ကြေးနီစီမံကိန်း ရပ်ဆိုင်းသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဒေသခံများကဆို

ကြေးနီစီမံကိန်း ရပ်ဆိုင်းသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဒေသခံများကဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကြေးနီတောင်စီမံကိန်းတစ်ဝိုက်ရှိ ၀က်မှေး၊ ဇီးတော
ရွာ၊ ကန်တော၊ ဆည်တဲ စသည့် ရွာပေါင်း ၂၆ ရွာမှ ဒေသခံ ၅၀၀ ခန့် တက်ရောက်ကြသည့်
အစည်းအဝေးတစ်ခုကို ဇန်နဝါရီလ ၆ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတစ်ဝိုက်ရှိ
သပိတ်စခန်း ၌ ပြုလုပ်ခဲ့ကာ စီမံကိန်းရပ်ဆိုင်းသည် အထိ ဆက်လက်ဆောင်ရွက်သွားရန် ဆုံးဖြတ်
ခဲ့ကြသည်ဟု တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ သိပ္ပံဝိဇ္ဇာတက္ကသိုလ် ကျောင်းသားများကွန်ရက်မှ
ကိုသော်ဇင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ဇန်နဝါရီလကုန်လောက် ထွက်လာမယ့်ဟာကို ဘယ်
လိုသဘောထားလဲဆိုတာနဲ့ပတ်သက်ပြီး အစည်း အဝေးလုပ်တာ။ အဓိကကတော့ စုံစမ်း စစ်ဆေး
ရေးကော်မရှင်က လက်ပံတောင်းတောင်ကိစ္စ ဆက်လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာနဲ့ ပတ်
သက်ပြီး တော့ပေါ့။ မလုပ်သင့်တော့ဘူးလို့ ဆုံး ဖြတ်လာရင်တော့ ပြဿနာမရှိဘူး။ လုပ်သင့်တယ်
ဆိုရင်တော့ ဒေသခံတွေကတော့ လျော်ကြေးကိုထပ်တိုးပေးတာ မတိုးပေးတာ မလိုချင်ဘူး။ အား
လုံးရဲ့ ဆန္ဒက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးပဲ"ဟု ၎င်းက ရှင်းပြသည်။

"ဒေါ်စုပြောသွားတဲ့အထဲမှာ သူတို့ ကော်မရှင်လုပ်တဲ့ နောက်ဆုံးရလဒ်ကို ပြည်သူတွေ ကြိုက်ချင်မှ
လည်း ကြိုက်မယ်ဆိုပြီး ပြောသွားတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေသခံတွေအပေါ်မှာ အကျိုးထိခိုက်ဖို့
မရှိဘူးဆိုပြီး စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင်တော့ သူတို့ (ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေ)အနေနဲ့ မျှမျှ
တတဖြစ် အောင်တော့ လုပ်ကိုင်ရမှာပေါ့။ ဒါမှမဟုတ်ဘဲ စီမံကိန်းကို ဆက်လုပ်သွားမယ်၊ တောင်သူ
လယ်သမားတွေကတော့ နစ်နာနေရဦးမယ်ဆိုရင်တော့ ဒါဟာ သူတို့အမှားပဲ ဖြစ်မှာပေါ့" ဟု
ဆည်တဲရွာ ဒေသခံ ဦးမောင်မောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ သက်ဆိုင်ရာက
ထပ်မံတိုးချဲ့ ထုတ် ပြန်ခဲ့သည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြောင်း ကိုသော်ဇင်ကပြော
သည်။

ထို့ပြင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေစဉ်တွင် စီမံကိန်းများ ရပ်တန့်ခြင်း မပြုသည့်အတွက် ယနေ့
တိုင် ဒေသခံများ ထိုင်သပိတ်များ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ရ ရက်နေ့တွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံ
အမတ်ကြီး မစ္စတာလီကျွမ်းဝှာက ကြေးနီစီမံကိန်း နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်ပါ၀င်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်သမာသမတ်ကျပါက လက်ခံမည်
ဖြစ်ကြောင်းနှင့် လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်ပြီး ပြည်သူများက လျော်ကြေးငွေကိစ္စ
များတွင် ကျေနပ်မှု မရှိသေးပါက တရားဥပဒေဘောင် အတွင်းမှ ညှိနှိုင်းဆောင်ရွက်ပေးရန် အသင့်ရှိ
ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ကျွမ်းကျင်သူ ပညာရှင်
များပါ၀င်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် စီမံကိန်းဒေသ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို
စစ်ဆေးလျက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းတွင် ကြေးနီစီမံကိန်း အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြ
သွားမည် ဖြစ်သည်။

ထိုသို့ ထွက်ရှိလာမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် ၀မ်ပေါင်ကုမ္ပဏီနှင့်
လက်ပံတောင်းတောင် စီမံကိန်းတာဝန်ခံ ဦးမြင့်အောင် ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကော်မရှင် က
စစ်ဆေးပြီး ထုတ်ပြန်ချက်ထုတ်ပြီးမှသာ သိလိုသမျှ ဖြေကြားနိုင်မည်ဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကို
ပြန်လည်ဖြေကြားခဲ့သည်။

"လက်ရှိအခြေအနေမှာ ကော်မရှင် အဖွဲ့ကော၊ တာဝန်ပေးတဲ့အဖွဲ့တွေ ကောလာနေကြတော့
ဒီကြားထဲ ဘာမှ မဖြေချင်သေးပါဘူး"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး