ဇန်နဝါရီ ၁၀ ရက်တွင် စတင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးသည်
၂၀၁၃-၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၎င်းနှစ်၏ဘဏ္ဍာငွေ အရအသုံး ဥပဒေကြမ်း
တို့ကို အတည်ပြုပေးရမည့် အရေးကြီးဆုံးသော အစည်းအဝေးဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုအစိုးရ အဖွဲ့က လွှတ်တော်သို့ တင်ပြလာသော စီမံကိန်းဥပဒေကြမ်းတို့
သည် ပြည်သူအများစု၏အကျိုးကို ဗဟိုပြုမှုရှိ၊ မရှိ အဓိကစစ်ဆေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စု
လွှတ်တော် နာယက ဦးခင်အောင်မြင့်က အဆိုပါအစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။
"အမျိုးသားစီမံကိန်းဆိုတာ ပြည်သူ့ ကိုယ်စားလှယ်တွေက ပြည်သူ့ဘဝနဲ့ ထင်ဟပ်ပြီး လေးလေး
နက်နက် ဆောင်ရွက်ရမယ့် ပထမဦးစားပေးလုပ်ငန်းဖြစ်တယ်။ 'ပြည်သူ့အသံ-လွှတ်တော်အသံ၊
ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ' - ဒါက ကျွန်တော် စတင်တီထွင်ခဲ့တဲ့ ဆောင်ပုဒ် နှစ်ရပ်၊ 'ပြည်သူတို့
မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်'- ဒီတစ်ရပ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက
ထပ်မံ ဖြည့်စွက်ပေးတဲ့ ဆောင်ပုဒ်၊ ဒီဆောင်ပုဒ် ကို အမျိုးသားစီမံကိန်း ဆွေးနွေးရာမှာ အဓိကထား
ကြရမှာ ဖြစ်ပါတယ်။
"ဒီမိုကရေစီနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက "Greatest happiness of the greatest
number" လူများစု အတွက် ချမ်းမြေ့မြင့်မားအောင် ဖြည့်ဆည်းပေးနိုင်ရမယ်လို့ ပြောခဲ့တယ်။
ပြည်သူအများ သာယာချမ်းမြေ့ဖို့ဆိုတာ အလုပ်လက်မဲ့ ပပျောက်ရေးက အလွန် အရေးကြီးပါတယ်။
ကျေးရွာတွေမှာ လယ်မရှိ၊ ယာမရှိ၊ နွားမရှိ အလုပ်လက်မဲ့ တွေ အများကြီးရှိနေတယ်။ ကျေးလက်
ပညာရေးမှာ ချို့ငဲ့မှုတွေ အများကြီးရှိ နေသေးတယ်။ ကျန်းမာရေးမှာလည်း လမ်းဘေးကွမ်းယာဆိုင်
က စပ်ဆေးတွေ ကို အားကိုးနေရသူတွေ ရှိနေသေးတယ်။ ဒါတွေကို အခြေခံကျကျ ဖြည့်ဆည်းပေး
ဖို့ လိုပါသေးတယ်။ ဒါကြောင့် လွှတ်တော်ကို တင်ပြလာတဲ့ စီမံကိန်းဟာ ပြည်သူအများစုကြီးကို
ဗဟိုပြုရဲ့လား၊ ဆင်းရဲတဲ့ ကျေးလက်ပြည်သူတွေအတွက် အဓိကသက်ရောက်မှုရှိ မရှိဆိုတာ
စီမံကိန်းမှာ ကြည့်ရပါမယ်"ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်အောင်မြင့် က
ပြောသည်။
ထိုသို့ အမျိုးသားစီမံကိန်းများသည် ပြည်သူအများစုအား အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေ
ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို လွှတ်တော်က စောင့်ကြပ်
စစ်ဆေးရမည့်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထို့ပြင် ဘတ်ဂျက်လွှတ်တော်၏ ဒုတိယပိုင်းဖြစ်သော ပြည်ထောင်စု ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ
ဥပဒေ ကြမ်းကို ခွင့်ပြုရာတွင် အဓိကစဉ်းစားရမည့် အခြေခံအချက်များကို ဤသို့ ရှင်းလင်းပြောကြား
ခဲ့သည်။
"လွှတ်တော်က အမျိုးသားစီမံကိန်း ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ ပြည်ထောင်စုအစိုးရက
ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး၊ ဥပဒေကြမ်းကို စီမံကိန်းနဲ့အညီ ရေးဆွဲရပါတယ်။ ကြိုတင်ရေးဆွဲပြီးသားက
(လွှတ်တော်က အတည်ပြုလိုက်တဲ့ စီမံကိန်းဥပဒေနဲ့) မကိုက်ညီရင် ကိုက်ညီ အောင် ပြန်ဆွဲပြီး
လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်တယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေးဥပဒေကြမ်းဆိုတာ အမျိုးသားစီမံ
ကိန်းဥပဒေကို ကိန်းဂဏန်းတွေနဲ့ ပြန်ရေးတာပဲဖြစ်တယ်။ ဒါကြောင့် လွှတ်တော်က အဓိကစစ်ရမှာ
က အမျိုးသား စီမံကိန်းဥပဒေနဲ့ ကိုက် မကိုက်၊ ပြည်သူ့ လိုအပ်ချက်နဲ့ ကိုက် မကိုက်ပဲ။
"ဘတ်ဂျက်ဟာ ပြည်သူ့ဘဝနဲ့ ဟပ်မိနေပြီဆိုရင် ဘတ်ဂျက်လိုငွေပြမှုနဲ့ GDP အချိုးကြောင့် အခြေခံ
စားကုန်တွေ ဈေးတက်မှာလား၊ အလုပ်လက်မဲ့ပြဿနာ ကြီးထွားပြီး ပြည်သူတွေဒုက္ခရောက်မှာ
လားဆိုတာ ကြည့်ရမယ်။ နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးတိုးတက်မှု နှုန်းဟာ ကျေနပ်ဖွယ်
ရာဖြစ်သင့် ဖြစ်ထိုက်တဲ့ အနေအထားရှိရဲ့လား ကြည့်ရမယ်။ ပြီးခဲ့တဲ့နှစ်နှစ်က အမှန် စာရင်းနဲ့
ရှေ့ပြေးအမှန်စာရင်းတွေကို ကြည့်ပြီး ချင့်ချိန်ရတာလည်း ရှိပါတယ်။ ရမယ်လို့ ခန့်မှန်းထားတဲ့ငွေ
တွေ အမှန်တကယ် ရနိုင်၊ မရနိုင်နဲ့ ရသင့်ရထိုက်တဲ့ အခွန်အကောက်တွေ ရ-မရလည်း စိစစ်ရပါ
မယ်"ဟု ၎င်းကပြောခဲ့သည်။
ဤသို့ လွှတ်တော်က စိစစ်ခွင့်ပြုပေးလိုက်သည့် ဘတ်ဂျက်သည် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်
ညီညွတ်မှုရှိ မရှိ စိစစ် ရမည့်အပိုင်းနှင့်ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီအနေဖြင့် ပြဋ္ဌာန်းထားသော ကော်မတီ၏ တာဝန်များအတိုင်း ပီပြင်အောင်
ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ (၂၄-၁၂-၂၀၁၂)မှာ
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို ကျွန်တော်ကိုယ်တိုင် တာဝန်အပ်နှင်းခဲ့ပါတယ်။ ဒီတာဝန်
တွေကို ပီပြင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီတာဝန်ရဲ့ သဘောသဘာဝက စာရင်းစစ်ပါပဲ။
သက်ဆိုင်ရာဌာနတွေ က စာရင်းဇယား၊ ကိန်းဂဏန်းတွေ တောင်းခံရင် အချိန်မီမရတာ၊ ရပြန်တော့
လည်း ဖြစ်သင့်ဖြစ်ထိုက်သလောက် နောက်ဆုံးအခြေအနေမဟုတ်တာတွေ ရှိနေလို့ လုပ်ငန်းဆောင်
ရွက်ရတာ အခက်အခဲရှိကြောင်း သိရပါတယ်။ ဒါကြောင့် ၂၄-၁၂-၂၀၁၂ နေ့ကပဲ ပြည်ထောင်စု
စာရင်းစစ်ချုပ်ရုံးအနေနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံတိုးချဲ့ပြီး စနစ်သစ်နဲ့ အညီ အချိန်ကိုက်စစ်ဆေးပြီးဖြစ်
အောင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်သင့် ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။
"ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီရဲ့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကဖြစ်ပါ
တယ်။ နည်းဥပဒေများအရ 'သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့်
တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်မယ်'လို့ ပြဋ္ဌာန်း ထားပါတယ်။ တစ်ဖန်
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၈(က)မှာ 'ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စု
လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ယင်းတို့က ဖွဲ့စည်းသည့် ကော်မတီ၊
ကော်မရှင်နှင့် အဖွဲ့များက ဖိတ်ကြားလျှင် ရှင်းလင်းတင် ပြရန် ပြည်ထောင်စုဝန်ကြီး၊ သို့မဟုတ်
ဒုတိယဝန်ကြီးအား တာဝန်ပေးခြင်းနှင့် ယင်းကော်မတီများသို့ လိုအပ်သော အချက်အလက်များ
ပေးပို့ခြင်းပြုနိုင်သည်'လို့ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်က ဖွဲ့စည်းတဲ့ကော်မတီ၊ ကော်မရှင် နဲ့
အဖွဲ့များဟာ ၀န်ကြီးများ၊ ဒုတိယဝန်ကြီးများကို ဖိတ်ကြားခွင့်ရှိပါတယ်၊ ဖိတ်ကြားပါ၊ ရှင်းလင်းတင်ပြ
စေပါ"ဟု ၎င်းကပြောကြားသည်။















