ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်း
များအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးတို့
အတွက် 'လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး'ကော်မတီကို ဇန်နဝါရီလ ၈ ရက်နေ့က
ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ သမ္မတရုံးဝက်ဘ်ဆိုက်၌ ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ကြေ
ညာထားသည်။
အဖွဲ့ဝင် ၁၀ ဦးပါ၀င်သော ထိုကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌ
အဖြစ် တာဝန်ယူထားသည်။
အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊
သမ္မတရုံး ၀န်ကြီးဌာန(၁)မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်
စုဝန်ကြီး ဦးစိုးမောင်၊ သမ္မတ ရုံးဝန်ကြီးဌာန(၃)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီး
ဌာန(၅)မှ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ
ထွန်းရှင်၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့မှ အဖွဲ့ဝင် ဦးသန်းကျော်တို့က ပါ၀င်ပြီး
နိုင်ငံတော် သမ္မတရုံး မှ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်
ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။
မြန်မာနိုင်ငံ၌ လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရန်နှင့် ထိုအတွက် အစိုးရအရာရှိများအား
သင်တန်းများပေးရန် ဆွေးနွေးမှုများပြုလုပ်ထားသော ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်း၏
မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ဖြစ်သော မစ္စတာဂျေဆင်အလိုက်က ယခုကော်မတီ ဖွဲ့စည်းလိုက်
ခြင်းမှာ မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူ ပြဿနာမှာ 'ကောလာဟလ မဟုတ်ဘူး'ဆိုသည့်
အချက်အား ပြသနေခြင်းပင်ဖြစ်ကြောင်း ပြောသည်။
"နောင်ဆိုရင် ဒီလာဘ်ပေးလာဘ်ယူ ကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ အကြောက်အလန့်မရှိဘဲ ပြောလို့
ရပြီ။ တစ်နိုင်ငံလုံးအနေနဲ့ ဒီပြဿနာကို အမှန်တကယ် ကောင်းမွန်အောင်ဖို့ဆိုရင် ဒါဟာ အခြေခံ
လိုအပ်ချက်တစ်ခုပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကော်မတီ၏ လုပ်ဆောင်ချက်နှင့် လုပ်ငန်းနယ်ပယ်များအား လက်ရှိအချိန်တွင် မသိရှိနိုင်သေးသော်
လည်း ကော်မတီဖွဲ့စည်းလိုက်ခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လာဘ်စားမှုတိုက်ဖျက်ရေး
ဆိုင်ရာ သဘောတူစာတမ်း (UNCAC)အား အပြည့်အဝအကောင် အထည်ဖော်ရာတွင် အထောက်
အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စတာအလိုက်က ပြောသည်။
ကော်မတီဖွဲဲ့စည်းမှုတွင် ကုလသမဂ္ဂ၊ လူမှုအဖွဲ့အစည်းနှင့် အခြားသော ပညာရှင်များပါ၀င်ခြင်းမရှိ
သည့်အပေါ်တွင် လည်း ၎င်းက UNCAC ၏သတ်မှတ်ချက်အရ လာဘ်ပေးလာဘ်ယူမှုများကို
တိုက်ဖျက်ရာတွင် လူမှုအဖွဲ့အစည်းများပါ၀င်ရန် တောင်းဆိုမှုများရှိသည့်အပြင် အခြားသော
လွတ်လပ်သည့်အဖွဲ့အစည်းများလည်းရှိရန် လိုအပ်ကြောင်း ပြောသည်။
သို့သော်လည်း ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လက်ရှိလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော လာဘ်
ပေးလာဘ်ယူမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းပြီးနောက် အခြားသောအဖွဲ့များ ဖွဲ့စည်းမှုရှိမရှိကိုလည်း
စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။















