ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာ)မှ
အတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်တို့ ဇန်နဝါရီလ ၅ ရက်နေ့တွင်
ရန်ကုန်သို့ ရောက်လာပြီးနောက်ပိုင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့နှင့် နိုင်ငံရေး
ခေါင်းဆောင်အချို့ကို တွေ့ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ
ကိုဇော်မင်း က မြန်မာတိုင်း(မ်)ကို ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့နှင့် ဇန်နဝါရီလ ရ ရက်နေ့ ၈၈ ရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး
မြန်မာ နိုင်ငံရှိ ထောင်အသီးသီးမှ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်
မြောက်ရေးနှင့် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ဘဝများအား ပြန်လည်ထူထောင်နိုင်ရေး
စသည့် အချက်များပါ၀င်သည့် အချက်သုံးချက်ကို ဆွေးနွေးခဲ့ကြသည်ဟု ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး (စမ်းချောင်း)က ပြောသည်။
"နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကုုိ မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေး
အကျဉ်းသားဟောင်းတွေရဲ့အရေးကို ဆောင်ရွက်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကြားတူညီတဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက် ထွက်လာအောင်ဆိုပြီး ဆွေးနွေးဖြစ်တယ်။ နောက်တစ်ချက်က ကွာဟနေတဲ့
နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအဖြေရှာကြမလဲ ဆိုတဲ့ကိစ္စတွေ
ဆွေးနွေးဖြစ်တယ်။ နောက်ဆုံးတစ်ချက်က ပြန်လည်လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား
တွေရဲ့ဘဝ ပြန်လည်ထူထောင်ရေးကိစ္စ တွေကို ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ၊ ဘယ်လို
အထောက်အကူပြု လုပ်ငန်းလုပ်မလဲဆိုတာ ဆွေးနွေးဖြစ်ခဲ့တယ်"ဟု အတွင်းရေးမှူးဖြစ်သူ
ကိုတိတ်နိုင်က ပြောသည်။
ထို့နောက် ဇန်နဝါရလီ ၈ ရက်နေ့တွင် ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခဲ့ပြီး အဓိကအနေဖြင့် သွား
ရောက်ဂါ၀ရပြု ခြင်းဖြစ်ကာ အချက်သုံးချက်ကိုလည်း ဆွေးနွေးခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား
ဟောင်းများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများကိုလည်း တွေ့ဆုံဦးမည်ဟု ၎င်းက
ပြောသည်။
တစ်လကြာမြင့်မည့် ၎င်းတို့ခရီးစဉ်တွင် အချက်သုံးချက်ကို ဆွေးနွေးသွားကာ သဘောထားများ
စုစည်းပြီး အမြင်ဖလှယ်၍ အဖြေတစ်ခုထွက်အောင်လုပ်ဆောင်သွားမည်ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုယ်စားလက်ခံထားသောဆုများရှိ
သဖြင့် ၎င်းဆုများကိုလည်း ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ပြောပြသည်။
"ကိုမင်းကိုနိုင်အတွက် ပေးတာရှိ သလို ၈၈ မျိုးဆက် ကျောင်းသားတွေကို ပေးတာလည်း ရှိပါတယ်။
တခြားသူ တွေကိုပေးထားတဲ့ဆုတွေလည်း ရှိပါတယ်။ အဲဒါကို ပြန်လည်ပေးအပ်တဲ့ပွဲ လေးလည်း
လုပ်ချင်ပါတယ်"ဟု ကိုတိတ်နိုင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စာရင်းအရ ထောင်ထဲတွင် နိုင်ငံရေးအကျဉ်း
သား ၂၁၈ ယောက်ရှိနေသေးသည်။
အဖွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ထူ ထောင်ခဲ့ကာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်
များကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။















