စပစ်ဖိုင်းယား တိုက်လေယာဉ်ကိုယ်ထည်ဟု ယူဆရသည့်အရာများ မြစ်ကြီးနား၌ တွေ့ရှိ

စပစ်ဖိုင်းယား တိုက်လေယာဉ်ကိုယ်ထည်ဟု ယူဆရသည့်အရာများ မြစ်ကြီးနား၌ တွေ့ရှိ

မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း က ဗြိတိသျှတပ်မှ မြှုပ်နှံထားခဲ့သည်ဟု ယူဆရသော
စပစ်ဖိုင်းယားလေယာဉ်များကို ရှာဖွေရန် ရောက်ရှိနေသည့် မစ္စတာဒေးဗစ်ကင်ဒယ်နှင့် အဖွဲ့က
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အဆိုပါလေယာဉ်ဟု ယူဆရသောအရာ ကို စတင်တွေ့ရှိပြီ
ဖြစ်ကြောင်း ဇန်နဝါရီ လ ၉ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။

၁၉၄၅ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်များအတွင်းက ဗြိတိန်နိုင်ငံမှ ထုတ်လုပ်သည့် ရှားပါးသော စပစ်ဖိုင်းယား
တိုက်လေယာဉ်များကို မြန်မာနိုင်ငံအတွင်းရှိ မင်္ဂလာဒုံလေဆိပ်အနီး၊ မြစ်ကြီးနားနှင့် မိတ္ထီလာမြို့များ
အနီးတွင် မြှုပ်နှံထားခဲ့သည်ဟု ၎င်းတို့ ရရှိထားသော အချက်အလက်များအရ တူးဖော်ရန် ၂၀၁၂
ခု နှစ်၊ အောက်တိုဘာလခန့်မှ စတင် ကြိုးပမ်းခဲ့သည်။

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားပိုင် ရွှေတောင်ပေါ်ကုမ္ပဏီနှင့် မြန်မာ
အစိုးရတို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက သဘောတူစာချုပ်ချုပ်ဆိုခဲ့ရာ ယင်းစီမံကိန်း
အောင်မြင်ပါက မြန်မာအစိုးရက အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း၊ ရွှေတောင်ပေါ်ကုမ္ပဏီက ၂၀ ရာခိုင်
နှုန်းနှင့် ဗြိတိန် နိုင်ငံမှ လေကြောင်းရေးရာ ကျွမ်းကျင်သူ လေ့လာရေးသမား ဒေးဗစ်ကင်ဒယ် က
၃၀ ရာခိုင်နှုန်း ခွဲဝေရယူကြမည် ဖြစ်သည်။

အဆိုပါ အဖွဲ့တွင်ပါ၀င်သည့် ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစားပါမောက္ခဟောင်း ဦးစိုးသိန်း
နှင့် ဒေးဗစ်ကင်ဒယ်တို့၏ အဆိုအရ ယင်း စပစ်ဖိုင်းယား တိုက်လေယာဉ်များသည် ရန်ကုန်
မင်္ဂလာဒုံလေဆိပ်အနီးတွင် အစီး ၃၀ ခန့်၊ မြစ်ကြီးနားတွင် ၁၈ စီးခန့်နှင့် မိတ္ထီလာမြို့အနီးတွင်
ခြောက်စီးခန့် ရှိနေမည်ဟု ယူဆထားသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စတင်
စမ်းသပ်တူးဖော်မှုများပြုလုပ်ခဲ့ရာ မြေအောက်ပေ ၃၀ အနက်တွင် စပစ်ဖိုင်းယားတိုက် လေယာဉ်ဟု
ယူဆနိုင်သောအရာကို နည်းပညာအကူအညီဖြင့် တွေ့ရှိခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ဒေးဗစ်ကင်
ဒယ်က ပြောသည်။

"ဒီအရာဟာ စပစ်ဖိုင်းယားလေယာဉ်လို့တော့ ကျွန်တော်ယုံကြည်မှုရှိထားပါ တယ်"ဟု သူက ပြော
သည်။

မစ္စတာ ဒေးဗစ်ကင်ဒယ်သည် အဆိုပါ စပစ်ဖိုင်းယား တိုက်လေယာဉ်များ အမှန်တကယ်ရှိနေသည်
ဆိုသည်ကို အထူးတလည် ယုံကြည်သက်ဝင်နေပြီး ယခု တွေ့ရှိထားသည့် မြစ်ကြီးနားမြို့
မြေအောက်မှ အရာသည်လည်း စပစ်ဖိုင်းယားတိုက်လေယာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု
ကြိမ်ဖန်များစွာ ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

သူ့အနေဖြင့် ယခုစပစ်ဖိုင်းယား တိုက်လေယာဉ်များ အမှန်တကယ်တူးဖော်ထွက်ရှိလာနိုင်ဖို့
အကောင်း မြင်မှုများစွာ ရှိနေသည်ဟုထုတ်ဖော်ပြောဆိုခဲ့သည်။

၁၉၄၅ ခုနှစ်အကုန်ခန့်က ဗြိတိန်တပ်ဦးစီးချုပ် လော့ဒ်မောင့်ဘက်တန်၏ အမိန့်ဖြင့် အသစ်စက်စက်
တိုက်လေယာဉ်များကို သစ်သားကိုယ်ထည်သေတ္တာကြီးများအတွင်း ထည့်သွင်း မြှုပ်နှံထားရှိခဲ့
သည်ဟု အချက်အလက်များရရှိထားသည့် ယခုအဖွဲ့က ကနဦးအနေဖြင့် မြစ်ကြီးနားတွင် စတင်တူး
ဖော်စဉ် အခက်အခဲများစွာနှင့် တွေ့ကြုံရသော်လည်း ယခုဇန်နဝါရီလ ၉ ရက်နေ့ မှစတင်ခါ ရန်ကုန်
မင်္ဂလာဒုံလေဆိပ်အနီး လေယာဉ်ပြေးလမ်း ဟောင်းအနီးတွင် စတင်စမ်းသပ်ရှာဖွေမှုများ ပြုလုပ်မည်
ဖြစ်ကြောင်း ရွှေတောင်ပေါ်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထူးထူးဇော်က ပြောသည်။

"ဒီလိုတူးဖော်ဖို့ လေယာဉ်တွေမြှုပ်တဲ့ အချိန်တုန်းက မျက်မြင်တွေ့ခဲ့တဲ့ စစ်ပြန်ကြီး မစ္စတာစတန်
လေကိုလည်း ခေါ်ယူထားပါတယ်။ ဒီလေယာဉ်တွေသာ တူးဖော်နိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံနဲ့
ဗြိတိန်နိုင်ငံအကြား ဆက်ဆံရေးကိုလည်း ပိုမြှင့်တင်နိုင်မှာ ဖြစ်ပါတယ်"ဟု ဦးထူးထူးဇော်က ပြော
သည်။

ထို့ပြင် တစ်ကမ္ဘာလုံးအနေအထားတွင် အရေအတွက်စီးရေ ၂၀,၀၀၀ ခန့်သာထုတ်လုပ်ခဲ့သည်ဟု
အချက်အလက်များတွင် ဖော်ပြထားခဲ့သည့် ယင်းတိုက်လေယာဉ်များကိုသာ ရှာဖွေနိုင်ခဲ့လျှင် စီးရေ
အများဆုံး ကျန်ရှိနေခဲ့သောနိုင်ငံအဖြစ် မြန်မာနိုင်ငံကို နိုင်ငံတကာကအသိအမှတ်ပြုလာလိမ့်မည်ဟု
ဆိုသည်။

"ဒီစီမံကိန်းအတွက် ငွေကြေးပမာဏ ဘယ်လောက်သုံးမယ်ဆိုတာကို အတိအကျပြောလို့မရသေးပါ
ဘူး။ အိုးပင်းပရောဂျက် အဖြစ်ထားပါတယ်"ဟု သူက ဆိုသည်။

စုဆောင်းထားသော အချက်အလက်များအရ မြစ်ကြီးနားမြို့တွင် စပစ်ဖိုင်းယား လေယာဉ် ၁၈ စင်း
အနက် ကိုးစင်းစီ နှစ်နေရာ ခွဲပြီးရှိနေကြောင်း ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းကပြောသည်။

"ဒေးဗစ်နဲ့ ၁၉၉၈ ခုနှစ်တုန်းက ရန်ကုန်မှာ တစ်ခါရှာခဲ့ဖူးတယ်။ နည်းပညာမကောင်းတာကြောင့်
လမ်းမှားရှာခဲ့လို့ မတွေ့ခဲ့ဘူး။ ၉၉ ခုနှစ်မှာလည်း အစ္စရေး ကုမ္ပဏီတစ်ခုနဲ့ ပေါင်းပြီးရှာခဲ့သေးတယ်။
အဲဒီတုန်းက သေတ္တာတွေဆီကို ရောက်ဖို့ ၁၀ ပေ အလိုမှာ စီမံကိန်းကို ရပ်ခဲ့ရတယ်"

"၂၀၀၉ မှာတော့ ဒေးဗစ်နဲ့ ပြန်ဆက်သွယ်မိခဲ့တယ်။ အခု အမေရိကန်က နာဆာနည်းပညာအချက်
အလက်တွေအပေါ် အခြေခံပြီးရှာတော့ မြှုပ်ထားတဲ့နှစ်နေရာကို မြစ်ကြီးနားမှာ တွေ့ခဲ့တယ်" ဟု
ဦးစိုးသိန်းက ပြောသည်။

အဆိုပါအဖွဲ့နှင့်အတူ ပါ၀င်လာသည့် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်ဟုဆိုသော အသက် ၈၀
ကျော်ရွယ် ဒုတိယကမ္ဘာစစ်၊ စစ်ပြန်ကြီး မစ္စတာစတန်လေကုမ့်ဘ်ကမူ သူ့အနေဖြင့် မြင်တွေ့ခဲ့ရ
သည့် စပစ်ဖိုင်းယားဟု ယူဆရသော သေတ္တာကြီးများကို ပြန်လည်ရှာဖွေခြင်းသည် အင်မတန်
စိတ်လှုပ်ရှားစရာကောင်းလှ ကြောင်း သတင်းထောက်များကိုပြောသည်။

မစ္စတာကင်ဒယ်လ်က ယခုခရီးစဉ်မစတင်မီ သတင်းထောက်များကို ပြောဆိုခဲ့ရာတွင် ယခုကဲ့သို့
စပစ်ဖိုင်းယား လေယာဉ်များကို ရှာဖွေရခြင်းသည် အီဂျစ်နိုင်ငံရှိ တူတန်ခမန်ဘုရင်ပိရမစ် ဂူကိုရှာဖွေ
ရသလို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည်ဟု အေပီသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

ထိုသို့ ဒုတိယကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယားတိုက်လေယာဉ်များကို မြေအောက်အတွင်း အစိတ်
အပိုင်းများခွဲပြီး သစ်သား သေတ္တာကြီးများထဲထည့်ကာ မြှုပ်နှံထားခဲ့ခြင်းမှာ စိတ်ဝင်စားစရာ
ကောင်းလှသော်လည်း သေချာပေါက်ရှိနိုင်မည်ဟု မပြောနိုင် သေးကြောင်းလည်း ယူဆသူများ
ရှိနေသေးသည်။

"စပစ်ဖိုင်းယားလေယာဉ်တွေကို ဒီမှာ မြှုပ်ထားခဲ့တယ်ဆိုတာ အပြည့်အဝ ယုံရခက်ခက်ပဲ။ ဘာလို့
လည်းဆိုတော့ စက်ယန္တရား မပြည့်စုံတဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ လူမသိသူမသိ မြှုပ်နှံဖို့
ဆိုတာရယ်၊ နောက်တစ်ခုက စစ်ဘက်လျှို့ဝှက်ချက်ဆိုပြီး ဒီလောက် နှစ်ပေါင်းများစွာ အဲဒီတုန်းက
ပါ၀င်ခဲ့တဲ့ သူတွေကို ဘယ်လိုနှုတ်ပိတ်ထားခဲ့တာလဲ။ ပြီးတော့ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို လွတ်
လပ်ရေးပေးပြီးတော့ ဘာလို့ပြန်ပြီး တူးဖော်မသွားခဲ့တာလဲ ဆိုတာတွေကို တွေးမိပါတယ်"ဟု
မဇ္ဈိမသတင်းဌာနမှ အုပ်ချုပ်မှု အယ်ဒီတာဦးစိန်ဝင်းက ဖြစ်စဉ်ကို သုံးသပ်ပြောဆိုသည်။

"ဗြိတိန်ဘက်က တူးဖော်ဖို့ ဆောင်ရွက်သူတွေလည်း ဒီအချက်ကို စဉ်းစားမိမယ်လို့ထင်ပါတယ်။
ဗြိတိန်အစိုးရနဲ့ အဖွဲ့အစည်း တွေလည်း ဒီအချက်ကို မေးခွန်းထုတ်ဖို့ ကြိုးစားခဲ့ပါလိမ့်မယ်။
ဒါပေမယ့် သေချာရှိလိမ့်မယ်လို့ ယူဆတာက ပိုပြီး အားကောင်းသွားတာ ဖြစ်ပါလိမ့်မယ်"ဟု ၎င်းက
ပြောသည်။

စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ရှာဖွေရန် စိတ်အားထက်သန်နေသူ ဒေးဗစ်ကင်ဒယ်ကမူ
သူလေ့လာထား သလောက် ဗြိတိန်အစိုးရ၏ ညွှန်ကြားချက်ဖြင့် အမေရိကန် အင်ဂျင်နီယာများက
မြှုပ်နှံထားပေးခဲ့သော စပစ်ဖိုင်းယားများရှိသည့် အချက်ကို အပြည့်အဝယုံကြည်ကြောင်း၊ ဗြိတိန်မှ
ပညာရှင်တချို့၏ ပြောဆိုမှုများကို အခြေခံပြီး စပစ်ဖိုင်းယားလေယာဉ်များ ကို ၁၉၄၅ ခုနှစ်နှင့်
၁၉၄၆ ခုနှစ် အတွင်းက မြှုပ်နှံထားခဲ့သည့်သတင်းသည် သူ့ကိုရှာဖွေရန် တွန်းအားများပေးခဲ့ကြောင်း
ပြောသည်။

"မြစ်ကြီးနားမှာ တွေ့ရတာကတော့ လူလုပ်ထားတဲ့ အရာဖြစ်တာ သေချာပါတယ်။ တူးဖော်တုန်းက
ရေတွေထွက်လာခဲ့တဲ့ အတွက် အခက်အခဲတွေ တွေ့ရပါတယ်'ဟုလည်း ဆိုသည်။

"ကျွန်တော် သိရသလောက်၊ ဗြိတိန်အစိုးရက ဒီကနေထွက်ခွာကာနီးမှာ ဒီလေယာဉ်တွေကို ဗြိတိန်
ကို ပြန်သယ်မသွားချင်တဲ့အတွက် တချို့ကို အိန္ဒိယသမုဒ္ဒရာထဲကို ပစ်ချခဲ့တာမျိုးနဲ့ မြန်မာ နိုင်ငံမှာ
မြှုပ်နှံထားခဲ့တာမျိုးလုပ်ခဲ့တာပါ"ဟု ၎င်းကပြောသည်။

ရွှေတောင်ပေါ်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထူးထူးဇော် ကမူ ယခုလို ရှာဖွေဖော်ထုတ်ခြင်းကို
မြှုပ်နှံခဲ့သည့် ဗြိတိန်အစိုးရက သိရှိပြီးဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မြန်မာ နိုင်ငံသို့
လာစဉ်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ယင်းကိစ္စကို ထည့်သွင်းပြောဆိုသွား
သည်ဟု ဆိုသည်။

"မြန်မာနိုင်ငံက ဗြိတိန်သံရုံးကလည်း လိုအပ်တဲ့အကူအညီရှိရင် ပြောပါလို့ ကျွန်တော်တို့ ကုမ္ပဏီကို
ပြောပါတယ်"ဟု သူက ဆိုသည်။

အဆိုပါအဖွဲ့၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ဘီလာရုစ်နိုင်ငံအခြေစိုက် ဗီဒီယိုဂိမ်းကုမ္ပဏီ
တစ်ခုက ကူညီပေးထားပြီး အဆိုပါ ကုမ္ပဏီမှ Tracy Spaight ဆိုသူ စီမံကိန်း ဒါရိုက်တာတစ်ဦး
လည်းလိုက်ပါလာသည်။

"ကျွန်တော်သူတို့ တူးဖော်နေတဲ့နေရာမှာ မရှိတဲ့အတွက် အဲဒီအရာတွေက စပစ်ဖိုင်းယားတိုက်လေ
ယာဉ်တွေဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ စီမံကိန်းကလည်း အခုမှ စတင်တုန်း ရှိပါသေး
တယ်။ အခု မင်္ဂလာဒုံလေယာဉ်ကွင်းအနီးကို အာရုံစိုက်လုပ်နေပါတယ်။ သေချာပေါက်ဆိုတာကြီး
ကို ပြောဖို့တော့ စောနေပါသေးတယ်"ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

ရွှေတောင်ပေါ်ကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့ အကျိုးတူ စာချုပ်ချုပ်ဆိုထားသည်မှာ နှစ်နှစ်တာ
ကာလဖြစ်ပြီး အဆိုပါကာလအတွင်း တူးဖော်နိုင်ရန်ပြင်ဆင်သွားမည်ဟုလည်း တာဝန်ရှိသူများက
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး