လိင်ပညာပေး မဂ္ဂဇင်းတစ်ခုအဖြစ် ထွက်ရှိလာပြီးနောက် ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ဝေခွင့်
ရုပ်သိမ်းခံခဲ့ရသည့် 'ညှို့' မဂ္ဂဇင်းအား ဆက်လက် ထုတ်ဝေခွင့်ရရှိရန် ကြိုးစားသွားမည်ဟု အဆိုပါ
မဂ္ဂဇင်းအယ်ဒီတာက မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါမဂ္ဂဇင်းသည် မူလမှတ်ပုံတင်စဉ်က ဖက်ရှင်မဂ္ဂဇင်းအနေဖြင့် လျှောက်ထားခဲ့သော်လည်း
လိင်ပညာပေးမဂ္ဂဇင်း ပုံစံဖြင့် ထွက်ရှိလာပြီးနောက် မူလ လျှောက်ထားသည့်အကြောင်းအရာနှင့်
လုံးဝကွဲလွဲနေသည့်အတွက် တည်ဆဲ ဥပဒေပုဒ်မ(၁၀)အရ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံ
လက်မှတ်ကို ရုပ်သိမ်းရန် နေပြည်တော်၌ ဇန်နဝါရီလ ၉ ရက် နေ့က ကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တက်ရောက်ခဲ့သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ
မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
အဆိုပါမဂ္ဂဇင်းတွင် ဖော်ပြထားချက်များသည် "လိင်ကိစ္စအသားပေး ဖော်ပြပြီး စိတ်ကိုနှိုးဆွရာ
ရောက်စေသည့် ဖော်ပြချက်များဖြစ်သည်"ဟု ထိုအစည်း အဝေးတွင် ကြီးကြပ်မှုဗဟိုအဖွဲ့တွဲဖက်
အတွင်းရေးမှုးနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးရဲတင့်
က ပြောကြားခဲ့သည်။
အယ်ဒီတာ ကိုဦးဆွေကမူ "ကျွန်တော် တို့ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးကို
အသနားခံစာတင်သွားဖို့ ရှိပါတယ်"ဟု ပြောသည်။
"ကျွန်တော်တို့အပြစ်က မူလက လျှောက်ထားတဲ့ အကြောင်းအရာနဲ့ ကွဲလွဲတဲ့အပြစ်ပဲရှိတယ်။
ဒါကြောင့် ကျွန်တော်တို့က မြန်မာပြည်မှာ လိင်ပညာပေးမဂ္ဂဇင်းရှိဖို့ လိုအပ်တယ်ဆိုတာတွေကို
သိအောင်၊ ပြီးတော့ ဆက်လက်ထုတ်ဝေခွင့်ပေးသွားဖို့ တောင်းဆိုသွားမှာပါ"ဟု ကိုဦးဆွေက ပြော
သည်။
'ညှို့' မဂ္ဂဇင်းအား ၂၀၁၂၊ နို၀င်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့သည်။
"အဆိုပါမဂ္ဂဇင်း ထွက်ရှိပြီးနောက် စာပေလောကသားတချို့နှင့် ပြည်သူလူထုအတွင်း လူကြီး၊
လူငယ်၊ လူလတ် အများစုက ထိုမဂ္ဂဇင်းတွင် ရေးသား ဖော်ပြချက်များကို မနှစ်မြို့သည့် ဖော်ပြသည့်
အသံများ ထွက်ပေါ်နေသည်"ဟု ဦးရဲတင့်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါမဂ္ဂဇင်းသည် လူငယ်များအကြား အကြိုက်များခဲ့ပြီး ပထမအကြိမ်တွင် အုပ်ရေ
၂,၀၀၀ ခန့် ဖြန့်ဝေခဲ့သည်။
လက်ရှိအချိန်တွင် ဒုတိယစာအုပ်ကို ဖြန့်ချိရန် ပြင်ဆင်လျက်ရှိနေသည်ဟု ကိုဦးဆွေက ပြောသည်။
အဆိုပါစာအုပ်နှင့် ပတ်သက်ပြီး ဆရာဝန်တစ်ဦးဖြစ်ပြီး Mikeo Healthcare Service ၏ အုပ်ချုပ်မှု
ဒါရိုက်တာလည်းဖြစ်သည့် ဒေါက်တာ မီမီကိုက မြန်မာလူငယ်များအတွက် လိင်အသိပညာပေး
ဆောင်ရွက်မှုများ လုပ်ခြင်းမှာ ကောင်းမွန်ပြီး လုပ်ရန်လိုအပ်သည်ဟု ပြောကြားသည်။
"ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုအရ ဒီလို စာအုပ်တွေကို ချက်ချင်းကြီး လက်မခံ နိုင်ကြသေးတာပါ"ဟု
ဒေါက်တာမီမီကို က ပြောသည်။
















