လူကုန်ကူးမှု ကြိုတင်တားဆီးရေး အတွက် အသိပညာပေးလုပ်ငန်းများအား မီဒီယာများ၏ပူးပေါင်းမှု
ဖြင့် ၂၀၁၃ ခုနှစ်အတွင်း အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု
တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ခင်မောင်စီက ဇန်နဝါရီလ ၈ ရက်
နေ့တွင် ရန်ကုန်မြို့၌ကျင်းပသော လူကုန်ကူးမှု အသိပညာပေး ကျယ်ပြန့်စွာဆောင်ရွက်မည့် ညှိနှိုင်း
အစည်းအဝေးတွင် ပြောသည်။
"၂၀၁၃ ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တစ်နှစ်တာလုပ်ငန်းစဉ်မှာ ကြိုတင် ကာကွယ်တားဆီးရေး
လုပ်ငန်းရပ်ကြီး ဘောင်ထဲကနေပြီးတော့ အနုပညာ အသိုင်းအဝိုင်းအားလုံးရဲ့ အားထုတ်မှု တွေနဲ့
ဆောင်ရွက်သွားပါမယ်။ အဲလို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း ဗဟိုအဖွဲ့က နှစ်အလိုက်
နှစ်အလိုက် ရေးဆွဲတဲ့ လုပ်ငန်းစဉ်တွေမှာ အကျုံးဝင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်တွေ
အတွက် ပံ့ပိုးထားတဲ့ရန်ပုံငွေတွေကိုလည်း တာဝန်ခံပ့ံပိုးပေးကြတဲ့ အနုပညာရှင်တွေရရှိအောင်
ဆောင်ရွက် ပေးသွားပါမယ်"ဟု ၎င်းက ပြောသည်။
မီဒီယာများနှင့် ပူးပေါင်းမှုရယူလျက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် ဇာတ်
သဘင်ပိုင်းမှ ပညာရှင်များ၏အကူအညီဖြင့် လူကုန်ကူးမှု အသိပညာပေးလုပ်ငန်းများကို ယခုနှစ်
ပွင့်လင်းရာသီများတွင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲမှူးချုပ်က
ပြောကြားသည်။
"ဇာတ်သဘင်၊ ဆိုင်းပညာရှင်များရဲ့ ပါ၀င်နိုင်မှုအပိုင်းကဆိုရင် ပွင့်လင်း ရာသီ၊ ပွဲတော်ရာသီအမီကို
ကျွန်တော်တို့ မျှော်မှန်းပါတယ်။ ကျေးလက်ပြည်သူ လူထုထဲကို ထဲထဲဝင်ဝင် ထိုးဖောက်ဖို့ကျတော့
ဇာတ်သဘင်၊ ဆိုင်း၊ ဒီလိုပညာရှင် တွေရဲ့ကဏ္ဍကို ကျွန်တော်တို့ အင်မတန် အားထားပါတယ်။
ဒါကြောင့် ဒီပွင့်လင်းရာသီ၊ ပွဲတော်ရာသီတွေအတွင်းမှာ ကျွန်တော်တို့ ဖြန့်ကြက်နိုင်သမျှ ဖြန့်ကြက်
နိုင်အောင် စီစဉ်ပါမယ်။ ကျွန်တော်တို့ဘက်က လိုအပ်တဲ့ ဇာတ်လမ်းဇာတ်ကွက် အဖြစ်မှန်တွေကို
ပ့ံပိုးပေးလို့ရပါတယ်။ တရားဥပဒေနဲ့ နိုင်ငံတကာစံနှုန်း တွေနဲ့ ညီညွတ်အောင် လိုက်နာရမှာတွေရှိပါ
တယ်။ ဒါတွေအတွက်က ကျွန်တော်တို့တာဝန်ထားပါ။ ကျွန်တော်တို့က ဖြန့်ဝေပေးလိုက်တဲ့ ဖြစ်စဉ်၊
ဖြစ်ရပ်တွေ ကတော့ ဖြစ်ရပ်မှန်တွေ၊ တရားဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်ထားတာတွေ ဖြစ်ပါ
တယ်။ ဒီပေါ်မှာ အနုပညာရှင် တွေအနေနဲ့ ကျွမ်းကျင်ရာ၊ လိမ္မာရာ ဖန်တီးပြီး ပြည်သူလူထု ရင်ထဲ
ရောက်အောင် တင်ပြပေးကြပါ"ဟု ၎င်းက ပြောသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဖော်ထုတ်နိုင်ခဲ့သော လူကုန်ကူးမှုပေါင်း ၈၉၆ မှု၊
ကယ်တင်နိုင်သူ ၁,၉၇၆ ဦး၊ ဖော်ထုတ် အရေးယူနိုင်ခဲ့ သော ပွဲစား ၂,၄၈၃ ဦးရှိခဲ့ကြောင်း ၎င်း
ဆွေးနွေးပွဲမှ သိရသည်။
ပြည်သူလူထုအတွင်း လူကုန်ကူးမှုဆိုင်ရာ ဗဟုသုတများ ကျယ်ပြန့်စွာသိရှိ လာသည်နှင့်အမျှ
လူကုန်ကူးမှုတားဆီး ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါ၀င် မှုများရရှိလာကာ လူကုန်ကူးမှုများ ပိုမို
ဖော်ထုတ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ရဲမှူးချုပ်က ပြောသည်။















