မြန်မာနိုင်ငံ၌ အစိုးရသစ်တက်လာပြီး နောက် ဒီမိုကရေစီစနစ်အတွက် အရေးပါသော အထောက်
အကူဖြစ်စေသည့် နေ့စဉ်ထုတ်ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ကို လာမည့် ဧပြီလ ၁ ရက်နေ့မှ
စတင်ထုတ်ခွင့်ပေးတော့မည်ဖြစ်ရာ ထိုသတင်းစာများအတွက် ကြိုတင် ပြင်ဆင်နေကြသူဦးရေမှာ
အခက်အခဲများစွာကြောင့် လက်ရှိသတင်းဂျာနယ်အရေအတွက်နှင့်ယှဉ်ပါက နည်းပါးလိမ့်မည်ဟု
ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခွင့်ရမည်ဟု အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာလကုန်
ခန့်က ကြေညာလိုက်ပြီးနောက် ပုံနှိပ်သတင်းမီဒီယာလုပ်ငန်းအတွင်း နေ့စဉ်ထုတ်အတွက် ပြင်ဆင်
ထားပုံများကို ထုတ်ဖော်ပြောဆိုလာကြသည်။
အဆိုပါ နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့်ရရှိရေးသည် ပုဂ္ဂလိက သတင်းဂျာနယ်များအတွက်
အိပ်မက်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အမှန်တကယ်အကောင်အထည်ဖော်နိုင်ရန် အချိန်ကျ
လာပြီဖြစ်သည်။
သို့သော် ထိုအချိန်ကျရောက်လာချိန်တွင် နေ့စဉ်ထုတ်အတွက် အဆင်သင့် ဖြစ်နေပြီး အလွယ်တကူ
ထုတ်ဝေနိုင်မည့် လက်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များမှာ ၁၀ စောင်ထက် မကျော် နိုင်
ကြောင်းလည်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
လက်ရှိ အပတ်စဉ်ထုတ်သတင်း ဂျာနယ်များမှ မြန်မာတိုင်း(မ်)၊ Weekly Eleven, The Voice,
Messenger, Popular News၊ ရန်ကုန်တိုင်းမ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ဝေ
သည့် ဒီလှိုင်းတို့မှာ နေ့စဉ်ထုတ် အတွက် အဆင်သင့်ဖြစ်နေပြီဟု သတင်းထွက်ရှိနေသည့် ဂျာနယ်
များဖြစ်သည်။
တစ်ဦးတည်းအနေဖြင့် နေ့စဉ်ထုတ်သတင်းစာထုတ်လုပ်ရန် အခက်အခဲရှိ နေသောကြောင့် စိတ်တူ၊
သဘောတူသူများနှင့် စုပေါင်းကာ နေ့စဉ်ထုတ် သတင်းစာကြီးတစ်စောင် ထုတ်လုပ်နိုင်ရန် ဆန္ဒရှိ
နေသည့် ဗီးနပ်စ်သတင်းဂျာနယ်၏ပိုင်ရှင် ဒေါက်တာမျိုးမင်းထိုက်က လတ်တလောတွင် ၎င်း၏
အပတ်စဉ်ထုတ် သတင်းဂျာနယ်ကိုသာ သတင်းတင်ဆက်ပုံ ပုံစံပြောင်းလဲပြီး ပရိသတ်ကို တင်ပြနိုင်
ရန် ပြင်ဆင်မည်ဟုပြောသည်။
"စိတ်တူကိုယ်တူရှိတဲ့သူတွေ စုပေါင်းပြီးတော့ သတင်းစာထုတ်ဖို့ အခုကနဦး ပြောဆိုနေတာတွေရှိပါ
တယ်။ လောလောဆယ်တော့ ထုတ်ခွင့်ပေးပေးချင်း မထုတ်နိုင်သေးဘူး။ အဓိကအချက်တွေက လူ
သားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းနဲ့ ပုံနှိပ်စက်၊ ပြီးတော့ ဖြန့်ချိရေးပိုင်းတွေက စိန်ခေါ်မှုတွေ ဖြစ်
နေတယ်" ဟု ၎င်းက ပြောသည်။
ထိုအခက်အခဲများအတွင်းမှ ထပ်မံကြံုတွေ့ရနိုင်သည့် အဓိကကျသည့် အခက်အခဲများမှာ မြန်မာ
နိုင်ငံတွင် ခေတ်မမီတော့သည့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံပင်ဖြစ်ကြောင်း ပြည်
တွင်းထုတ် The Voice သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။
"နောက်ပြဿနာက အစိုးရ သတင်းစာတွေလို တိုက်ခွဲတွေ မြန်မာနိုင်ငံအနှံ့ ရှိမနေဘူး။ အွန်လိုင်းက
ပို့ရအောင်ကလည်း ဒီကမြန်နှုန်းက သိတဲ့အတိုင်း။ အဲဒီတော့ သက်ဆိုင်ရာဒေသနဲ့ ညနေခင်း
သတင်းစာပဲ အရင်လုပ်နိုင်ကြမယ်လို့ မှန်းတယ်"ဟု ၎င်းက ပြောသည်။
ထပ်မံကြုံတွေ့နိုင်သည့် အခက်အခဲတစ်ခုမှာ အစိုးရထုတ်သတင်းစာများနှင့် ဈေးနှုန်းယှဉ်ပြီး မရောင်း
ချနိုင်ခြင်းဖြစ်သည်။
အစိုးရက အဘက်ဘက်မှ ပံ့ပိုးမှု ပေးထားကာ တစ်စောင်ကို ကျပ် ၅၀ ခန့် နှင့် အရှုံးခံရောင်းနိုင်
သော်လည်း ပုဂ္ဂလိကသတင်းစာများ ထိုကဲ့သို့ လုပ်ဆောင်နိုင်မည်မဟုတ်ဟု ၎င်းက ဟောကိန်း
ထုတ်သည်။
"နောက်တစ်ခုက မြန်မာပရိသတ်က သတင်းစာဆိုတာ နယူးစ်ပရင့် (News-print)တို့၊ ရီဆိုက်
ကယ် (Recycle) တို့နဲ့ ထုတ်ရတယ်ဆိုတာ မသိကြသေးဘူး။ ဒီမှာက ၀ူဖရီ (Woodfree) ပဲ
အသုံးများတာကိုး။ အဲဒီနေရာမှာတော့ မြန်မာတိုင်း(မ်)က တော်တော် အရှိန်ရနေပြီ။ ပရိသတ်ကို
တော့ ကျင့်ပေးရမှာပေါ့"ဟု ၎င်းက ပြောသည်။
ထပ်မံပြီး လက်ရှိအစိုးရမူဝါဒအရ သတင်းစာထုတ်ဝေခွင့်ကို ပြည်တွင်း နိုင်ငံသားများကိုသာ
ထုတ်ဝေခွင့်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ပြည်ပမှ ရင်းနှီးသူများကိုမူ လက်ရှိတွင် အမေရိကန်ပြည်
ထောင်စုတွင်ပင် ခွင့်မပြုသေး ကြောင်း ၎င်းက ပြောသည်။
"မြန်မာနိုင်ငံလို ပွင့်လင်းစနိုင်ငံမှာ နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုကို ပေးလို့မရ သေးဘူးလေ။ အတွေ့
အကြုံနည်းသေး၊ ငွေကြေးနည်းသေးတဲ့ ကိုယ့်ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်တွေကို သတ်
သလို ဖြစ်သွားမယ်"ဟု ဦးကျော်မင်းဆွေ က ပြောသည်။
အပတ်စဉ်ထုတ် 7 Day သတင်း ဂျာနယ်၏ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် ဖြစ်သော ဦးသောင်းစုငြိမ်း
က ဧပြီလတွင် နေ့စဉ်သတင်းစာထုတ်ဝေနိုင်ရန်အတွက် အဆင့်သင့်ဖြစ်မဖြစ်မှာ မသေချာကြောင်း
ပြောသည်။
"သတင်းစာတစ်စောင်ထုတ်ဝေဖို့ဆိုတာ အများကြီး လိုအပ်ပါတယ်။ငွေကြေးအရရင်းနှီးမြှုပ်နှံမှုတွေ
လုပ်ဖို့ လိုမယ်။ လူအင်အား၊ ၀န်ထမ်းအင်အားတွေအများကြီး တိုးချဲ့ဖို့လိုမယ်။ စက်ယန္တရားတွေ
တပ်ဆင်ဖို့လိုမယ်။ သူ့ရဲ့ လုပ်ငန်းသဘောတရားနှင့် တာဝန်ယူမှု အပိုင်းတွေကလည်း အများကြီး
ပိုလာမယ်။ ဧပြီမှာ အမီထုတ်နိုင်အောင်တော့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒါပေမယ့် အကြောင်း
အမျိုးမျိုးကြောင့်အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ အဲဒါဆိုရင် နောက်ကျပြီးမှာလည်း ထုတ်နိုင်ပါ
တယ်"ဟု ၎င်းကပြောသည်။
သို့ရာတွင် မြန်မာတိုင်း(မ်)သတင်းနှင့် စီးပွားရေးအပတ်စဉ်ဂျာနယ်ကို အင်္ဂလိပ်- မြန်မာနှစ်ဘာသာ
ဖြင့် ထုတ်ဝေလျက်ရှိသော မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှု
ဒါရိုက်တာဖြစ်သော မစ္စတာရော့စ်ဒန်ကလီကမူ ၎င်း၏အဖွဲ့အစည်းအနေဖြင့် ဧပြီလတွင် သတင်းစာ
ထုတ်ဝေနိုင်ရန်အတွက် အချိန်မီပြင်ဆင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောသည်။
"နေ့စဉ်သတင်းစာထုတ်ဝေဖို့ဆိုတာ ကျွန်တော်တို့ အမြဲထားခဲ့တဲ့ ရည်မှန်းချက်ပါ။ အဲဒီအချိန်
ရောက်လာပြီ။ ကျွန်တော်တို့ နှစ်ဘာသာစလုံးနဲ့ ထုတ်ဝေသွားမှာပါ။
"ကျွန်တော်တို့အတွက် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ပါ။ ဒီလိုအချိန်ကို အကြာကြီး
စောင့်ခဲ့ရတာပါ"ဟု ၎င်းက ပြောသည်။
မစ္စတာဒန်ကလီက ဆက်လက်၍ အစိုးရခွင့်ပြုလိုက်သည့် တာထွက်ကာလ တွင် နေ့စဉ်ထုတ်ဝေသူ
အများအပြားရှိနိုင်သော်လည်း လက်ရှိ ဈေးကွက်အနေအထားမှာ ပုဂ္ဂလိက နေ့စဉ် သတင်းစာ ၁၀
စောင်အတွက် နေရာမရှိကြောင်း နှင့် ထုတ်ဝေခွင့်ပြုပြီး တစ်နှစ်အကုန်တွင် နေ့စဉ်သတင်းစာထုတ်
ဝေသူ သုံးဦးခန့်သာ ကျန်ခဲ့မည်ဖြစ်ကြောင်း ခန့်မှန်းသည်။
"အားလုံးအတွက် စိန်ခေါ်မှုက အစပိုင်းမှာ ရှင်သန်နိုင်ဖို့ပါ။ နေ့စဉ်သတင်း စာရဲ့ပုံစံအရ အမှားတွေ
လုပ်လို့လည်း မရပါဘူး။ တစ်နှစ် နှစ်နှစ်အတွင်း အရှုံးခံနိုင်ဖို့လည်း လိုပါတယ်။ ဒေါ်လာ နှစ်သန်း၊
ဒါမှမဟုတ် အဲဒီထက်ပိုမရှိရင် ဒီအလုပ်ကို မစပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်။
"သေချာတဲ့ အခြေအနေတစ်ခု မရောက်ခင်မှာပဲ ဒေါ်လာငါးသန်းလောက် သုံးရနိုင်တယ်"ဟု ၎င်းက
ပြောသည်။
ဧရာဝတီသတင်းဝက်ဆိုက်တွင် နေ့စဉ်သတင်းစာထုတ်ဝေမှုအတွက် လျှောက်ထားရန် ပြင်ဆင်နေ
သော ပြည်တွင်း သတင်းဂျာနယ်ရှစ်စောင် ရှိကြောင်း ရေးသားထားကာ ၎င်းတို့တွင်မြန်မာတိုင်း(မ်)၊
Eleven Media Group၊ The Voice၊ Popular News၊ Messenger၊ 7 Day၊ ရန်ကုန်တိုင်းမ်နှင့်
NLDမှ ထုတ်ဝေသော ဒီလှိုင်းစာစောင်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
မစ္စတာဒန်ကလီက နေ့စဉ်သတင်းစာထုတ်ဝေခွင့်ရရှိခြင်းမှာ ထိုအတွက် အဆင်သင့်မဖြစ်သေးသော
အပတ်စဉ်သတင်းဂျာနယ်များအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာမည်ဖြစ်ကြောင်း ပြောသည်။
Information Matrix ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးသောင်းစုငြိမ်း ကလည်း သတင်းနှင့် ဆောင်းပါး
အားကောင်းကောင်းဖြင့် ရပ်တည်သောအပတ်စဉ်သတင်းစာစောင်ကြီးများသာ ရေရှည်ရပ်တည်နိုင်
မည်ဖြစ်ကာ အခြားသောအားနည်းသည့်အပတ်စဉ်စာစောင်များမှာ စာဖတ်သူနည်းပါးသွားလိမ့်မည်
ဟုပြောသည်။
"ဒါဟာ မြန်မာနိုင်ငံအတွက် အသစ်ဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ စီးပွားရေးတစ်ခုပါ။
ဒါပေမယ့် ကျွန်တော့်ရဲ့ အတွေ့အကြံုတွေကနေ ပြောနိုင်တာကတော့ မလွယ်ဘူးဆိုတာပါ"ဟု
ကမ္ဘောဒီယားနိုင်ငံတွင် အင်္ဂလိပ်-ခမာ နှစ်ဘာသာဖြင့် ထုတ်ဝေသော ဖနွမ်းပင်ပို့စ်အမည်ရှိ နေ့စဉ်
သတင်းစာ၏ ထုတ်ဝေသူလည်းဖြစ်သော မစ္စတာဒန်ကလီက ပြောသည်။
အစိုးရမှ နေ့စဉ်သတင်းစာထုတ်ဝေခွင့်ပြုလိုက်ခြင်းမှာ ပြန်ကြားရေးဝန်ကြီးအသစ်ဖြစ်သော
ဦးအောင်ကြည်မှာ 'လူမှန် နေရာမှန်'ဖြစ်သည် ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြော
သည်။
"သူဟာ ကျွန်တော်တို့နဲ့ တစ်သားတည်းရှိတဲ့လူပါ။ ကျွန်တော်တို့ရဲ့ သတင်းစာလုပ်ငန်းကို အလေး
အနက်ထားတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ ပြန်လည် အသက်
သွင်းပေးခဲ့တာပါ"ဟု ၎င်းက ပြောသည်။
ဦးသောင်းစုငြိမ်းကမူ နေ့စဉ်သတင်း စာထုတ်ဝေခွင့်ပြုလိုက်ခြင်းမှာ ၂၀၁၅ တွင် ပြည်သူများလိုလား
တောင့်တနေသော ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီလမ်းစဉ်အား
အထောက်အကူဖြစ်စေမည်ဟု ပြောသည်။















