မျက်စိတစ်ဖက် ချို့ယွင်းနေကြသူများအတွက် မျက်စိအတု ပြုလုပ်တပ်ဆင်ပေးနိုင်သူ နည်းပါးနေပြီး
အစိုးရဆေးရုံများ၌လည်း ပြုလုပ်တပ်ဆင်ပေးနိုင်ခြင်း မရှိသေးသည့်အတွက် မျက်စိအတုတပ်ဆင်
လိုကြသူများမှာ ငွေကြေးအကုန် အကျခံကာ တပ်ဆင်နေကြရသည်ဟု ဆရာဝန်ကြီးတစ်ဦးက
ပြောသည်။
"အမှန်တကယ် မျက်စိအတုကို ပုံစံယူပြီးတော့ လုပ်မယ်ဆိုရင် တစ်လုံးအတွက် ကုန်ကျစရိတ်က
ကျပ် ရ,၀၀၀ လောက်ပဲ ရှိပါတယ်။ စက်ပစ္စည်းတန်ဖိုးနဲ့ လက်ခ ပေးရမယ်ဆိုရင် သောင်းကျော်
လောက်ပဲ ယူသင့်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကလုပ်ပေးတဲ့နေရာတွေမှာ ယူနေကြတာက ကျပ်နှစ်
သိန်းကနေ ကျပ်သုံးသိန်း၊ လေးသိန်းလောက် ယူနေကြတယ်" ဟု ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏
မျက်စိအတု တပ်ဆင်ပေးနေသည့်ဌာနမှ တာဝန်ခံဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဌေးဆောင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။
မျက်လုံးအတုပြုလုပ်ရာတွင် မျက်လုံးမရှိသော ၎င်း၏ မျက်အိမ်အတွင်းထဲမှ ပုံသဏ္ဌာန်အရွယ်အစား
ကို တိုင်းယူပြီး နောက် ကျောက်ပတ်တီးပြုလုပ်သော ပလတ်စတာဖြင့် ပုံဖော်ပြီး မျက်ဆန်အတုတွဲ
ဖက်ပြီး အကောင်းပကတိရှိနေသော တစ်ဖက်မျက်လုံးနှင့် ဆင်တူအောင် တီထွင်ဖန်တီးပြီး အတုကို
ပြုနိုင်သည်။
"ဒီနည်းလမ်းက အင်မတန်မှ လွယ်ကူရိုးရှင်းပြီး လူတိုင်း လွယ်လွယ်ကူကူသင်ကြားတတ်မြောက်နိုင်
ပါတယ်။ ဒါ ပေမယ့် လုပ်ပေးနိုင်တဲ့လူနဲ့ နေရာက အင်မတန်နည်းနေတယ်။ အစိုးရ မျက်စိဆေးရုံ
တွေကလည်း လုပ်မပေးနိုင်ဘူး။ ဒါကြောင့် လူနာတွေကအပြင် ဆေးရုံ ဆေးခန်းတွေမှာ လုပ်ရတော့
ဈေးအဆမတန်တောင်းတာကို ခံနေရတယ်"ဟု ဒေါက်တာဌေးဆောင်က ပြောသည်။
ဒေါက်တာဌေးဆောင်၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် မီးပွိုင့်အနီးရှိ ဇီဝိတဒါန သံဃာ့ဆေးရုံ
ကြီး၌ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး သွားဌာနတွင် မျက်စိတုကို သံဃာတော်များနှင့် သီလရှင်များအား
အခမဲ့ တပ်ဆင်ပေးလျက်ရှိရာ လူပုဂ္ဂိုလ်များကို တစ်ဦးလျှင် ကျပ်နှစ်သောင်းခွဲဖြင့် လူနာပေါင်း ၁၅၀
ကျော်ကို တပ်ဆင်ပေးခဲ့သည်။
"ကျွန်တော်တို့ လူနာတွေကို ဒီထက် ငွေကြေးလျှော့ပြီး လုပ်ပေးသွားဖို့ရှိပါတယ်။ ဒါပေမယ့် လူတွေ
က ငွေကြေးများများတောင်းမှ အဖိုးတန်ပြီး အထင်ကြီးနေကြတော့ ငွေကြေးနည်းနည်းနဲ့ လုပ်ပေး
ရင် အပေါစားတွေနဲ့ လုပ်ပေးတယ်လို့ ထင်ကြမှာစိုးတယ်။ တကယ်တော့ ဒီနည်းက တစ်ကမ္ဘာလုံး
သုံးနေကြတဲ့ နည်းပါ"ဟု ဒေါက်တာဌေးဆောင်က ပြောသည်။
ငွေကြေးတတ်နိုင်သူအချို့က ပညာ ရှင်ထံသွားပြီး ပုံစံသွင်းပြုလုပ်တပ်ဆင်ကြသော်လည်း ဆင်းရဲ
သား ငွေကြေးမတတ်နိုင်သူအများစုသည် အလွယ်တကူ ၀ယ်ယူနိုင်သည့် မလေးရှားမှ တင်သွင်း
လာသည့် မျက်စိအတုပုံစံခွက်ဖြင့် တပ်ဆင် အသုံးပြုလျက်ရှိသည်ဟု အဆိုပါဌာနမှ မျက်လုံးအတု
ကျွမ်းကျင်ပညာရှင် ကိုနိုင်က ပြောသည်။
ယခုကဲ့သို့ မျက်စိအတု ပြုလုပ်တပ်ဆင်ခြင်းသည် နိုင်ငံခြားမှတင်သွင်းလာသည့် အဆင့်သင့်မျက်စိ
အတုများထက် ပိုမိုကောင်းမွန်ပြီး မျက်လုံးအစစ်ကဲ့သို့ ရွေ့လျားနိုင်သည့်အပြင် အရောင်နှင့် ဆင်တူ
အောင် ပြုလုပ်ပေးနိုင်သည်ဟု ၎င်းက ပြောသည်။
"ဒါပေမယ့် လူတိုင်းရဲ့မျက်စိတွေကိုတော့ အတုထည့်ပေးလို့မရဘူး။ လူနာတွေကို ထိခိုက်ဒဏ်ရာရ
လို့ ဆရာဝန်က မျက်လုံးတစ်ဖက်ကိုထုတ်လိုက်ရတဲ့အခါမှာ မျက်စိအတုတပ်လို့ရအောင် ထုတ်ပေး
ခဲ့မယ်ဆိုရင်တော့ ပြန်တပ်လို့ ရပါတယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် မျက်စိတစ်ဖက်ဆုံးရှုံး သူများ၏ အရေအတွက်စာရင်းဇယား တိတိကျကျမရှိသေး
သော်လည်း ဆုံးရှုံးခံရသူအများးစုသည် မတော်တဆထိခိုက်မှုများကြောင့် ဆုံးရှုံးမှုအဖြစ်များပြီး
အများစုမှာ ၀ါးလုံးနှင့်ထိမိခြင်း၊ တုတ်နှင့် ထိုးမိခြင်း၊ ဂျင်ပေါက်ရာတွင် ထိခိုက်မိ ခြင်းနှင့် ခဲတံနှင့်
ထိုးမိခြင်းကြောင့် အဖြစ်များသည်ဟု ၎င်းက ပြောသည်။
မသန်မစွမ်းဖြစ်သောလူတိုင်းသည် ကိုယ်ပိုင်စိတ်ခံစားချက်အမျိုးမျိုးနှင့် ပတ်ဝန်းကျင်၏ထိုးနှက်မှု
များကို ခံစား နေရသည်ဟု မျက်စိအတုတပ်လိုသဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ
ဆေးရုံသို့ရောက်လာသည့် အရှင် ဧဣဿရိယက မိန့်သည်။
"ဦးဇင်းမျက်လုံးက အသက်ငါးနှစ် အရွယ်ကတည်းက ၀ါးချွန်နဲ့ထိုးမိပြီး မျက်လုံးထုတ်ခဲ့ရတယ်။
မျက်စိအတုတပ်နိုင်ပြီဆိုတော့ ၀မ်းသာတာပေါ့။ အရင်တုန်းကဆို ဦးဇင်းကိုမြင်ရင် ကလေးတွေက
လန့်ပြီးငိုကြတယ်။ အဲဒါဟာ ဦးဇင်းခံစားခဲ့ရတဲ့ စိတ်အားငယ်မှုအမျိုးမျိုးထဲက တစ်ခုပါ"ဟု မိန့်
သည်။
မြန်မာတစ်နိုင်ငံလုံး၌ မျက်စိအတုကို ရန်ကုန်မြို့တွင်သာ ပြုလုပ်နိုင်ပြီး မျက်စိအတု ပြုလုပ်ပေးရန်
အတွက် ဆရာဝန်များနှင့် အဖွဲ့အစည်းများမှ ကူညီသူနည်းပါးနေသည်ဟု ဒေါက်တာ ဌေးဆောင်က
ပြောကြားသည်။
















