ပဋိပက္ခနှင့် ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရန် အချိန်ယူရမည်

ပဋိပက္ခနှင့် ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရန် အချိန်ယူရမည်

ပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ဒေသ နှင့် သပိတ်ကျင်း ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်မှာ ကုန်ကျစရိတ် ကြီးမားရုံသာမက အချိန်ယူဆောင်ရွက်
ရမည့်လုပ်ငန်းဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဘေးဒဏ်သင့်ဒေသတွေမှာ အရေး ပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေက ပြီးသွားပါပြီ။ ပြည်လည်ထူ
ထောင်ရေးလုပ်ငန်းတွေပဲ ကျန်ပါတော့တယ်" ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး
ဌာန၊ ကယ်ဆယ်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

သို့ရာတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် ပမာဏကြီးမားရုံသာမက လုံခြံုရေးအခြေ
အနေကြောင့်ပါ အချိန်ကြာမြင့်နိုင်သည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ရေရှည်စားသောက်ရေးသာမက မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့်
နေအိမ်များ ပျက်စီးခဲ့ရသည့်အတွက် နေထိုင်ရန် နေအိမ်များပါ လိုအပ်လျက်ရှိသည်ဟု ၎င်းက
ပြောသည်။

"ကျွန်တော်တို့ဌာနကတော့ အခြေခံကယ်ဆယ်ရေးပစ္စည်းရှစ်မျိုးဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေ
ကို ထောက်ပံ့ထားပြီး ဖြစ်ပါတယ်"ဟု ဦးအောင်ခိုင်က ပြောသည်။

ရခိုင်ဒေသတွင် စစ်တွေမြို့၌ အိမ်ခြေ ၁,၂၆၀ လုံး၊ မောင်တောမြို့၌ ၅၅၂ လုံး ပျက်စီးပြီး နို၀င်ဘာလ
အတွင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး မြန်မာကျပ်ငွေ သန်းပေါင်း
၁,၃၉၀ ကျော် ရှိခဲ့သော်လည်း တည်ဆောက်ဆဲ ရတနာသိင်္ဃတံတား ပျက်စီးခဲ့သည့်တန်ဖိုး မပါ၀င်
သေး ကြောင်းလည်း ၎င်းကပြောသည်။

ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုလအဖွဲ့အစည်းအချို့နှင့်
ကဲမြန်မာစသည့် နိုင်ငံတကာ အင်န်ဂျီအိုများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြန်လည်
နေရာ ချထားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

"ငလျင်ဒေသတွေမှာတော့ ဂျပန်နိုင်ငံ က အရေးပေါ်အကူအညီအနေနဲ့ မီးစက်တွေ၊ မိုးကာတဲ စတာ
တွေကို ကူညီလို့ ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံမှ အသင့်တည်ဆောက် နိုင်သည့် အိမ်အလုံး ၂,၀၀၀ အကူအညီ တောင်းခံထားပြီး
ပထမအဆင့်အနေ ဖြင့် တရုတ်ယွမ်ငွေ သန်း ၃၀ တန်ဖိုးရှိ သည့် အိမ်ခြေ အလုံး ၃၅၀ နှင့် 'ကန်'
ဒေါ်လာတစ်သန်းကို ကူညီပေးရန် ပြီးခဲ့သည့်လ ၃၁ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မောင်တော
ဒေသ၌ လိုအပ်သည့် အိမ်ခြေ ၅၅၂ လုံးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂ လုံး၊ ကုလသမဂ္ဂ
ဒုက္ခသည်များ မဟာမင်းကြီးရုံး မှ ၂၂၂ လုံး နှင့် ကဲမြန်မာမှ ၁၂၈ လုံး တည်ဆောက် ပေးရန် စီစဉ်
နေသည်ဟု ဦးသန်းထွဋ်ဆွေက ပြောသည်။

"ကဲမြန်မာက အိမ်တစ်လုံးကို ကျပ် ၁၄ သိန်းပဲပေးလို့ ညှိနှိုင်းနေတယ်။ ကျွန်တော်တို့ဌာနက
အောက်ခံဖောင် ဒေးရှင်းနဲ့ ရေလိုင်း၊ မီးလိုင်းတွေ တာဝန်ယူရပါမယ်"ဟု ဦးသန်းထွဋ်ဆွေက ပြော
သည်။

တရုတ်နိုင်ငံမှ ကူညီပေးသည့် အသင့်တည်ဆောက်နိုင်သည့် အိမ်များကို စစ်မက်ဖြစ်ပွားနေသည့်
ကချင်ဒေသနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရခိုင်ဒေသများ၌လည်း တည်ဆောက်ပေးမည်ဖြစ်သော်
လည်း ယခုလောလောဆယ်တွင် လုံခြုံ ရေးအခြေအနေများအရ မဖြစ်နိုင်သေး ကြောင်း ၎င်းက
ပြောသည်။

"ကချင်မှာဆို နေအိမ်တွေဆောက်ဖို့ဆိုတာ မိုင်းတွေရှင်းရဦးမယ်။ အားလုံး စိတ်ချရမှ ဆောက်ဖြစ်
မယ်" ၎င်းက ပြောသည်။

ပဋိပက္ခဖြစ်ပွားရာဒေသနှင့် ငလျင်ဒဏ်သင့်ဒေသရှိ ပြည်သူများအတွက် ကွင်းဆင်းလေ့လာမှုများ
ပြုလုပ်နေပြီး လေ့လာမှုများပြီးစီးပါက ရေရှည်တည်တံ့နိုင်မည့် လူမှုစီးပွားပတ်ဝန်းကျင် တစ်ခုကို
ဖန်တီးပေးမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

"ကွင်းဆင်းလေ့လာတဲ့ သုံးသပ်ချက် ပေါ်မူတည်ပြီး ရပ်တည်နိုင်တဲ့အထိ လုပ်ပေးရမယ်"ဟု
ဦးအောင်ခိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး