ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ ရက်ကစတင်၍ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု
အုပ်စု ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေလုပ်သားများအကြား ညှိနှိုင်းချက် အချက်သုံးချက်အနက် နှစ်ချက်
အား ယခုလ ၂ ရက်က သဘောတူခဲ့သည်ဟု ရွှေလုပ်သားအဖွဲ့ခေါင်းဆောင် ကိုအောင်ကြီးက
ပြောသည်။
မိုးထိမိုးမိ ရွှေလုပ်သားများသည် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ လျော်ကြေး နစ်နာကြေး
ပေးရန်နှင့် လုပ်ကိုင်ခွင့်များ ပြန်ပေးရန်တို့ တောင်းဆိုခဲ့ရာ နောက်ဆုံးအချက်အတွက် ကုမ္ပဏီ နှင့်
ညှိနှိုင်းမရခဲ့ဟု ၎င်းက ပြောသည်။
"တောင်းဆိုတာ အချက်နှစ်ချက်က အဆင်ပြေတယ်၊ နောက်ဆုံးအချက်ဖြစ်တဲ့ ၆၁၀၅ ဧက အတွင်း
လုပ်ကိုင်ခွင့်အတွက် လုံးဝအဆင်မပြေဘူး။ ဒါပေမယ့် သူတို့ဘက်ကတော့ အဲဒီဧရိယာနဲ့ မငြိစွန်း
ရင် လုပ်လို့ရတယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာက ပြောတယ်"ဟု ကိုအောင်ကြီး
ကပြောသည်။
လက်ရှိတွင် မိုးထိမိုးမိတောင်ပေါ်ရှိ အဆိုပါကုမ္ပဏီဦးစီးထားသည့် လုပ်ကွက် ၆,၁၀၅ ဧကနှင့် အနီး
စပ်ဆုံးနေရာတွင် လုပ်ကိုင်နိုင်ရန် ရွှေလုပ်သားများဘက်မှ ရမည်းသင်းမြို့နယ်ရှိ သတ္တုတွင်းရုံး၌
တရားဝင်လျှောက်ထားသည်ဟု ရွှေလုပ်သားအဖွဲ့ဝင် ကိုလှိုင်မျိုးအောင် က ပြောသည်။
"ကုမ္ပဏီဘက်က လုပ်ခွင့်တော့ပေးတယ်။ ဒါပေမယ့် သူတို့ပေးတဲ့နေရာက ဇေယျာသီရိမြို့နယ်၊
ကျည်တောင် ခေါမရွာနားက သူတို့ရထားတဲ့လုပ်ကွက် တွေမှာပေးတာ။ ကျွန်တော်တို့က ရွှေ ဖြုန်း
အထွက်နည်းလို့ မလိုချင်ဘူး။ အဲဒါ ကြောင့် မိုးထိမိုးမိတောင်ပေါ်က သူတို့ လုပ်ကွက်နဲ့နီးတဲ့နေရာ
မှာပဲ လုပ်ဖို့ဆုံး ဖြတ်ထားတယ်"ဟု ၎င်းက၊ပြောသည်။
"အဓိကက ရွှေလုပ်ကွက်တွေပြန်လုပ် ကိုင်ခွင့်ရရှိဖို့ပါ။ ကျန်တာတွေက သိပ်အရေးမကြီးပါဘူး"ဟု
ရွှေလုပ်သားအဖွဲ့ ခေါင်းဆောင် ကိုအောင်ကြီးက ယခုလ ၂ ရက်က ပြောသည်။
ယခု တစ်ကြိမ်အပါအဝင် ညှိနှိုင်းမှုပေါင်းခြောက်ကြိမ်အထိ ရှိပြီဖြစ်သည်။















