လွှတ်တော်၌ ဘတ်ဂျက်နှင့် စီမံကိန်း ဥပဒေများကို ဦးစားပေး၊ဆွေးနွေးမည်

လွှတ်တော်၌ ဘတ်ဂျက်နှင့် စီမံကိန်း ဥပဒေများကို ဦးစားပေး၊ဆွေးနွေးမည်

ရပ်နားထားသော လွှတ်တော် အစည်းအဝေးပွဲများကို ယခုလ ဒုတိယပတ်အတွင်း ပြန်လည်စတင်
တော့မည်ဖြစ်ရာ ဘတ်ဂျက်လွှတ်တော် ဖြစ်လာမည့်အတွက် ယခင်လွှတ်တော် အစည်းအဝေးများ
ထက် အချိန်ပိုယူရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၁
ရက်နေ့က ပြောကြားလိုက်သည်။

ယခုလ ၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးပွဲတွင်
၂၀၁၃-၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေအပြင် ထိုနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ
အရအသုံးဆိုင်ရာ ဥပဒေနှင့် အခွန်ဥပဒေများ ပြဋ္ဌာန်းရန်ရှိကြောင်း၊ အထူးစီးပွားရေးဇုန်နှင့်
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများအပါအဝင် အခြား အရေးကြီးသည့် ဥပဒေများ ပြဋ္ဌာန်း
ရန်ရှိသောကြောင့် အချိန်ပိုမို ကြာ မြင့်နိုင်ဖွယ်ရှိသည်ဟု ၎င်းက နေပြည်တော်၌ ကျင်းပသည့်
လွှတ်တော်အစည်း အဝေးများကျင်းပရေး ညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့သည်။

"မနှစ်ကလည်း ဒီကာလမှာ ဘတ်ဂျက်လွှတ်တော်ဆိုတော့ တခြားကာလထက် အချိန်ပိုကြာခဲ့
တယ်။ မှတ်မိသလောက်က ဇန်နဝါရီလကနေ မတ်လအထိနဲ့တူတယ်။ စီမံကိန်းတွေ ကော၊ ရသုံး
မှန်းခြေ ငွေစာရင်းတွေကောပါတယ်"ဟု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန့်က ပြောသည်။

ယခုအခေါက်တွင်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ၎င်းအနေဖြင့် ဥပဒေကြမ်းတစ်ခု၊
အဆိုနှစ်ခုနှင့် မေးခွန်း ၁၀ ခု ကြိုတင်ပေးပို့ထားပြီးဖြစ်သော်လည်း စည်းကမ်းအရ မည်သည့်
အကြောင်းအရာများ ဖြစ်သည်ကို ကြိုတင်ပြောပြ နိုင်ခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။

မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း ယခု
ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဘတ်ဂျက်ရေးရာကိစ္စရပ်များကို အထူးဆွေး နွေးမည်
ဖြစ်သောကြောင့် ၎င်းအနေဖြင့် မေးခွန်းနှစ်ခုခန့် မေးမြန်းရန်ရှိကြောင်း ဆိုသည်။

"ပို့ဆောင်ဆက်သွယ်ရေးရယ်၊ စည်ပင်သာယာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့ရှိပါတယ်"ဟု
၎င်းက ပြောကြားသည်။

ယခုတစ်ကြိမ် ကျင်းပမည့် လွှတ်တော်များအနေဖြင့် ဘတ်ဂျက်ရာသီဖြစ်သောကြောင့် ဘတ်ဂျက်
အသုံးစရိတ်များနှင့် ပတ်သက်ပြီး ပိုမိုဆွေးနွေးကြမည်ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံ အရပ်ရပ်
တွင် ဖြစ်ပေါ်နေသော ပဋိပက္ခပြဿနာရပ်များကို တတ်နိုင်သမျှဖြေရှင်းပေးရန်လည်းလိုအပ်ကြောင်း
နိုင်ငံရေး လေ့လာသူ တချို့က ပြောသည်။

"ဒီတစ်ခေါက်မှာတော့ ဘတ်ဂျက်အရေးကို ပိုဆွေးနွေးမှာပေါ့၊ ဒါပေမယ့် အရင်တစ်ခေါက်က ကျန်ခဲ့
တဲ့ မေးခွန်းတွေ၊ အဆိုတွေ လည်း ဆွေးနွေးဖို့ ကျန်သေးတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အတွက်
ထပ်တင်တာတွေလည်း ကျန်နေသေးတော့ အဲဒီထဲက တချို့ကိုပဲ ဆွေးနွေးဖြစ်မယ်လို့ထင်တယ်"
ဟု အပတ်စဉ်ထုတ် ဂျာနယ်တချို့တွင် နိုင်ငံရေးသုံးသပ်ဆောင်းပါးများ ရေးသားနေသူ
ကိုကျော်လင်းဦးက ပြောသည်။

၎င်းကဆက်လက်ပြီး ယခုအကြိမ် လွှတ်တော်တွင် ကချင်ပြည် နယ်၌ ဖြစ်ပွားနေသည့် ပြည်တွင်း
စစ်၊ လက်ပံတောင်းတောင် အရေး၊ လက်ရှိ ကျင်းပပေးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ
မှ ပဋိပက္ခများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်း ဥပဒေများနှင့် ပတ်သက်ပြီးလည်း သက်ဆိုင်
ရာရေးရာကော်မတီ များရှိနေသော်လည်း လွှတ်တော်၌ ပြန်လည် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသင့်
ကြောင်းလည်း ဆိုသည်။

"ဒီတစ်ခေါက်က လွှတ်တော်ကိုယ်စားလှယ်တွေ ပင်ပန်းမယ့် သဘောရှိတယ်။ လွှတ်တော်ရဲ့လုပ်
ဆောင်ချက် ပြည်သူတွေအပေါ် ထိရောက်တယ်၊ မထိရောက်ဘူးဆိုတာက ဥပဒေပြုအဖွဲ့ အစည်း
က လိုအပ်တဲ့ဥပဒေကိုပြုပေးပေမယ့် အုပ်ချုပ်ရေး အာဏာပိုင်တွေက ဥပဒေတွေကို လက်တစ်လုံး
ခြား လုပ်နေရင် ထိရောက်မှာ မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။

ဦးသိန်းညွန့်ကလည်း လွှတ်တော်က ဖြေရှင်းရန်သင့်သည် ဆိုသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး
သက်ဆိုင်ရာ အရေးကိစ္စများအတွက် ရေးရာကော်မတီများ ဖွဲ့စည်းပေးထား ကြောင်း၊ ထိုကော်မတီ
များက လွှတ်တော်ကိုတင်ပြလာသည် ဆိုပါက ဆွေးနွေးရမည်သာဖြစ်ကြောင်း၊ လွှတ်တော်သည်
ပြည်ထောင်စုအကျိုးစီးပွားအတွက် လုပ်ဆောင်ပေးရမည့် တာဝန်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အတွင်းသို့ ၀င်ရောက်လာပြီးနောက်တွင် အဆိုပါ
အဖွဲ့ချုပ်ကို လေ့လာနေ သည့် မဲဆန္ဒရှင်များက အဖွဲ့ချုပ်၏ လွှတ်တော်အတွင်းတွင် မေးမြန်းသည့်
မေးခွန်းများနှင့်အဆိုများအပေါ် အားရကျေနပ်မှု များနည်းကြောင်း အသံများ ထွက်ပေါ်လာခြင်းနှင့်
ပတ်သက်ပြီး လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက ယခင် လွှတ်တော်အစည်း အဝေးပွဲများအတွင်းက တင်ပြထားခဲ့သည့် မေးခွန်းနှင့်
အဆိုများ မှာ ရာနှင့်ချီရှိနေခဲ့သောကြောင့် ၎င်းတို့အနေဖြင့် အလှည့်ကျ ရန် အချိန်ပေးစောင့်ဆိုင်းရ
မှုလည်း ပါ၀င်ကြောင်း ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပါက မည်သည့်ပါတီမှလာလာ၊ ပြည်သူ့အကျိုးအတွက် ပြည်သူ
စေခိုင်းသည်ကို လုပ် ဆောင်ပေးရန်လိုကြောင်း၊ သို့သော် ယခုအချိန်တွင် အများ ပြည်သူက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ဆောင်ချက်များ အပေါ်တွင် အာရုံစိုက်မှုများစွာရှိနေခြင်း
ကြောင့်၊ ပြည်သူများ အနေဖြင့် အခြားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း မိမိတို့ ပါတီကဲ့သို့
လိုအပ်ချက်များကို တာဝန်ပြည့်ပြည့်ဝဝ ထမ်းဆောင် ကြရန် တိုက်တွန်းစေလိုသည်ဟုလည်း
ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

"ပြီးခဲ့တဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာ အင်န်အယ်လ်ဒီက ဆွေးနွေးတာ သိပ်မတွေ့ရဘူး။ အင်န်
အယ်လ်ဒီအမတ်တွေ ဟာ ဒီမိုကရေစီဘက်တော်သားတွေအဖြစ် ဒီထက်ပို အလုပ်လုပ် ဖို့ လိုလိမ့်
မယ်။ ဒီလိုနှုန်းနဲ့ဆိုရင်တော့ လွှတ်တော်ထဲမှာ သူတို့ လုပ်ပုံကိုင်ပုံတွေကို မေးခွန်းထုတ်ရလိမ့်မယ်။
အခု လာမယ့် လွှတ်တော်မှာလည်း ပြည့်တန်ဆာတွေ တရားဝင်ဖို့ အဆိုတင် မယ်လို့ ကြားရတယ်။
တိုင်းပြည်မှာ ဒီထက် အရေးကြီးတဲ့ အဆို တွေ မရှိတော့ဘူးလား၊ တခြား ပညာရေး၊ ကျန်းမာရေး၊
လူမှု ဖူလုံရေး ကိစ္စတွေရှိနေတယ်။ ဘာကြောင့် ဒီအရေးကို ကိုင်တွယ်မှာလည်း ဆိုတာကို မေးခွန်း
ထုတ်ရလိမ့်မယ်"ဟု ကိုကျော် လင်းဦးက သုံးသပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး