လွှတ်တော်အစည်းအဝေးများ ပြန်လည် စတင်ကျင်းပ

လွှတ်တော်အစည်းအဝေးများ ပြန်လည် စတင်ကျင်းပ

လွှတ်တော် အသီးသီး၏ ပထမအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို ယခုလ ၉ ရက်မှစတင်၍
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပခဲ့ပြီး ဘက်ဂျက်ရေးရာများ၊ ကချင်ပြည်နယ်
တွင် ဖြစ်ပွားနေသော စစ်ပွဲများအရေးနှင့် စီမံကိန်းကြီးများနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေး
သွားမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

စတင်ကျင်းပသည့် ယခုလ ၉ ရက်က အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်အစည်းအဝေး
များကျင်းပခဲ့ပြီး ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ကျင်းပခဲ့သည်။

လွှတ်တော်အစည်းအဝေးများတွင် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းဥပဒေအပြင် ယင်းနှစ်
အတွက် ပြည်ထောင်စုဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေနှင့် အခွန်ဥပဒေများ၊ အထူးစီးပွား ရေးဇုန်နှင့်
မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် ရှိသောကြောင့် ယခင်အစည်း
အဝေးများထက် အချိန်ပိုမိုကြာမြင့်ဖွယ်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က
နေပြည်တော်၌ ကျင်းပသည့် လွှတ်တော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

၀န်ကြီးဌာနတချို့၏ ခေတ်နှင့် မလျော်ညီသော စီမံကိန်းကြီးအချို့ရပ်ဆိုင်ရေးကိုလည်း ဆွေးနွေးရန်
ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

"တချို့စက်ရုံတွေက ရပ်နေတယ်။ တချို့စက်ရုံတွေက အရှုံးခံလည်ပတ် နေတာတွေ ရှိတယ်။ အဲဒီ
ထဲက အချို့ကို ပုဂ္ဂလိကလွှဲဖို့ သင့်တယ်"ဟုပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက
ပြောသည်။

ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူအနေဖြင့် အဆိုတင်သွင်းရန် စီစဉ်
ထားခြင်း မရှိသော်လည်း နေပြည်တော်ကောင်စီနယ်မြေတွင် တောင်သူများအား နေပြည်တော်
စည်ပင်သာယာရေးဥပဒေ၊ သစ်တော ကြိုးဝိုင်းဥပဒေများနှင့် ဖမ်းဆီးအရေးယူ နေမှုများနှင့်
ပတ်သက်၍ မေးခွန်းများ မေးရန်စီစဉ်ထားသည်ဟု ပြောသည်။

"ဘတ်ဂျက်ရေးရာတွေမှာ အခြေအနေပေါ်မူတည်ပြီး ၀င်ရောက်ဆွေး နွေးမယ်။ စီမံကိန်းကြီးတွေနဲ့
ပတ်သက်တာတွေမှာလည်း ၀င်ရောက်ဆွေးနွေးမယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ကချင်ပြည်နယ်၌ ဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်၍ အရေးကြီး အဆိုအဖြစ်တင်မည်
ကို ကြားသိနေရ၍ ငြိမ်းချမ်းရေးကို ရည်ရွယ်ကာ ၀င်ရောက် ဆွေးနွေးမည်ဟု ၎င်းက ပြောသည်။

"ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင်ရခြင်းအကြောင်း သုံးချက်အနက်က
တစ်ချက်ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်မကတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေ တင်ပြ ဆွေးနွေးဖို့ ရှိပါတယ်"ဟု
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး