မြန််မာကို ချေးငွေသစ်ထုတ်ချေးပေးရန် ဂျပန် ကတိပြု

မြန််မာကို ချေးငွေသစ်ထုတ်ချေးပေးရန် ဂျပန် ကတိပြု

ဂျပန်အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးသွားမည်ဖြစ်သလို ချေးငွေအသစ်
များကိုလည်း ပေးအပ်သွားမည်ဟု မြန်မာနိုင်ငံနှင့် စီးပွားရေးဆက်သွယ်မှုများ တိုးတက်လာစေရန်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဂျပန်ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ တာရိုအာဆို
က ပြောကြားခဲ့သည်။

ထို့ပြင် တည်ဆောက်ရန် စီစဉ်ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင်လည်း ဂျပန်က
ပါ၀င်ဆောင်ရွက်ရန် စဉ်းစားသွားမည်ဟု တာရိုအာဆို က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်
ပြောကြားခဲ့သည်ဟု ဂျပန်အရာရှိတစ်ဦး က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

တာရိုအာဆို၏ မြန်မာနိုင်ငံခရီးစဉ်က ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေး ပေါ်လစီတွင် မြန်မာနိုင်ငံ
ကို အရေးပါသည့်နေရာတွင် ထားရှိကြောင်းကို ပြသခြင်းလည်း ဖြစ်သည်။

ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်
နေချိန်ဖြစ်ပြီး အမေရိကန်နှင့် ကုလသမဂ္ဂတို့က လေကြောင်းမှ တိုက်ခိုက်မှုများ ရပ်တန့်ရန် မြန်မာ
အစိုးရကို တိုက်တွန်းနေချိန်တွင် လာရောက်ခဲ့သည့် ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်တွင် ယခင် ဂျပန်အစိုးရက
မြန်မာနိုင်ငံသို့ တင်ရှိနေသည့် ကြွေးမြီ ယန်း ၅၀၀ ဘီလျံမှ ၃၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၃
ဒသမ ၄ ဘီလျံ)ကို လျှော်ပစ်ရန် ကြေညာခဲ့သည်။

နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့သည့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍ အဆင့်မြှင့်တင်ရန်၊
ကျေးလက် ဒေသများ ဖွံ့ဖြိုးရေးနှင့် စီစဉ်ထားသည့် စက်မှုဇုန်များတည်ဆောက်ရန်အတွက် ယန်း
ဘီလျံ ၅၀ အား ချေးငွေသစ်အဖြစ် ပေးအပ်မည်ဖြစ်သည်ဟု တာရိုအာဆို က အတည်ပြုပြောကြား
ခဲ့သည်။

အဆိုပါချေးငွေများသည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံအတွက် ဂျပန် က ပထမဆုံး ပြန်လည်
ပေးအပ်မှုလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် နှင့် ၎င်း၏ ပျက်စီးယိုယွင်းနေသည့်အခြေခံအဆောက်အအုံများ
တိုးတက် ကောင်းမွန်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကိုလိုလားနေသလို ပို့ကုန်အားပြုနေရသည့်
ဂျပန်နိုင်ငံအနေဖြင့်လည်း ပြည်တွင်းတိုးတက်မှုနှုန်း ကျဆင်းလာမှုကို တန်ပြန်ရန်အတွက် စွမ်းအင်
အရင်း အမြစ်ကြွယ်ဝသည့် မြန်မာနိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေနေသည်။

ရန်ကုန်မြို့အနီး သီလဝါ၌ စက်မှုဇုန်ကြီးတစ်ခု တည်ဆောက်ရေးအတွက် စတင်ဆောင်ရွက်ရန်
လွန်ခဲ့သည့်လက နှစ်နိုင်ငံသဘောတူညီခဲ့ကြသည်။

ဧက ၆,၀၀၀ ကျယ်ဝန်းမည့် သီလဝါစီမံကိန်း၌ ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ပါ၀င်မည်ဖြစ်ပြီး ၂၀၁၅
ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ
သိရသည်။

တာရိုအာဆိုသည် အဆိုပါ ဒေသသို့လည်း သွားရောက်ခဲ့သည်။

ကြီးမားသည့် သီလဝါစီမံကိန်းကို မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် မာရူဘီနီကော်ပိုရေးရှင်းများက ပူးပေါင်း
အကောင်အထည်ဖော်မည်ဟု ခန့်မှန်းထားသည်။

ဂျပန်ကို ထားဝယ်စီမံကိန်းတွင်လည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာက လိုလားနေသော်လည်း
သီလဝါကိုသာ ဦးစားပေးလုပ်ဆောင်သွားမည်ဟု ဂျပန် က ပြောကြားထားသည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး