အစိုးရနှင့် ကေအိုင်အေအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်နေချိန်တွင် အစိုးရတပ်
များနှင့် ကေအိုင်အေအဖွဲ့တို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
ခဲ့ကာ လေကြောင်းပစ်ကူဖြင့် ကေအိုင်အေစခန်း တစ်ခုကို သိမ်းပိုက်ခဲ့သည် ဟု တပ်မတော်ပိုင်
မြဝတီသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့များက တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ပစ်ခတ်မှုများဖြစ်ပွားခဲ့
ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားပြီး ဇန်နဝါရီလ ၁ ရက်နေ့အထိ တိုက်ခိုက်မှုများ ဆက်
လက်ဖြစ်ပွားနေသည် ဟု ဆိုသည်။
အင်အားအသင့်အတင့်ရှိသော စစ်ဆင်ရေး ဖြစ်ပြီး ကေအိုင်အေရှေ့တန်းစစ်ဆင်ရေးယာယီဌာနချုပ်
လိုင်ဇာအနီး၌ ဖြစ်ပွားခဲ့ကာ လေကြောင်းနှင့် ကြည်းကြောင်းမှ ပူးပေါင်းစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်
ကို တွေ့ရကြောင်း ကချင် ဒေသခံများက ပြောသည်။
"အထူးသဖြင့် အလင်းဘွမ်းကင်း စခန်းတွေ ဖြစ်တဲ့ ဘွမ်းရဲ(လ်)နဲ့ အမှတ်(၂၃) လုံခြံုရေး တပ်ရင်း
တွေကို ပစ်တယ်။ ၂၈ ရက်နေ့က မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်မှာရှိတဲ့ မုန်လိုင်တံတားကို
လေယာဉ်သုံးစင်းနဲ့ ပစ်တယ်။ ကားကြီးတွေ သွားလို့မရတော့ဘူး။ လူနေအိမ် တွေလည်း ထိတယ်။
လဂျားယန်မှာပဲ စစ်ဖြစ်နေတဲ့ နောက်တစ်နေရာကတော့ ကျွန်တော်တို့ နောက်ဆုံးသွားခဲ့တဲ့
ဆိုင်ဆပ်ပါစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက် တစ်နေရာက ကန်ထော်ယန်-ဂျာထပါ"
ဟု ဒေသခံတစ်ဦး၏ အဆိုအရ သိရသည်။
ကချင်ပြည်နယ်၌ တိုက်ပွဲများသည် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်ခါ ပိုမိုပြင်းထန်လာသည်ဟု
ကေအိုင်အိုအဖွဲ့၏ လက်ထောက် နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှုးကြီး James Lum က
အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ထိုသို့တိုက်ခိုက်မှုများသည် ၎င်းတို့၏ ဌာနချုပ်ဖြစ်သည့် တရုတ်နယ်စပ်လိုင်ဇာမှ ခုနစ်မိုင်ခန့်အကွာ
တွင် အဓိကဖြစ်ပေါ် နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
"အဲဒီမတိုင်မီက သူတို့က ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ အခု သူတို့က ဂျက်လေယာဉ်တွေ၊
ဒုံးကျည်တွေ၊ ဗုံးတွေ အသုံးပြု နေတယ်"ဟု ၎င်းက ပြောသည်။
တပ်မတော်ပိုင် မြဝတီသတင်းဌာနမှ ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရမူ ဒေသ
တွင်း လုံခြံုရေး နှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန်စခန်းသို့ ရိက္ခာပို့သည့်လမ်းကြောင်း
တွင် အဓိကပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအား အဓိက နှောင့်ယှက်ပိတ်ဆို့
လျက်ရှိပြီး ကေအိုင်အေ၏ဌာနချုပ် လိုင်ဇာအတွက် အဓိကစခန်း နေရာဖြစ်သည့် ကချင်ပြည်နယ်
အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့် ၀န်းကျင်အား လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ရာ
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၎င်းနေရာအား တပ်မတော် က အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့သည်ဟု
ဖော်ပြထားသည်။
တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါ၀င်တက်ရောက်
ခြင်း၊ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှလွဲ၍ စခန်းများအားစတင်တိုက်ခိုက်ခြင်းမပြုဘဲသည်းခံဆောင်
ရွက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ သိမ်းပိုက်ရရှိသည့်စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်းတစ်လက်၊ ၆၀ မမ စိန်ပြောင်း တစ်
လက်၊ လက်နက် မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံးမျိုးစုံ အလုံး ၅၀၀ နှင့် ဗုံးသီးမျိုးစုံ ၂၇၀ လုံး၊ မိုင်းမျိုးစုံ
၅၂ လုံး၊ ကျည်မျိုးစုံ အတောင့် ၄,၀၀၀ နှင့် ယမ်းကြိုးနှစ်ခွေ သိမ်းဆည်းရရှိခဲ့သည်ဟု ဆက်လက်
ဖော်ပြထားသည်။
ကားလမ်းတစ်လျှောက် ၀န်းကျင်အား အသေးစိတ်ရှင်းလင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါသတင်းတွင်ပင် တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ မြစ်ကြီးနား-
ဗန်းမော် ကားလမ်းလုံခြံုချောမွေ့စွာ သွားလာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေ
ဘက်မှ ၀င်ရောက်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းစသည့် နည်းလမ်း
မျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် မြစ်ကြီးနား- ဗန်းမော်လမ်းကြောင်း အနီးတွင် လုံခြုံရေးအရ တပ်စွဲထားသည့်
လဂျားယန်စခန်းသို့ ရိက္ခာပို့ဆောင်ရေး ဆောင်ရွက်ရန် ကိစ္စရှိလာတိုင်း သက်ဆိုင်ရာမှတစ်ဆင့်
ကေအိုင်အေထံ ကြိုတင်အသိပေးခဲ့သော်လည်း ရိက္ခာပို့ခဲ့သည့် သုံးကြိမ်စလုံးတွင် မိမိရိက္ခာပို့စစ်
ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် အရာရှိစစ်
သည်များ ထိခိုက်ကျဆုံးခဲ့ရကြောင်း၊ အလားတူရိက္ခာပို့ဆောင်ရန်ရှိသည်ဟု ဒီဇင်ဘာလ ၂၃ ရက်
နေ့ တွင် ကြိုတင်အကြောင်းကြားခဲ့သော်လည်း တပ်မတော်တပ်ဖွဲ့များကို အင်အားသုံးတိုက်ခိုက်ခဲ့
သဖြင့် စစ်သည်များစွာ ထိခိုက်ကျဆုံးမှုဖြစ် ပေါ်ခဲ့သည်ဟု ထိုသတင်းတွင် ထည့်သွင်းဖော်ပြထား
သည်။
ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံ
များက ပြောကြားသည်။
ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က ဖြစ်ပျက်နေသော
အကြောင်းအရာများကို ကြားသိနေရသော်လည်း အသေးစိတ်အခြေအနေကို အတည်ပြုပြောကြား
ရန်ခက်ခဲကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။
"ဘယ်နေရာမှာဖြစ်နေတယ်။ ဘယ်လိုအခြေအနေဖြစ်နေပြီဆိုတာကိုတော့ ဦးတို့လည်း အတည်ပြု
ပေးဖို့ခက်တယ်။ အခု တောင် ၁ ရက်နေ့က လေကြောင်းနဲ့ တိုက်သေးတယ်လို့ကြားနေရတယ်။
ပြည်သူက ရွေးကောက်ပြီးဖြစ်လာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတော့မှ ဒီလိုမဖြစ်သင့်တော့ဘူး။
တစ်သက်လုံး အတူတူ နေလာကြတာ၊ အခုလေကြောင်းနဲ့ပါ တိုက်ခိုက်တယ်ဆိုတာ နှစ် ၅၀
အတွင်းမှာ အကြီးဆုံးပဲ။ အရင်ကလည်း တိုက်ခဲ့ကြတာပဲ၊ အဖြေမရခဲ့ဘူး။ အခုတိုက်နေကြလို့
လည်း အဖြေရမှာမဟုတ် ဘူး။ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှပဲ အဖြေရမှာ။ တိုက်နေလို
နှစ်ဖက်စလုံးက တိုင်းရင်းသားတွေပဲသေကြမှာ။ "ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ယုံကြည်မှု
တည်ဆောက်ရမယ်။ ညီအစ်ကိုမောင်နှမ စိတ်ထားရမယ်။ အချင်းချင်း မယုံကြည်မှတော့ ဆွေးနွေး
နေလည်း အလကားပဲ။ အချင်းချင်း အလျှော့မပေးဘဲ အတ္တ၊ မာနတွေထားနေရင် နှစ်ဖက် တိုင်းရင်း
သားတွေပဲ နစ်နာမယ်။ ဟိုဘက်၊ ဒီဘက်သေလည်း ဒုက္ခအဖြစ် ဆုံးက ပြည်သူပဲ။ အခု တိုက်နေ
ကြတာလည်း ပြည်သူ့ဘဏ္ဍာငွေပဲထိခိုက်တယ်"ဟု ဦးခက်ထိန်နန်ကပြောသည်။
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ တပ်မတော်သည် ကေအိုင်အေအဖွဲ့နှင့် ထာဝရငြိမ်းချမ်းရေး
ရရှိစေရန် ရည်ရွယ် ချက်ဖြင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု လေးကြိမ်၊ ပြည်နယ်အဆင့် တွေ့
ဆုံဆွေးနွေးမှု သုံးကြိမ်၊ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှု သုံးကြိမ် စုစုပေါင်း ၁၁ ကြိမ်
ပြုလုပ် ခဲ့သည်ဟု သိရသည်။
















