နယ်စပ်ဒေသများမှ တရားမဝင် တင်သွင်းလာသည့် အစားအသောက်များ ကြောင့် အထူးသဖြင့်
နယ်စပ်ဒေသမှ ကလေးငယ်များ၏ ကျန်းမာရေး အန္တရာယ် စိုးရိမ်ရလျက်ရှိသည်ဟု အဆိုပါဒေသ
များမှ တာဝန်ရှိသူများက ပြောသည်။
လက်ရှိအနေအထားအရ ၎င်းကို ကာကွယ်တားဆီးနိုင်ရန် စားသုံးသူ ကာကွယ်ပေးရေးဥပဒေကို
ရေးဆွဲလျက် ရှိရာ မူကြမ်းရေးဆွဲပြီးဖြစ်သဖြင့် အတည် ပြုနိုင်ရန် ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေပြီ
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသ များမှ အလွယ်တကူရရှိနိုင်သည့် အစားအသောက်များကို လူ
အများ ပိုမိုစား သောက်သည်ကိုတွေ့ရပြီး ကချင်ပြည်နယ် နယ်စပ်ဒေသတွင် နေထိုင်ကြသည့်
ကလေးငယ်များသည် ထိုအစားအသောက်များကြောင့် အသည်းရောဂါများ ဖြစ်ပွားလာနိုင်ခြေရှိ
သည်ကို တွေ့ရသည်ဟုု ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက
မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာလ၂၇ ရက် နေ့က ပြောသည်။
"ကျွန်မတို့ဒေသမှာရှိတဲ့ ကလေးငယ် တွေဟာ ဒေသထွက်ပစ္စည်းတွေနဲ့ လုံ လောက်နေကြပေမယ့်
တရုတ်ပြည်က ၀င်လာတဲ့ အသင့်စားအစားအသောက် တွေကိုပဲ စားနေကြတယ်။ စာသင်ကျောင်း
တွေမှာလည်း ဒီပစ္စည်းတွေပဲ ရောင်းနေကြတော့ ကလေးတွေအတွက် ပိုအန္တရာယ်ရှိပါတယ်"ဟု
ဒေါ်ဒွဲဘူက ပြောသည်။
ခေတ်စနစ်များ ပြောင်းလာသည်နှင့် အမျှ လူများသည် နေ့စဉ် အသင့်စားပစ္စည်းများအပေါ်တွင် မှီခို
နေကြပြီး နေ့စဉ်မဟုတ်တောင် အနည်းနှင့်အများ ဆိုသလို စားသုံးဖြစ်နေကြသည့် အသင့်စားအစာ
များ၊ အချိုရည်များနှင့် ကော်ဖီများတွင် တစ်နည်းမဟုတ်တစ်နည်းဖြင့် ပါ၀င်နေသည့် ဆီ၊ တာရှည်ခံ
ဆေးဝါးများ၊ ကာဗွန်များ၊ အရောင်လှစေရန် ထည့်ထားသော ဆေးများနှင့် အနံ့ အရသာအတုများ
ပါ၀င်နေသည်ကို တွေ့ရသည်။
"ဒီလိုအစားအသောက်တွေ ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချနေတာကြောင့် ကလေးငယ်တွေက
မက်မက်မောမော စားသုံးနေတာတွေ့နေရတော့၊ ပြီးတော့ နယ်စပ်ကနေဝင်လာတဲ့ ပစ္စည်း တွေက
ပါ၀င်ပစ္စည်း အမျိုးအစားတွေကို မသိနိုင်တာမို့ စားသုံးနေရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိ
တာတွေကို ခံစားနေရတယ်"ဟု စားသုံးသူကာကွယ် ပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်
လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂေဟဟိတအဖွဲ့မှ အဖွဲ့ဝင် မခင်ပပမျိုးက ပြောသည်။
"အခုလိုမျိုး တရားမဝင် ၀င်ရောက်လာတဲ့ အစားအသောက်တွေက နယ်စပ် ဒေသတွေမှာသာမက
ဘူး၊ မြို့ကြီးတွေရဲ့ ဈေးကွက်တွေထဲမှာပါ ကျယ်ကျယ်ပြန့် ပြန့် တွေ့နေရပါတယ်"ဟု ၎င်းက ပြော
ကြားသည်။
လက်ရှိအခြေအနေတွင် အစိုးရက တရားမဝင်တင်သွင်းလာသည့် အစားအသောက်များကို ကာ
ကွယ်တားဆီးရန် နှင့် ပြည်တွင်း၌ အစားအသောက် ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီများကို
မှန်မှန်ကန်ကန် ထုတ်လုပ်ရောင်းချစေရန် ဥပဒေဖြင့်ထိန်းသိမ်းရန် လိုအပ်ပြီး စားသုံးသူ ကာကွယ်
ပေးရေးအတွက် လူမှုရေးအဖွဲ့အစည်းများလည်း နည်းပါးလျက်ရှိနေသေးသည်ဟု ဒေါ်ဒွဲဘူက ပြော
သည်။
၎င်းသည် ၂၀၁၁ ခုနှစ်အတွင်းက လွှတ်တော်ကော်မတီ အစည်းအဝေး၌ စားသုံးသူကာကွယ်ရေး
ဥပဒေ လိုအပ်ကြောင်းကို စာတမ်းပြုစု တင်ပြခဲ့သူ တစ်ဦးဖြစ်သည်။
"ကျွန်မရဲ့စာတမ်းထဲမှာ ၁၉၉၀ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာ စာရဲ့ အချိုရည်နည်းပညာ
ဥပဒေကို ဆန့်ကျင်ပြီး အချိုရည်ထုတ်နေတာ၊ တင်သွင်း ခွင့်ပြုနေတဲ့အကြောင်းနဲ့ စံချိန်မမီတဲ့ ကုန်
ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တာကြောင့် စားသုံးသူတွေအတွက် လိုအပ်တဲ့ဥပဒေ
အကြောင်းကို တင်ပြခဲ့ပါတယ်"ဟု ဒေါ်ဒွဲဘူက ပြော ကြားသည်။
အာဆီယံနိုင်ငံများ၌ စားသုံးသူများ အခွင့်အလမ်းကို ကာကွယ်ပေးရေး လုပ်ငန်းများကို အဆင့်မြှင့်
တင် ဆောင်ရွက်ရန်အတွက် ၂၀၀၇ ခုနှစ်တွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အာဆီယံ ညှိနှိုင်း
ကော်မတီကို တရားဝင်ဖွဲ့စည်းခဲ့ ပြီးနောက် မြန်မာနိုင်ငံသည်လည်း အဆိုပါအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ
ဖြစ်ခဲ့သည်။
အာဆီယံနိုင်ငံများ၌ အဓိကစားသုံးသူ ကာကွယ်ရေးဥပဒေမရှိသော နိုင်ငံများမှာ စားသုံးသူဥပဒေ
များဖြစ်သည့် အစားအသောက်ဥပဒေ၊ ကုန်သွယ်မှု အမည်နှင့် အမှတ်အသားဆိုင်ရာဥပဒေ တို့ကို
အသီသီး ပြဋ္ဌာန်းထားရှိရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၌ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို လာမည့်ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်
သွယ် ရေးရာဝန်ကြီးဌာနမှ ပြည်တွင်းစားသုံးသူ အကာကွယ်ပေးရေးအဖွဲ့ဖြင့် ဌာနအသစ် ဖွဲ့စည်း
မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်
ကျော်က ပြောသည်။
"နယ်စပ်ကုန်သွယ်ရေးဌာနက နယ်စပ်ကနေ ၀င်လာတဲ့ လူသုံးကုန်ပစ္စည်း တွေကို အန္တရာယ်ကင်း
တဲ့ပစ္စည်းတွေဖြစ် အောင်၊ အရည်အသွေးမှန်အောင်၊ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုတွေ လုပ်လို့ရ
အောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဌာနနဲ့ ပူးပေါင်းမှုသာမက ပြည်တွင်းအဖွဲ့အစည်းတွေ
နဲ့ပါ ပူးပေါင်း ဆောင်ရွက်ဖို့ ဦးစီးဌာနအသစ်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေမှာ ပါ၀င်ပါတယ်"ဟု နယ်စပ်
ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။















