မသန်စွမ်းသူများကိုကာကွယ်မည့် ဥပဒေပြဋ္ဌာန်းပေးရေး တောင်းဆို

မသန်စွမ်းသူများကိုကာကွယ်မည့် ဥပဒေပြဋ္ဌာန်းပေးရေး တောင်းဆို

မသန်စွမ်းသူများကို ပိုမိုထိရောက်သည့် ဥပဒေများဖြင့် ကာကွယ်ပေးနိုင်ရန်အတွက် တည်ဆဲဥပဒေ
များကို သုံးသပ်၍ ထပ်မံပြင်ဆင်ဆောင်ရွက်ပေးရန် မသန်စွမ်းလူမှုအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်
များနှင့် နိုင်ငံရေးကဏ္ဍအသီးသီး မှ ပုဂ္ဂိုလ်များက ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော
ကြေညာချက်တွင် ဖော်ပြထားသည်။

အချက် ခြောက်ချက်ပါ၀င်သော အဆိုပါကြေညာချက်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က
အသက် ၁၂ နှစ်အရွယ်မသန်စွမ်းမိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသော ဖြစ်စဉ် အပြီးတွင်
ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်သည် ယဉ်ကျေးသော လူမှုအဖွဲ့ အစည်းမှ လက်မခံနိုင်သော၊
လူမဆန် သော အဖြစ်အပျက်ဖြစ်ကြောင်း၊ ယင်း အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပေါ်စေရန် မသန်စွမ်း
သူများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် တည်ဆဲဥပဒေများ ကိုသုံးသပ်ပြီး ဖြည့်စွက်ပြဋ္ဌာန်းပေး
ရန် နှင့် ယင်းကဲ့သို့ ထပ်မံမပြုမူကြစေရန် ကျူးလွန်သူကို စံပြအဖြစ်အရေးယူရန် ၀ိုင်းဝန်း တောင်းဆို
ရန်အတွက် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါမိန်းကလေးငယ်မှာ တောင်ဒဂုံမြို့နယ်၌ နေထိုင်သူဖြစ်ပြီး Cerebral Palsy ခေါ် သူငယ်နာ
အကြောသေ ရောဂါကို ခံစားနေရသူဖြစ်ကာ မိဘများ ပြင်ပသို့သွားနေခိုက်တွင် အသက် ၂၈ နှစ်
အရွယ်အိမ်နီးချင်းဖြစ်သူ၏ ပြုကျင့်မှုကို ခံရခြင်းဖြစ်သည်။

ယင်းသို့ ထိခိုက်ခံရသူနှင့် မိသားစုကို လုံခြံုစွာပြန်လည်ထူထောင်ရန်အတွက် နိုင်ငံတော်မှတာဝန်ယူ
ပံ့ပိုးဆောင်ရွက်ပေးရန်ကိုလည်း တောင်းဆိုထားသည်။

"ကျူးလွန်ခံရတဲ့သူက မသန်စွမ်းသူ ဖြစ်တဲ့အတွက် ပြစ်ဒဏ်က ပိုပြီးပြင်းပြင်း ထန်ထန် ဖြစ်သင့်ပါ
တယ်။ ဥပဒေဆိုတာ လူတွေကို လိုအပ်ရင် လိုအပ်သလို အကာအကွယ်ပေးရမယ်။ မသန်စွမ်းသူ
တစ်ယောက်နဲ့ သာမန်လူတစ်ယောက်လို မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း မတူ နိုင်ပါဘူး" ဟု
ရွှေမင်းသားဖောင်ဒေးရှင်း ၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

"မသန်စွမ်းတွေကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့် သက်ဆိုင်ရာ Related Law တွေ မရှိသေးဘူး။
ပြဋ္ဌာန်းချက် တွေကလည်း အားနည်းနေသေးတယ်"ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူများ၏ အရေးကိစ္စသည် လွှတ်တော်အတွင်း စိတ်ဝင်စားမှုနည်းနေသေးကြောင်းနှင့်
မသန်စွမ်းသူများကို ကာကွယ်ရန် ဥပဒေများကို ပြင်ဆင် ဆွေးနွေးပေးရန် လွှတ်တော်သို့ တင်ပြရန်
ကြိုးစားသွားမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ အဖွဲ့ဝင်ရှေ့နေဦးအောင်သိန်းက "မသန်စွမ်းသူကို ပြုကျင့်တဲ့ပုဒ်မ
ရယ်လို့ သီးခြားတော့ မရှိပါဘူး။ အခုကိစ္စမှာ အသက်မပြည့်သေးတဲ့ကလေးလည်း ဖြစ်တယ်။ ပုံမှန်
မဟုတ်တဲ့ ပြုကျင့်မှုမျိုးလည်းဖြစ်တယ်ဆိုတော့ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း
အထိ ဖြစ်နိုင်ပါ တယ်" ဟု ပြောသည်။

မသန်စွမ်းသူများအား အကာအကွယ် ပေးရေးလှုပ်ရှားမှုများ ကျယ်ပြန့်စွာပေါ် ပေါက်လာစေရန်
အတွက်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းများ ပိုမိုအားကောင်း စွာ ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း
အဆိုပါ ကြေညာချက်တွင် တိုက်တွန်းထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဂျင်မီက အရပ်
ဘက် လူ့အဖွဲ့အစည်းများ ပိုမိုအားကောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောသည်။

"လူမသိသူမသိနဲ့ ပြီးသွားရတဲ့ ဒီလိုကိစ္စတွေ ဘယ်လောက်များနေပြီလဲ။ အရပ်ဘက်အဖွဲ့အစည်း
တွေ အားကောင်းပြီး ဥပဒေကိုအကောင်အထည်ဖော်တဲ့ဌာန၊ အသုံးပြုတဲ့ဌာနတွေရဲ့ အားနည်းချက်
တွေ မှန်သမျှကို အရပ်ဘက်လူအဖွဲ့အစည်းနဲ့ အားဖြည့်ရမယ်" ဟု ၎င်းက ပြောသည်။

နောက်နောင် ယင်းကဲ့သို့ ကိစ္စများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် မသန်စွမ်းကလေးငယ်များ၏ မိဘ
များအနေဖြင့် မိမိကလေးငယ်များကို မည်သို့ စောင့်ရှောက်ရမည်ကို သေချာစွာသိသင့်သည်ဟု
မြန်မာနိုင်ငံ အော်တစ်ဇင်အသင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ အော်တစ်ဇင်ကလေး၏ မိခင်က ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၁
ခုနှစ်၊ ဒီဇင်ဘာလက လက်မှတ်ရေးထိုးထားသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး