မြန်မာနိုင်ငံ၌ သုံးစွဲနိုင်ခြင်းမရှိသေးသည့် စနစ်ကျသည့် အရေးပေါ်လူနာတင်ယာဉ်များကို မကြာမီ
အချိန်တွင် စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ
အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် အရေးပေါ်လူနာတင်ယာဉ် အဖွဲ့ဝင် အသက်ကယ်နည်း
သင်တန်းတွင် ရန်ကုန်ဆေးရုံကြီး (အရိုး၊ ထိခိုက် ဒဏ်ရာဌာန)မှ ပါမောက္ခဒေါက်တာ ဦးဇော်ဝေစိုး
က ပြောသည်။
"ကိုယ့်နိုင်ငံမှာမရှိသေးတဲ့ စနစ်ကျတဲ့ လူနာတင်ယာဉ်တွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်။ ရဲ
စခန်းအရေးပေါ် ၁၉၉ ဆိုတာ လူတိုင်းသိတယ်။ အဲဒီလိုပဲ လူတိုင်းမှတ်မိလွယ်တဲ့စနစ်ဖြစ်တဲ့အထိ
လုပ်သွားမယ်။ ဆီးဂိမ်း (အရှေ့တောင် အာရှအားကစားပြိုင်ပွဲ)မှာ အရေးပေါ်လိုလာပြီဆို ကိုယ့်နိုင်ငံ
မျက်နှာမငယ်ရ အောင် ကြိုတင်ပြင်ဆင်နေပါပြီ" ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ အရေးပေါ်လူနာတင်ယာဉ်များကို သင်တန်းအပြီးကာလတွင် ဆီးဂိမ်းများကျင်းပမည့် မြို့
ကြီးများ၌ စတင်သုံးစွဲမည်ဟု သိရသည်။
အရေးပေါ်လူနာတင်ယာဉ် အဖွဲ့ဝင် အသက်ကယ်နည်းသင်တန်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇
ရက်နေ့တွင် နေပြည်တော် ခုတင် ၁,၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး
နှင့် ပုသိမ်ဆေးတက္ကသိုလ်တို့မှ အထူးကုဆရာဝန်ကြီးများက သင်တန်း ပို့ချပေးခဲ့သည်။
စာတွေ၊ လက်တွေ့ သင်တန်းကို အမှတ်စဉ်တိုင်းတွင် သင်တန်းသားဦးရေ ၄၀ စီကို သင်ထောက်
ကူပစ္စည်းစုံဖြင့် လေးရက်ကြာ သင်ကြားပေးနေသည်ကို တွေ့ရသည်။
ထိုသင်တန်း ၁၂ ခုကို ဆီးဂိမ်းမတိုင်မီ ပြီးဆုံးအောင်သင်ကြားပြီး အသင့်ဖြစ်ရေး ဆောင်ရွက်မည်ဖြစ်
သည်။
"တကယ်လို့ အရေးပေါ်လိုလာပြီဆို အချိန်တိုအတွင်း လူနာဆီကို အမြန်ဆုံး ရောက်နိုင်ရမယ်။
အသက်ကယ်နည်းနဲ့ ကားပေါ်ပါတဲ့စက်ပစ္စည်းတွေကိုလည်း စနစ်တကျတတ်မြောက်ထားတဲ့သူ
လည်း လိုပါတယ်။ အရေးပေါ် လူနာတင်ယာဉ်ဆိုတာ ဆင်းရဲချမ်းသာသူတိုင်း အတွက် အလွန်
အရေးကြီးပါတယ်။ ဂျပန်နိုင်ငံဆို အရေးပေါ်ခေါ်လိုက်တယ်ဆို ခုနစ်မိနစ်အတွင်း အရောက်လာကြ
တယ်။ အဲဒီလိုပဲ ကိုယ့်နိုင်ငံက အသင်းအဖွဲ့တွေနဲ့ စနစ်တကျလုပ်မယ်ဆို မကြာမီအချိန်မှာ ပေါ်
ပေါက်လာမှာ ပါ"ဟု ဒေါက်တာဦးဇော်ဝေစိုးက ပြောသည်။
ယခု အကောင်အထည်ဖော်နေသည့် အရေးပေါ်လူနာတင်ယာဉ် စနစ်ကိုလည်း အရေးပေါ်ခေါ်လိုက်
သည်နှင့် အချိန်တိုအတွင်း ရောက်ရှိနိုင်ရေးကိုပါ ဆောင်ရွက်မည်ဟု သိရသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လိုအပ်ချက်တစ်ခုဖြစ်သည့် ထိုစနစ် ကျသည့် အရေးပေါ်
လူနာတင်ယာဉ်များကို စီးရေ ၆၀ ဖြင့် သင်တန်းဆင်းဦးရေ ၂၄၀၊ အရံ ၂၄၀ တို့က အချိန်ပြည့်
ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
လူနာတင်ယာဉ်များနှင့် သင်တန်း ဆင်းများကို အားကစားပြိုင်ပွဲများ ကျင်းပ မည့် ရန်ကုန်၊ မန္တလေး၊
နေပြည်တော်နှင့် ငွေဆောင်တို့၌ အသင့်ထားရှိမည်ဟု သိရသည်။
အရေးပေါ်လူနာတင်ယာဉ်များတွင် စနစ်ကျသည့် ဖွဲ့စည်းပုံများ၊ သုံးစွဲပုံများ၊ အသက်ကယ်နည်းများ
ကျင့်သုံးနိုင်ရန်အတွက် အထက်ပါသင်တန်း၌ သူနာပြုများ၊ ကြက်ခြေနီအဖွဲ့ဝင်များကို အဓိက ထား
သင်တန်းပို့ချမည်ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၌ အရေးပေါ် လူနာတင်ယာဉ်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ
ဆရာဝန်အသင်းနှင့် ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့များအပြင် ဘုန်းတော်ကြီးများ ထူထောင်ထားသည့်
လူနာတင်ယာဉ်များ နှင့် ရန်ကုန်နာရေးကူညီမှုအသင်း စသည့် လူမှုအသင်းအဖွဲ့များက ဆောင်ရွက်
ပေးလျက်ရှိသည်။
ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အရေးပေါ်လူနာတင်
ယာဉ်များကို စီစဉ်ထားရှိကာ ယာဉ်မတော်တဆမှုများတွင် အနီးဆုံးဆေးရုံသို့ ပို့ဆောင်နိုင်ရေး
အတွက် ဆောင်ရွက်ပေးနေသည်။
















