ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့ မြတန်ဆောင်းဘုရားမှ
ဌာပနာဆင်းတုတော်များတွေ့ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနအမျိုးသား
ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသရှိ အရှေ့မြတန်ဆောင်း အရံစေတီနှင့် ငွေထီးဆောင်းစေတီတို့အား
အလှူရှင်များ၏ လှူဒါန်းငွေနှင့် ထိန်းသိမ်းပြုပြင်ရန် ပေါင်းမြက်များရှင်းပြီး ပြိုကျနေသော အုတ်များ
ကိုဖယ်ရှား၍ အောက်ခြေပတ်လည် သဲခဲတူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၂၈
ရက်နေ့တွင် အရှေ့မြတန်ဆောင်းအရံစေတီ၏ အနောက်ဘက်အောက်ခြေမှအမြင့် တစ်လက်မစီ
ရှိသောမြောက်ဦးခေတ် ဌာပနာပစ္စည်းအဆူ ၈၀ ကို တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
ဌာပနာဘုရားများမှာ ခဲဖြင့် သွန်းလုပ် ထားပြီး ဆင်းတုတော်များ၏ မုဒြာများမှာ ဘူမိဖဿမုဒြာများ
ဖြစ်သည်။
စေတီ တစ်ဆူလုံးမှာ ပြိုကျလျက်ရှိပြီး မူလ ပုံသဏ္ဌာန်အတိုင်း ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်ရန် စေတီ အပေါ်ပိုင်းမှ ပြိုကျသောအုတ်များ၏ အောက်ခြေတွင် ဖယ်ရှားရှင်းလင်းစဉ်
စေတီ၏အနောက်ဘက်ကပ်လျက် အုတ်ပုံများအကြားမှ ဌာပနာပစ္စည်းများ ကို တွေ့ရှိရခြင်းဖြစ်
သည်။
ယခုအခါ ထို့တူးဖော်တွေ့ရှိရသည့် ရှေးဟောင်း ဌာပနာပစ္စည်းများကို မြောက်ဦးသုတေသနပြတိုက်
၌ ခေတ္တသိမ်းဆည်းထားသည်။
အရှေ့မြတန်ဆောင်း အရံစေတီမှာ မြောက်ဦးနန်းတော်ကုန်း၏ မြောက်ဘက် မိုင်ဝက်အကွာအဝေး
ခန့်၌ တည်ရှိပြီး အေဒီ ၁၄၃၀ ခုနှစ်တွင် ဘုရင်မင်းစော မွန်က တည်ထားကိုးကွယ်ခဲ့သည်။
မြောက်ဦးမြို့တည် ဘုရားများအနက် တစ်ဆူအပါအဝင် ဖြစ်သည်။















