လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ များကွန်ရက်(HRDP) ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ၊ သို့မဟုတ်
မတ်လခန့်တွင် တရားဝင်မှတ်ပုံတင်သွားရန် အပြင်းအထန်ကြိုးစားနေကြောင်း အဖွဲ့တည်ထောင်သူ
ဦးမြင့်အေးက ပြောသည်။
"မဖြစ်ဖြစ်အောင်လုပ်မှာပါ။ ပြီးတော့ HRDP ကို တကယ်သဘောပေါက် လက်ခံမှ အဖွဲ့ဝင်အဖြစ်
လက်ခံမှာပါ။ HRDP ကို တလွဲအဓိပ္ပာယ်ကောက်ထားတဲ့လူရှိရင် ပြန်ပြီးစိစစ်ဦးမှာပါ"ဟု ၎င်းက
ပြောသည်။
မှတ်ပုံတင်ခွင့် လက်ခံ လက်မခံမှာ အစိုးရအပိုင်းသာဖြစ်ပြီး ၎င်းတို့အဖွဲ့ အနေဖြင့် လူ့အခွင့်အရေးနှင့်
ပတ်သက်ပြီး တည်တည်တံ့တံ့နှင့် လုပ်ကိုင်ချင်သည့်အတွက် ယခုလို ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း
၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ နို၀င်ဘာလ ၁၉ ရက်နေ့ က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း
သား ၆၆ ဦးအား ထပ်မံလွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅၀ ၀န်းကျင် ပါ၀င်သည့်အနက်
လွိုင်ကော်အကျဉ်းထောင်မှ ဦးမြင့်အေး ပါ၀င်လွတ်မြောက်လာခဲ့သည်။
"ထောင်ထဲကထွက်ပြီးနောက်ပိုင်း လူ့အခွင့်အရေးရှုထောင့်ကကြည့်ရမယ်ဆိုရင် လူ့အခွင့်အရေးက
ဘာမှတိုးတက် ပြောင်းလဲလာတာ မရှိသေးပါဘူး။ လူ့ အခွင့်ရေး အချိုးဖောက်ခံရဆုံးကတော့
ကလေးစစ်သားကိစ္စတွေရှိနေတုန်းပဲ။ တခြား လယ်သိမ်းယာသိမ်းကိစ္စတွေလည်း ရှိတုန်းပဲ"ဟု ၎င်း
ကပြောသည်။
အစိုးရအနေဖြင့်လည်း ယခုကိစ္စများကို တာဝန်ယူဖြေရှင်းရန် ၎င်းတို့အနေ ဖြင့် အခက်အခဲတစ်ခု
ကြောင့် ဖြစ်နိုင် သော်လည်း မည်သည့် အကောင်အထည်ဖော်မှုမှ မရှိသေးသည်ကို တွေ့ရသည်ဟု
၎င်းကပြောသည်။
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားထားမှုများ
အနက် မြေသိမ်းယာသိမ်းအမှုများက အများဆုံးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီကို တိုင်ကြားမှု အများဆုံးကလည်း
လယ်သိမ်းယာသိမ်းအမှုများမှာ အများဆုံးပင်ဖြစ်သည်။
ဦးအေးမြင့် ခေါင်းဆောင်သည့် HRDP အဖွဲ့သည် လူ့အခွင့်အရေးနှင့် ပတ်သက်သည်များကို
လုပ်ဆောင်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည်။















