ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်၍ စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်မရသေး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်၍ စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်မရသေး

မြန်မာ့တပ်မတော်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော်(ကေအိုင်အေ) တို့အကြား ဖြစ်ပွားနေ
သည့်စစ်ပွဲများ ရပ်တန့်သွားရေးအတွက် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ဒွဲဘူက လူ ၁,၀၀၀ ကို ဦးဆောင်၍ မြစ်ကြီးနားမြို့၊ မနောကွင်း၌ ဆန္ဒဖော်ထုတ်
ရန် လျှောက်ထားမှုကို သက်ဆိုင်ရာက ခွင့်မပြုသေးကြောင်း ကာယကံရှင်က ပြောသည်။

"အခါကြီးရက်ကြီးဖြစ်တယ်။ ဥပဒေနဲ့ မညီဘူးဆိုပြီး ခွင့်မပြုတာလို့ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး
က ပြောပါတယ်" ဟု တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ဒွဲဘူက မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို တယ်လီဖုန်းမှတစ်ဆင့်
ဖြေကြားသည်။

ယခုလ ၁၀ ရက်တွင်ကျရောက်မည့် ကချင်ပြည်နယ်နေ့တွင် ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခဲ့ခြင်း
ဖြစ်ပြီး ယခုလ ရ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် ကချင်ပြည်နယ်လွှတ်တော် ကျင်းပမည့်ရက်
များနှင့် တိုက်ဆိုင်နေ၍ ခွင့်မပြုခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြောင်း
ဒေါ်ဒွဲဘူက ပြောသည်။

ယခုလ ၁၄ ရက်တွင် ပြီးစီးမည့် ကချင်ပြည်နယ် လွှတ်တော်အပြီးမှသာ ပြန်လည်လျှောက်ထားရန်
သက်ဆိုင်ရာက ပြောကြားသဖြင့် ယခုလ ၁၅ ရက်တွင် ထပ်မံတင်ပြမည်ဟု ၎င်းက၊ပြောသည်။

"အခါကြီးရက်ကြီးမှာ ဆန္ဒဖော်ထုတ်ခွင့်မရှိဘူးဆိုတာ ကျွန်မတော့ နည်းဥပဒေမှာ မတွေ့ပါဘူး။
နိုင်ငံတကာမှာလည်း လွှတ်တော်တွေကျင်းပချိန်မှာလည်း ဆန္ဒဖော်ထုတ်ကြပါတယ်" ဟု ၎င်းက
ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် မြစ်ကြီးနားမြို့ အနီးရှိ ဧရာဝတီမြစ်ကမ်းမှ ကျောက်ခဲများကို လူတစ်ဦးလျှင်
တစ်လုံးစီ ကောက်ယူ၍ မြစ်ကမ်းဘေးတွင် ပုံထားမည့်အစီအစဉ်လည်း ပါ၀င်သည်ဟု ၎င်းက ပြော
သည်။

"ငြိမ်းချမ်းရေး မရမချင်းလုပ်မှာပါ။ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း ပါ၀င်နိုင်ပါတယ်"ဟု ၎င်းက ပြော
သည်။

ထို့ပြင် မနောကွင်းအတွင်းတွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ ဒေသခံအချို့မှ ငြိမ်းချမ်းရေးနှင့်
ပတ်သက်သည့်စကားများ ပြောကြားခြင်းပြုလုပ်မည်ဖြစ်ပြီး မြစ်ကြီးနားမြို့တွင်းသို့ ငြိမ်းချမ်းရေး
တောင်းဆိုသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ အော်ဟစ်ကြွေး ကြော်ခြင်းမပြုဘဲ လှည့်လည်ကာ
မနောကွင်းသို့ ပြန်လည်သွားရောက်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး