တာချီလိတ်မြို့နယ်၌ ရွာပိုင်မြေအဖြစ် ပြုလုပ်ခွဲဝေပေးပြီးမြေများကို ယခင် ပြည်သူ့စစ်အဖွဲ့ဝင်
ဟောင်းတစ်ဦးက ၎င်းပိုင်မြေများဟုဆိုကာ ပြန်လည်ရယူရန် ပြုလုပ်နေကြောင်း တာချီလိတ်မြို့
နယ်၊ လွယ်စတုံကျေးရွာမှ ရွာသားများက ဒီဇင်ဘာလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
"၂၀၀၅ ခုနှစ်က လွယ်စတုံအောက်ရွာ မူလတန်းကျောင်းနဲ့ ခမရ ၃၃၁ တပ်ရင်းကြားက မြေတွေကို
ကျေးရွာလူကြီးတွေက ရွာသူရွာသားတွေ နေရေးထိုင်ရေး အဆင်ပြေစေဖို့ ခွဲဝေရောင်းချပေးခဲ့ပါ
တယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ ဦးကိုဦးဆိုသူနဲ့ သူ့လူ နှစ်ယောက်တို့
ဟာ မြေကွက်ပိုင်ရှင်တွေရဲ့ မြေကွက်ခြံစည်းရိုးတွေကို ဖျက်ဆီးပြီးတော့ အိမ်ဆောက်တာတွေ၊
လမ်းဖောက်တာတွေ လုပ်နေပါတယ်"ဟု လွယ်စတုံရွာသား မြေပိုင်ရှင် ၂၈ ဦး၏ ကိုယ်စားလှယ်လွှဲ
အပ်ခြင်းခံရသူ ဦးချစ်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"ဦးကိုဦးက အခု နိုင်ငံတော်သမ္မတကြီး ရှမ်းအရှေ့တိုင်းမှူးဘဝတုန်းက မြေ ဧက ၃၀၀ ကျော်ကို
သူ့ကိုချထားပေးခဲ့ဖူးတယ်လို့ ပြောပြီး သမ္မတကြီးတိုင်းမှူး ဘဝတုန်းက အတူတူတွဲရိုက်ထားတဲ့ပုံကို
ပြပါတယ်"ဟု ၎င်းက ပြောသည်။
၁၉၉၉ ခုနှစ်၊ ယခု နိုင်ငံတော်သမ္မတကြီး ရှမ်းပြည်နယ်၌ အရှေ့ပိုင်းတိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်း
ဆောင်စဉ်က လွယ်စတုံကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအာဟီးနှင့် အဖွဲ့ဝင် ဦးကိုဦးတို့ကို
စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပလပ်မြေဧက ၃၀၀ ကျော်ကို ချထားပေးခဲ့ကြောင်း
ယခု သမ္မတကြီးလက်မှတ်ပါ၀င်သည့်စာများကိုလည်း ပြသခဲ့သည်ဟုဆိုသည်။
"မြေပိုင်ရှင်တွေက သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်၊ ခရိုင်အာဏာပိုင်၊ မြို့နယ်အာဏာပိုင်အဖွဲ့
အစည်းတွေကို တိုင်တန်းခဲ့တယ်။ တိုင်တန်းမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူး
ရဲ့ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့
ရက်စွဲနဲ့ တားမြစ်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်အမှန်က တြိဂံတိုင်းဒေသ စစ်ဌာနချုပ်တိုင်းမှူးက
၁၉၉၉ ခုနှစ်တုန်း က ဦးအာဟီးနဲ့ ဦးကိုဦးကို စိုက်ပျိုးရေးလုပ်ကိုင်ရန် မြေများကို နှုတ်မိန့်ဖြင့်ချ ပေး
ခဲ့ပေမယ့် စိုက်ပျိုးရေး တကယ်လုပ်ကိုင်ခြင်း မရှိခဲ့ဘူး။ ဦးအာဟီး ကွယ်လွန်တာလည်း အချိန်ကြာ
မြင့်နေပြီ။ အဲဒီ အချိန်မှာ ဦးကိုဦးကလည်း ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူခံရပြီး ထောင်ကျနေ
တဲ့အတွက် ဒေသန္တာရဆိုင်ရာ လိုအပ်ချက်ကြောင့် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး
ကောင်စီက ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်များအရ ဦးအာဟီးရဲ့ ဒီမြေဧက ၃၀၀ ကို
တင်မြင့်ရီကုမ္ပဏီရဲ့ သစ်ဆိပ်လုပ်ငန်း၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဦးအာဒီး ရာဘာခြံ၊ တောင်သူ
များ၊ မြသိန်းတန် ဘုန်းကြီးကျောင်းနဲ့ လွယ်စတုံရွာသူ ရွာသားတွေဆိုပြီး ခွဲဝေသတ်မှတ်ခဲ့ပါတယ်။
ပြီးတော့ ဦးကိုဦးရဲ့ ၂၅ ဧကကိုလည်း ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ပဲ ကျောက်မီးသွေး
ဓာတ်အားပေးစက်ရုံကို အသီးသီး ခွဲဝေချထားပေးခဲ့ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက နှစ်ဖက်
စလုံး ဘာမှမလုပ်ဖို့ တားမြစ်စာထုတ်ပြန်ထားပေမယ့် ဦးကိုဦးဘက်က လိုက်နာခြင်းမရှိပါဘူး"ဟု
ဦးချစ်ဝင်းက ပြောသည်။
အဆိုပါ မြေဧကအားလုံးကို ရွာလူကြီး၊ မြို့နယ်မြေစာရင်းဦးစီး၊ မြို့နယ်ထွေအုပ် ဒုတိယဦးစီးတို့ပါ၀င်
သော အဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြပြီးမှ ခွဲဝေချထားသော မြေ
များဖြစ်ကြောင်း ၎င်းက ဆိုသည်။
"၂၀၀၅ ခုနှစ်၊ ရွာလူကြီးတွေ မြေခွဲဝေ နေစဉ်မှာ ဦးကိုဦးဟာ တစ်စုံတစ်ရာ ကန့်ကွက်ခဲ့ခြင်း၊ အရေး
ယူခြင်း၊ တိုင်တန်း ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၀ ရောက်မှ သူပိုင်ပါတယ်ဆိုပြီး သမ္မတကြီးနာမည်ကို
အသုံး ပြုပြီး ရွာသားတွေရဲ့မြေတွေကို ကျူးကျော်တာဖြစ်ပါတယ်"ဟု၎င်းက ပြောသည်။
တာချီလိတ်နေ ကာယကံရှင် ဦးကိုဦး ထံသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေး မြန်းရာတွင် ၎င်းက
တယ်လီဖုန်းဖြင့် မဖြေ နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
"ဥပဒေအရ ၁၉၉၉ ခုနှစ်က မြေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရှမ်းပြည်
နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ရွာသားတွေကို ခွဲဝေပေးတာဆိုရင် မူလပိုင်ရှင်ရဲ့
ပိုင်ဆိုင်မှုဟာ အလိုလိုပျက်ပြယ်ပြီးသား ဖြစ်သွားပါပြီ"ဟု ရှေ့နေတစ်ဦးဖြစ်သူ ဦးလှမြင့်(ဒဂုံ)က
ပြောသည်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တွဲရိုက်ထားသော ဓာတ်ပုံကို ပြသ၍ မြေယာပိုင်ဆိုင်မှု
ပြောဆိုနေခြင်းအပေါ် သမ္မတရုံး၏ သဘောထားကို ဆက်သွယ် မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး၊
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက 'မှတ်ချက်ပြုရန်မရှိ'ဟု ပြန်လည်ဖြေကြားပေးခဲ့သည်။
















