ပထမဆုံးအကြိမ် ဧရာဝတီစာပေပွဲတော်တွင် နိုင်ငံတကာတန်းဝင်စာဆိုရှင်များ ပါ၀င်ဆင်နွှဲမည်

ပထမဆုံးအကြိမ် ဧရာဝတီစာပေပွဲတော်တွင် နိုင်ငံတကာတန်းဝင်စာဆိုရှင်များ ပါ၀င်ဆင်နွှဲမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကူညီပြီး မြန်မာနိုင်ငံတွင်
ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ဧရာဝတီစာပေပွဲတော်အားလာမည့် ဖေဖော်ဝါရီလ၁ရက်နေ့မှ
၃ ရက်နေ့ အထိ ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်တွင် နိုင်ငံ
တကာတန်းဝင် ပြည်တွင်းပြည်ပ စာဆိုပညာရှင်မြောက်မြားစွာ ပါ၀င်ဆင်နွှဲမည်ဟု ဇန်နဝါရီလ ၆
ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပွဲစီစဉ်သူ မစ္စ Jane Heys က ပြောသည်။

"ကျွန်မတို့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်တာက ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ကပါ။ အဲဒီအချိန်မှာ
ရန်ကုန်မြို့အနှံ့ ဟိုဒီ အလုပ်ကိစ္စနဲ့သွားတဲ့အချိန်မှာ တချို့လမ်းပေါ်က မြန်မာလူမျိုးအချို့က
အင်္ဂလိပ်ဘယ်ကလာတာလဲ၊ ဘယ်ကို သွားနေတာလဲ စသဖြင့် မေးကြပါတယ်။ မြန်မာနိုင်ငံသား
အတော်များများက အင်္ဂလိပ်လို ပြောတတ်နေတာ သတိထား မိပါတယ်။ ကျွန်မတို့က သူတို့နဲ့ပြော
တော့ သူတို့ကြောက်လို့လားမသိ ဆက်မပြောကြတော့ပါဘူး။ သူတို့အတော် လေးတော့ တတ်ကြ
မှာပါ။ နောက် မြန်မာနိုင်ငံမှာ အင်္ဂလိပ်စကား ကောင်း ကောင်းပြောတဲ့ မျိုးဆက် အဆက်ပြတ်သွား
တဲ့အတွက် ဒါကို တစ်ဖန်အားပေး လှုံ့ဆော်ဖို့အတွက် ဒီပွဲကိုစီစဉ်ဖြစ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်
နဲ့ တွေ့ဆုံစဉ်မှာလည်း အဲဒီလို နိုင်ငံတကာ စာဆိုတွေကို မြန်မာနိုင်ငံဖိတ်ပြီ ဒီလို ပွဲတော်လေး
လုပ်ချင်တာကို ပြောပြလိုက် တော့ ချက်ချင်းကို သဘောတူခဲ့ပါတယ်"ဟု ပွဲတော်စီစဉ်သူ မြန်မာ
နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်၏ ဇနီးဖြစ်သူ Jane Heys က မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ဒေါ်ဆောင်ဆန်းစုကြည်အား ပွဲတော်ကိုဦးဆောင်စေခြင်းဖြင့် ယခု ပွဲတော်မှာ နိုင်ငံတကာ
အတိုင်းအတာအထိ ပျံ့နှံ့စေခဲ့ပြီး နိုင်ငံတကာစာဆိုများ နှင့် ပြည်တွင်းစာဆိုများကို ပိုမိုဆွဲဆောင်
နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

"ကျွန်မလည်း အရင်တုန်းက ဘာပွဲမှ စီစဉ်ခဲ့ဖူးတာ မရှိပါဘူး။ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်
ပါ၀င်လို့သာ အခု လောက်လုပ်ဖြစ်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကူညီပံ့ပိုးသာမရှိရင်
ကျွန်မတို့ ဒီလောက်လုပ်နိုင်မှာ မဟုတ်ပါဘူး"ဟု Jane Heys က၊ပြောသည်။

"စာအုပ်စာပေဆိုတာ ကျွန်မဘဝမှာ အမြဲအရေးပါပါတယ်။ ဒီပွဲကို တက်ရောက်လာမယ့်သူတွေကို
ကမ္ဘာ့စာပေနဲ့ ထိတွေ့ဖို့အားပေးရာ ရောက်သလို သူတို့ရဲ့ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှု
အတွက်လည်း အားပေးရာရောက်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်မကိုယ်တိုင်လည်း ပါ၀င်ဆင်နွှဲမှာပါ"
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ပွဲတော်အတွင်း စာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ တွေ့ဆုံဆွေးနွေးပွဲ၊ သတင်းဓာတ်ပုံ ပြပွဲ၊
စာအုပ် အရောင်းတန်း၊ လက်မှုပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေပွဲများ ပါ၀င်မည်
ဖြစ်သည်။

ပွဲတော်တွင် ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာသင်ဆရာများက မိဘများအတွက် အင်္ဂလိပ်ဘာသာ
စကား အလုပ်ရုံဆွေးနွေးပွဲနှင့် ကလေးများအတွက် ပညာရေးဆိုင်ရာ ပျော်ရွှင်ဖွယ်အစီအစဉ်များကို
ထည့်သွင်းထားသည်။

ပွဲတော်ဝင်ခွင့်အား ကနဦး၌ အခမဲ့ စီစဉ်ထားသော်လည်း ပွဲတော်အား လေးစားတန်ဖိုးထားရန်
ရည်ရွယ်ပြီး ကျပ် ၁,၅၀၀ နှုန်းဖြင့်သာ ရောင်းချခြင်းဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

ပွဲတော်လက်မှတ်များအား ဇန်နဝါရီ လ ရ ရက်နေ့မှ စတင်ခါ အင်းလျားကန် ဟိုတယ်၊ ဗြိတိသျှ
ကောင်စီနှင့် တူဒေးစာအုပ်ဆိုင်များ၌ ၀ယ်ယူနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး