လိုင်ဇာမြို့အနီး၌ တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေဆဲ

လိုင်ဇာမြို့အနီး၌ တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေဆဲ

တပ်မတော်က ကေအိုင်အေစခန်းတစ်ခုဖြစ်သော ပွိုင့် ရ၇၁ အား လေကြောင်းပစ်ကူဖြင့် သိမ်းပိုက်
ခဲ့ပြီးနောက်တွင် လိုင်ဇာရှိဌာနချုပ်အနီး နယ်မြေတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ
ဒေသခံများ၏ လုံခြံုရေးအတွက် စိုးရိမ်ဖွယ်ဖြစ်လာသည်။

ကချင်ပြည်နယ် ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်
ထောင်စုလမ်းမကြီးအား အဓိကပိတ်ဆို့လျက် တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊
ချုံခိုတိုက်ခိုက်ခြင်းနှင့် အများပြည်သူအသုံးမပြုနိုင်အောင် ပိတ်ဆို့ ခြိမ်း ခြောက်မှုများ ပြုလုပ်လျက်
ရှိသည့် ရ၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ဒေသအား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ
၃၀ ရက်နေ့တွင် ၎င်းနေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပြီး ဆက်လက်၍ ပတ်ဝန်းကျင်ရှိ
ရန်သူ့ဗျူဟာစခန်းများကိုလည်း ရှင်းလင်းဆောင်ရွက်လျက်ရှိသည်ဟု သက်ဆိုင်ရာက လွန်ခဲ့သည့်
ရက်သတ္တပတ်က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ရ၊ ၈ နှင့် ၉ ရက်နေ့များတွင်လည်း လဂျာယန်၊ လဝါယန်နှင့် အလဲန်ဘွမ်တွင်
လည်း ရှေ့တန်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လေကြောင်းပစ်ကူများ အသုံးပြုခြင်းကို
လည်း တွေ့ရကြောင်း မျက်မြင်ဒေသခံများကဆိုသည်။

အလားတူ အစိုးရတပ်များက ဗန်းမော် ဖားကန့်နှင့် မြစ်ကြီးနားမှ စစ်ကြောင်းများဖြင့် လိုင်ဇာအနီး
တစ်ဝိုက်ရှိ ဗျူဟာကုန်းများကို လက်ရှိအခြေအနေအရ ဆက်လက်သိမ်းပိုက်သွားရန် အလားအလာ
ရှိကြောင်း ဒေသခံများက ပြောသည်။

ကေအိုင်အေစစ်စခန်း ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးတစ်ဝိုက် နှစ်မိုင်၊ သုံးမိုင်ခန့်အတွင်း တိုက်ပွဲ
များ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်က ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗန်းမော်နှင့်အနီးတစ်ဝိုက်
မြို့နယ်များတွင် စောင့်ကြပ်ပျံသန်းလျက်ရှိကြောင်း ဗန်းမော် မြို့နယ်မှ ဘုန်းတော်ကြီး အောင်ဒန်က
မြန်မာတိုင်း(မ်)ကို ဇန်နဝါရီ ၄ ရက်ကပြောသည်။

"စစ်ရေးအရ တော်တော်များတယ်ဆိုတာ သိပေမယ့် အသေးစိတ်တော့ မသိဘူး။ နှစ်ဖက်စလုံးက
ကျဆုံးသူတွေလည်းများတယ်။ အခုထိတော့ ကယ်ဆယ်ရေးစခန်းက အရပ်သား တွေဆုံးတာတော့
မကြားရသေးဘူး။ လိုင်ဇာနား က ကယ်ဆယ်ရေးစခန်းတွေက ဒီဘက်ကိုလည်း ပြန်လာလို့မရ၊
တရုတ်ဘက်ကိုလည်း ကူးလို့မရဘူးဖြစ်နေတယ်။ ဟိုဘက်ကိုကူးရင် ကျပ်တစ်ထောင်ပေးရတယ်။
မှတ်ပုံတင်ထားမှ နေလို့ရတာ။

"ခက်တာက တံတားတွေလည်းကျိုး၊ လမ်းတွေလည်း ပိတ်ကုန်ပြီ။ မန်ဆီ၊ မိုးမောက်၊ လွယ်ဂျယ်နဲ့
လိုင်ဇာအထက်ပိုင်း ပန်ဝါက ကယ်ဆယ်ရေးစခန်းတွေ နေရခက်နေပြီ။ တိုက်ခိုက်သံတွေကတော့
အမြဲကြားနေရတယ်။ ပြည်သူတွေအတွက်တော့ အခြေအနေက ဆိုးလာတယ်။ တိုက်ခိုက်နေကြ
တာလည်း မရပ်ကြဘူး" ဟု ဘုန်းတော်ကြီး အောင်ဒန်က ပြောသည်။

လိုင်ဇာနှင့် ပန်ဝါအကြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ၎င်းနေရာပတ်ဝန်းကျင်ရှိ ကယ်ဆယ်
ရေးစခန်းများအတွက် စိုးရိမ်ရ ကြောင်း ငြိမ်းဖောင်ဒေးရှင်းမှဥက္ကဋ္ဌ ဘုန်းတော်ကြီး ဒေါက်တာ
ဆဘွဲ့ဂျွမ်က ပြောသည်။

"ကယ်ဆယ်ရေးစခန်းက လူတွေကလည်း သူ့တို့စခန်းအတွက်ဆုတောင်းပေးဖို့ လှမ်းမှာကြတယ်။
ကျွန်တော့်အနေနဲ့ စစ်ပွဲပြီးပါစေလို့ ဆုတောင်းပေးရုံကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူး" ဟု ၎င်းက
ဆိုသည်။

ကချင်ကယ်ဆယ်ရေးစခန်းများသို့ ပြီးခဲ့သောသီတင်းပတ်က ရောက်ရှိခဲ့သော မအူပင်မြို့နယ်၊ ပျိုး
ခင်းသစ် လူမှုကူညီရေးအဖွဲ့မှ ဦးသန်းထိုက်အောင်က တိုက်ပွဲများသည် ကယ်ဆယ်ရေးစခန်းများနှင့်
နီးကပ်နေပြီး ၎င်းတို့၏လုံခြံုရေးအတွက် နှစ်ဖက်စလုံးမှ တာဝန်ယူသင့်ကြောင်း မြန်မာတိုင်း(မ်)ကို
ဇန်နဝါရီလ ၈ ရက်နေ့က ပြောသည်။

ကယ်ဆယ်ရေးစခန်းတစ်ခုလျှင် လူဦးရေ ၅၀၀ ၀န်းကျင်ရှိပြီး လူမမည်နှင့် ၁၀ နှစ် ၀န်းကျင် ကလေး
များ၊ အမျိုးသမီးကြီးသက်ကြီးရွယ်အိုများကို အများဆုံးတွေ့ခဲ့ရ ကြောင်း ၎င်းက ပြောသည်။

လိုင်ဇာမြို့အတွင်း စစ်ပြေးဒုက္ခသည် ၁၂,၀၀၀ ကျော်နှင့် သာမန်မြို့နေလူဦးရေ ၁၂,၀၀၀ ကျော်ရှိ
ကြောင်း သိရသည်။

ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေး ကို လိုလားတောင့်တနေသောအချိန်တွင် စစ်ပွဲထက်
ဆွေးနွေးပွဲကို ဦးစားပေးလုပ်ဆောင်သင့်ပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းသို့
အမြန်လျှောက် လှမ်းကြစေလိုကြောင်း၊ အကယ်၍တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင်
ငြိမ်းချမ်းရေးနှင့် ပိုမိုအလှမ်း ဝေးကွာသွားနိုင်သည်သာမက ကြိုတင်မှန်းဆ မထားနိုင်သော နောက်
ဆက်တွဲဆိုးကျိုးများ ပေါ်ထွက်လာမည်ကို စိုးရိမ်ကြောင်း ဇန်နဝါရီ လ ၁ ရက်နေ့ တွင် ကေအိုင်အို
ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဒေါက်တာတူးဂျာက ကချင်တိုင်းရင်းသားတစ်ဦးအနေဖြင့် ထုတ်ပြန်ခဲ့
သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး