မြန်မာအစိုးရသည် ကချင်လွတ်လပ် ရေးတပ်မတော်(ကေအိုင်အေ)နှင့် ထပ်မံတွေ့ဆုံဆွေးနွေးရန်
ကမ်းလှမ်းထားရာ ကေအိုင်ကေဘက်မှ လက်ခံပါ က အချိန်မရွေးသွားရောက်ရန် အဆင် သင့်ရှိပြီး
၎င်းတို့ဘက်မှတောင်းဆိုသမျှ လိုက်လျောကာ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာလ ၂၂ ရက်
နေ့က မော်လမြိုင်မြို့၌ တွေ့ဆုံစဉ် ပြောသည်။
"အဘကတော့ အဆင့်သင့်ပဲ။ သူတို့ ခေါ်တဲ့အချိန်မှာသွားမယ်။ သူတို့ နိုင်ငံ ရေးဆွေးနွေးချင်ရင်
နိုင်ငံရေးဆွေးနွေးမယ်။ စစ်ရေးဆိုရင် စစ်ရေး၊ စီးပွားရေး ဆွေးနွေးချင်ရင် စီးပွားရေး၊ လူမှုရေး
ဆွေးနွေးချင်ရင် လူမှုရေးဆွေးနွေးမယ်။ အဘတို့ဘက်ကတော့ ဘာလာလာလာချင်တာလာ
အဆင်သင့်ပဲ။ သူတို့ တောင်းဆိုတဲ့အတိုင်း ဥပဒေဘောင်အတွင်းကရှိတဲ့ ကိစ္စတွေအားလုံး လိုက်
လျောမယ်"ဟု သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
မြန်မာအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကချင်ခေါင်းဆောင်များ
ထံ စာပို့ထားသော်လည်း ကေအိုင်အေဘက်မှ အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိတွင်လည်း မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတပ်များအကြားတွင် တိုက်ပွဲများ ဆက််လက်
ဖြစ်ပွားဆဲပင်ဖြစ်သည်။
သို့သော် အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ ဦးအောင်မင်းက တိကျစွာဖြေကြားခြင်း မရှိခဲ့သည်ကို
တွေ့ရသည်။
"ကချင်ကို မရောက်သေးဘူး။ ရောက်ရင်တော့ ပြောပြပါ့မယ်"ဟု ၎င်းက ပြော ကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များသည် ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင်
တရုတ်နယ် စပ်ရွှေလီမြို့၌ ကေအိုင်အေနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ အတွင်း
ဖြစ်ပွားနေသော တိုက်ပွဲများ အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ ထပ်မံဆွေးနွေးရန် စီစဉ်ခဲ့သည်။
"ဇန်နဝါရီလောက်တော့ မှန်းထားတယ်။ သူတို့ဆီကအဖြေရတာနဲ့ တန်းသွားမှာပါ"ဟု ဦးအောင်မင်း
က ပြောသည်။
အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူရန် နိုင်ငံ
တော်သမ္မတ ဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီများဖွဲ့၍ ကြိုးပမ်းခဲ့ရာ တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ကချင်ပြည်နယ်၌
ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခြင်း မရှိသေးပေ။ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဦးဆောင်လှုပ်ရှားနေ
သူ ဦးအောင်မင်းက ၂၀၁၂ ခုနှစ်အတွင်း ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကျေနပ်အားရပြီး
အောင်မြင်ကြောင်း ပြောသည်။
"၂၀၁၃ ကတော့ ရွှေရောင်လွှမ်းတဲ့ နှစ်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ ၂၀၁၂ က လုပ်ခဲ့တဲ့ ငြိမ်း
ချမ်းရေး လုပ်ငန်းတွေကလည်း ကချင်ကလွဲလို့ အားလုံးပြီးနေပြီ။ ပြည်သူတွေအားလုံးကလည်း
ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အစိုးရနဲ့ ၀ုိင်းလုပ်နေတယ်။ အဘတို့ဘက်ကလည်း NLD၊ ၈၈၊
လူ့ဘောင်သစ်၊ ABSDF ဒီအဖွဲ့တွေနဲ့လည်း စကားပြောတဲ့အခါ အဆင်ပြေနေပြီမို့ အားလုံးပါ၀င်
ဆောင်ရွက်ရင် အောင်မြင်မှာပါ"ဟု ဦးအောင်မင်းက ပြောသည်။
















