'စစ်မက်အရှိန်များ လျှော့ချကြရန်' ဟု လွန်ခဲ့သည့် တစ်နှစ်ကျော်က နိုင်ငံတော်သမ္မတက ပြောခဲ့
အပြီး စစ်မက်အရှိန်တို့ မြင့်သည်ထက် မြင့်လာကာ လေကြောင်းအကူပစ် ချေမှုန်းမှုများအထိ
ပေါ်ပေါက်ခဲ့သည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်း ရေးအနာဂတ်အတွက် စကားပြောပြီး ဖြေရှင်း၍ မရ
သောကြောင့် စစ်တိုက်ခြင်းလော၊ သို့တည်းမဟုတ် စကားပြောပြီး မဖြေရှင်းချင်သောကြောင့်
တိုက်ချင်းလော ဆိုသည်ကို သေသေချာချာ လေ့လာရလိမ့်မည်ဟု ကော့မှူးမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပမီဒီယာများသို့ ဖြေကြားခဲ့
သည်။
"ဒီလိုဟာမျိုးဖြစ်တယ်ဆိုတာဟာ သဘော တူညီမှု မယူနိုင်လို့ပဲ။ ရိုးရိုးပြောမယ်ဆိုရင် တစ်ဦးနဲ့
တစ်ဦး ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ စစ်တိုက်ကြရတာပေါ့နော်။ ဒီမအောင်မြင်ခြင်းရဲ့ အခြေခံ
အကြောင်းတရားတွေကို စုံစမ်းရမယ်။ အကြောင်းတရားကိုသိမှ ဒီဟာကို ဖြေရှင်းနိုင်မှာ။ ရိုးရိုးလေး
ပြောရရင် စကားပြောပြီး ဖြေရှင်းလို့မရလို့ စစ်တိုက်တာပဲ၊ ဒါမှမဟုတ် စကားပြောပြီး မဖြေရှင်းချင်
လို့ စစ်တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့။ အဲဒီတော့ ဒါဘယ်ဟာလဲဆိုတာကို သေသေချာချာ
လေ့လာရမှာပေါ့"ဟု ၎င်းက ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်သည့် ဇန်နဝါရီလ
၉ ရက်၊ နံနက်ပိုင်း အစည်းအဝေးမစမီ ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံ စဉ်
ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့ အကြီးအကဲဖြစ်သည့် နိုင်ငံတော်သမ္မတ၏ သဘောထားနှင့် အမိန့်ကို ကာကွယ်ရေး
ဦးစီးချုပ်က မလိုက်နာဘဲ စစ်မက်အရှိန် ပိုမိုမြှင့်တင်ဆောင်ရွက်လာခြင်းဟု ပြည်သူတို့ အကြား
ပြောဆိုနေကြခြင်းအပေါ်မည်သို့ ထင်မြင်ပါသနည်းဟူသည့် အမေးကိုလည်း "အပြင်မှာတော့ အမျိုး
မျိုးပြောကြမှာပဲ။ ကျွန်မအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း ရင်းရင်း နှီးနှီးရှိတာလည်း မဟုတ်
ဘူး၊ သမ္မတကြီးနဲ့လည်း သိပ်ပြီးတော့ ရင်းရင်းနှီးနှီးရှိတာလည်း မဟုတ်ဘူးဆိုတော့ သူတို့ကြားထဲ
က ဆက်ဆံရေးနဲ့ပတ်သက်လို့ ကျွန်မက ဘာမှပြောစရာမရှိပါဘူး။ တပ်ရယ်၊ လွှတ်တော်ရယ်၊
အစိုးရရယ် သုံးဖွဲ့မှာ တပ်က နည်းနည်းများ စွာနေမလား ဆိုတာနဲ့ပတ်သက်ပြီး 'စွာတယ်' ဆိုတာ
တပ်နဲ့ သိပ်ပြီးတော့ လိုက်ဖက်တဲ့အသုံးမဟုတ်ဘူးနော်။ ဒါပေမယ့် ဘာပဲပြောပြော တစ်ညီ
တစ်ညွတ်တည်းရှိဖို့ တော့ အရေးကြီးတာပေါ့။
"နောက်ပြီး တပ်က သီးသန့်ဖြစ်နေမလား၊ တပ်မတော်က သီးသန့်ဖြစ်နေတယ်လို့ အန်တီမယုံကြည်
ပါဘူး။ တပ်မတော်သား တွေဆိုတာလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့သူတွေပဲ။ အဲဒီတော့
အဖွဲ့တစ်ဖွဲ့ဖြစ်နေပေမယ့် ပြည်သူထဲက လူတွေဖြစ်လို့ တစ်စည်းတစ်လုံးတည်း မဖြစ်နိုင်စရာ
အကြောင်းမရှိဘူးလို့ ယုံတယ်။ စစ်တိုက်တာကို တကယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘော
တစ်ခုတည်းနဲ့ လုပ်ခဲ့တယ်ဆိုရင်လည်း အန်တီတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ဒီကိစ္စမျိုးကို
ကာကွယ်ရေးဦးစီးချုပ်က ဆုံးဖြတ်နိုင်တဲ့ အခြေအနေရှိတယ်လို့ပြောရမှာပဲ။ အန်တီ ခဏခဏပြော
တယ်မဟုတ်လား၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်စရာတွေ အများကြီးရှိတယ်လို့"ဟုလည်း
၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ လတ်တလော ဖြစ်ပေါ်ခံစားနေရသည့်
ကချင်ပြည်နယ်ရှိ တိုင်းရင်းသားအားလုံး၏ လူမှုဒုက္ခအပေါင်းကို လျော့ပါးစေရန်အတွက် လည်း
ကောင်း မဖြစ်မနေ ဦးစားပေးဆောင်ရွက်သင့်သည်တို့ကို ဆောင်ရွက်နိုင်ရန် ယခု ဆဋ္ဌမ ပုံမှန်
အစည်းအဝေးသို့ ကချင် အမတ်တို့က တင်သွင်းသွားမည်ဟု အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
ပြည်ထောင်စုအဆင့် ဆွေးနွေးကြမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ လွှတ်တော်ကိုယ်စားလှယ်တို့
ပါ၀င်လေ့လာကာ စေ့စပ်ညှိနှိုင်းပေးရန် အစီအစဉ်ရှိ မရှိဆိုသည်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစု
ကြည်က "တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘာလုပ်သင့်သလဲဆိုတာ လွှတ်တော်က အရင်လေ့လာ၊
ဆုံးဖြတ်ပြီးမှ လမ်းစဉ်ချပေးကြရမှာပါ။ ဒီကိစ္စအပေါ် လွှတ်တော်ကနေ ပါ၀င် လေ့လာဖို့အကြောင်း
ပေါ်လာရင်တော့လုပ်ရမှာပေါ့။ ဒါပေမယ့် အစိုးရကဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ
လွှတ်တော်ကို မဖိတ်ခေါ်ဘဲ ပါ၀င်လို့မရဘူးလေ"ဟု ဆိုသည်။















