မြန်မာအစိုးရနှင့် သဘောတူညီမှုရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပိုမို
ခိုင်မာရန်နှင့် နိုင်ငံရေးအရဆွေးနွေးမှုများ အမြန်ဆုံး စတင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဒီဇင်ဘာလ
၅ ရက်နေ့က ပြုလုပ်သည့် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသား
အစည်းအရုံး (ကေအန်င်ယူ)ဥက္ကဋ္ဌက ပြောသည်။
"အပစ်ရပ်ပြီးနောက်ပိုင်း ထိတွေ့မှု တချို့ ရှိနေပေမယ့် အပစ်အခတ်ရပ်စဲရေး ပီပြင်တဲ့အထိ ဆက်ပြီး
ဆွေးနွေးသွား ဖို့ ရှိပါတယ်"ဟု သမ္မတဦးသိန်းစိန်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲအပြီး မီဒီယာ
များနှင့် တွေ့ဆုံရာတွင် ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောသည်။
"အဓိက အချက်သုံးချက်ပေါ့။ အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အစပျိုးနိုင်ဖို့နဲ့
ကချင်အရေးကိစ္စတွေ ပြောဆိုဆွေးနွေးဖြစ်ခဲ့ပါတယ်"ဟု ကေအင်န်ယူ အတွင်းရေးမှူး (၂)
ဖဒိုစောမန်းမန်းက ပြောသည်။
ကေအင်န်ယူအနေဖြင့် ပြည်ထောင်စုစနစ်ကို ပုံဖော်လိုသည့်အတွက် ပင်လုံညီလာခံကဲ့သို့
ပြည်ထောင်စု သဘောတူညီချက်ရစေလိုကြောင်း ၎င်းက ပြောသည်။
ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအမြန်ဆုံး ရပ်စဲရေးကို သမ္မတဦးသိန်းစိန်အား
ကေအင်န်ယူက တိုက်တွန်းသကဲ့သို့ သမ္မတဦးသိန်းစိန်ကလည်း ကေအင်န်ယူအား ကချင်ပြည်နယ်
အရေးတွင် ပါ၀င်ကူညီပေးရန် ပြန်လည်တိုက်တွန်းခဲ့သည်ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ အစိုးရမှာ ပိုပြီးတာဝန်ရှိပါတယ်။ ကချင်အရေးကိစ္စ
ကျွန်တော်တို့ တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးမှာ သက်ရောက်
တဲ့ ကိစ္စဖြစ်တာကြောင့် အားလုံးဆောင်ရွက်ရမယ့်ကိစ္စပါလို့ ကျွန်တော်တို့ ခံယူပါတယ်"ဟု ၎င်းက
ပြောသည်။
သမိုင်းနှင့်ချီပြီး ရှည်ကြာလှပြီဖြစ်သည့် မိမိတို့အချင်းချင်း လက်နက်ကိုင် ပဋိပက္ခကို မိမိတို့၊ ဥက္ကဋ္ဌ
တို့ လက်ထက်မှာပင် အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရန်
မိမိအနေဖြင့် ဆန္ဒပြင်းပြလျက်ရှိကြောင်း၊ ဥက္ကဋ္ဌအနေဖြင့်လည်း ငြိမ်းချမ်းသည့် လူ့ဘောင်တစ်ရပ်ကို
ထူထောင်ရန် မိမိကဲ့သို့ ကြိုးပမ်းဆောင်ရွက်နေသည်ဟု ယုံကြည်ပါကြောင်း သမ္မတဦးသိန်းစိန်က
ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနှင့် ယခုလ ၅ ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောကြား
သည်။
ကေအင်န်ယူနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်များသည် ရ၅ ရာခိုင်နှုန်းခန့်ပြီးစီးခဲ့ပြီး
ညှိနှိုင်းဆောင်ရွက်မှုအဆင့်သာ ကျန်ရှိတော့သည်ဟု ယူဆပါကြောင်း၊ ငြိမ်းချမ်းရေး စတင် ဆွေးနွေး
စဉ်ကတည်းကပင် အောင်မြင်မှုရရှိစေရန် ဆန္ဒပြုခဲ့ပါကြောင်း၊ ကရင်ပြည်နယ် အေးချမ်းသာယာရေး
အတွက် တပ်မတော်အနေဖြင့် တတ်နိုင်တဲ့ဘက်က အားပေးကူညီမည်ဟု ဆုံးဖြတ်ချက်ချထားပြီး
ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ဒီဇင်ဘာလ ၆ ရက်နေ့က ကေအင်န်ယူအဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
"ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အချိန်မှာ တိုုက်ပွဲတွေ၊ ထိုးစစ်တွေ ပြင်းထန်လာတာ မြင်ရတော့
ဒီအပေါ်မှာ စိုးရိမ်စိတ်တွေ အများကြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အကန့်အသတ်အတား
အဆီးလို ဖြစ်နေတယ်" ဟု ကေအင်န်ယူ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"စစ်ဖြစ်တယ်ဆိုတာ တစ်ဖက်တည်း ဖြစ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဘက် နှစ်ဖက်အပေါ်မှာ
ဘယ်လို လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားရင် ဘယ်အပိုင်းက ဘယ်လို ပါ၀င်ရမယ်
ဆိုတာ စဉ်းစားထားတယ်" ဟု ၎င်းက ပြောသည်။















