖို့
တစ်ယူနစ်ကို မီတာခ ၄၃၅ ကျပ် ပေးနေရတယ်။ ဘာမှမခံစားရဘူး။ ဒေသခံတွေ စီးပွားရေးနဲ့
သဘာဝပတ်ဝန်းကျင်သာ ပျက်စီးသွားတာ"ဟုကိုလေးလွင်ကပြောသည်။
ထို့ပြင် ဒေသခံများသည် စီမံကိန်း အတွက် ၎င်းတို့ ဖယ်ပေးလိုက်ရသည့် မြေများအတွက် အပင်
လျော်ကြေးအပြင် ပြန်လည်စိုက်ပျိုးရန် မြေနေရာများ ပြန်လည်ချထားပေးစေလိုကြောင်းသိရသည်။















