မြန်မာအစိုးရနှင့် တိုင်းရင်သားလက်နက် ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသော ပဋိပက္ခများ
ကို တစ်ဦးနှင့် တစ်ဦး လက်နက်အားကိုး၍ ဖြေရှင်းခြင်းသည် မည်သည့် အဖြေရလဒ်မှ ထွက်လာ
မည် မဟုတ်ဘဲ စစ်၏ အနိဋ္ဌာရုံများကိုသာ ခံစားခဲ့ရသည်ဟု မကြာသေးမီက ကေအင်န်ယူဥက္ကဋ္ဌ
သစ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောသည်။
"အကြောင်း အမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် သေနတ်နဲ့ ပစ်ကြတယ်။ သူသေ
ကိုယ်သေပေါ့လေ။ ဒါပေမယ့် အဖြေက မထွက်ခဲ့ဘူး" ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောသည်။
"စစ်ဖြစ်လာတယ်ဆိုရင် စစ်ရဲ့ အနိဋ္ဌာရုံ တွေဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး" ဟု ၎င်းက
ဖြည့်စွက် ပြောသည်။
"တကယ်တော့ဗျာ။ ပြည်သူလူထုက မြေစာပင်ဖြစ်ရတာပေါ့။ ဒီဒုက္ခသည်တွေဟာ ကျွန်တော်တို့
သားသမီးတွေ၊ မိဘတွေဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်မယ်
ဆိုတာ ပြန်ပြီးခံစားကြည့်ပါ" ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်
မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။
တိုက်ပွဲများကြောင့် လုံခြံုရေးစိတ်မချရသဖြင့် စစ်ဘေးတိမ်းရှောင်သူပေါင်းမှာ မြန်မာအစိုးရထိန်းချုပ်
ထားရာဒေသများတွင် လေးသောင်းကျော်နှင့် ကေအိုင်အေထိန်းချုပ်ရာဒေသတွင်လည်း
လေးသောင်းကျော်ရှိပြီး စစ်ပွဲကြောင့် ကလေးသူငယ်များလည်း စာသင်ကြားရခြင်းမရှိဘဲ ကျန်းမာ
ရေး၊ လူမှုရေးနှင့် စားရေးသောက်ရေးများလည်း ချို့တဲ့နေကြသည်ဟု ဦးအောင်မင်းက ပြောသည်။
"ကိုယ့်အိမ်မှာကိုယ်မနေရရင် ချို့တဲ့ကြတာပေါ့။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်လည်း ဆွေးနွေး
ပွဲတိုင်းမှာ အိုင်ဒီပီကိစ္စကို ထည့်ပြောပါတယ်" ဟု သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦး
လည်းဖြစ်သူ ဦးအောင်မင်းက ပြောသည်။
"စစ်ဖြစ်တဲ့သူတွေကိုတော့ ကျွန်တော်တို့က အတတ်နိုင်ဆုံး ဒါတွေဟာ မကောင်းဘူး။ ဒါတွေကို
မလုပ်ဖို့ ကျွန်တော်တို့ တားပါတယ်။ သို့သော်လည်း ဒါတွေကို တားလို့မရခင်မှာ ဒီကိစ္စကို စဉ်းစား
ပေးပါလို့ ကျွန်တော် ပြောပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာအစိုးရထိန်းချုပ်ရာဒေသတွင်းရှိ အိုင်ဒီပီများကို အစိုးရက ထောက်ပံ့မှုများပြုလုပ်နေပြီး
ကေအိုင်အေထိန်းချုပ် ရာဒေသရှိ အိုင်ဒီပီများကို အင်န်ဂျီအိုများက ထောက်ပံ့ပေးနေသည်ဟုလည်း
ဦးအောင်မင်းက ပြောသည်။
"ယူနီဆက်ဖ်လိုမျိုး၊ ယူအင်န်အိပ်ချ် စီအာရ်လိုမျိုးက သူတို့နယ်မြေတွေမှာ ထောက်ပ့ံချင်တယ်။
ခွင့်ပြုပေးပါလို့ ပြောပါတယ်။ ဟိုဘက်က ကချင်ခေါင်းဆောင်တွေက ခွင့်ပြုပေးဖို့ပဲ လိုမယ်။ ဒီဘက်
နယ်မြေထဲမှာတော့ လုံခြံုရေးတာဝန်ယူပေးမယ်။ အဲဒီခွင့်ပြုချက်ရရင်တော့ ခင်ဗျားတို့သွားချင်တဲ့
အတိုင်းသွားလို့ ရမယ်" ဟု ၎င်းက ပြောသည်။
















