ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ဘက်မှ ထိန်းသိမ်းထားသော မြန်မာ့တပ်မတော်
မှ စစ်သားများ နှင့် ရဲတပ်ဖွဲ့ဝင် ၃၀ တို့အား ၈၈ မျိုးဆက် ကျောင်းသားများမှတစ်ဆင့် အစိုးရသို့
ပြန်လည်လွှဲပြောင်းရန် ကေအိုင်အေ၏ ကမ်းလှမ်းချက်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများက
ဆက်လက်ဆောင် ရွက်ဆဲပင်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့က
သတင်းထုတ်ပြန်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ကချင်ပြည်နယ်သို့ ဇန်နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့
အထိ သွားရောက်ခဲ့သောခရီးစဉ်အတွင်း ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာမှ ယခုကဲ့သို့ စစ်သုံ့ပန်းများအား
၈၈ မှတစ်ဆင့်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ဆီကတစ်ဆင့် လွှဲတယ်ဆိုပေမယ့်လည်း ဒီအတိုင်းလွှဲတာမျိုး လုပ်လို့မရဘူးလေ။
သူတို့နှစ်ဖက်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ နည်းလမ်းတကျ ပြန်လွှဲဖို့ လိုနေတယ်။ ကေအိုင်အေဘက်
က အဆင်သင့်ဆိုပေမယ့် အစိုးရပိုင်းက တော့ သူတို့ထုတ်ပြန်ထားတဲ့အတိုင်း ဆက်ဆောင်ရွက်
တုန်းဆိုတော့ အခုထိ တော့ ဘာမှထပ်မကြားသေးဘူး။ ထူးခြားမှုတော့ ရှိမှာပါ။ ကျွန်တော်တို့ ၈၈
က တစ်ဆင့် လွှဲတယ်၊ မလွှဲဘူးဆိုတာ အဓိက မကျပါဘူး။ အားလုံး အဆင်ပြေပြေနဲ့ နှစ်ဖက်ညှိနှိုင်း
လုပ်ဆောင်နိုင်ရင် ပြီးတာပါပဲ"ဟု အဆိုပါခရီးစဉ်တွင် ပါ၀င်ခဲ့သူ ကိုမြအေးက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ကေအိုင်ကေတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အဓိကအားဖြင့်
နိုင်ငံရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရန် နှစ်ဦး
နှစ်ဖက်ညှိနှိုင်းဆွေးနွေးကာ တိကျခိုင်မာသော နိုင်ငံရေးအာမခံချက်တစ်ခုလိုအပ်ကြောင်းပြော
သည်။
"ကျွန်တော့်အမြင်ကတော့ နီးနီးလေး နဲ့ ကပ်လွဲနေတာပါ။ အပြစ်တင်တဲ့ ပုံစံမျိုးတော့ မပြောချင်
ဘူး။ အဓိကကတော့ အစိုးရဘက်က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး တိကျခိုင်မာ
ပြီး ရည်မှန်းချက်ရှိတဲ့ အစီအစဉ်တစ်ခုကို ခိုင်ခိုင်မာမာ ချပြနိုင်ရင်တော့ အဆင်ပြေမယ်လို့ ယုံကြည်
တယ်"ဟု ကိုမြအေးက ပြောသည်။
မြန်မာပြည်၌ လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်များ ငြိမ်းအေး၍ ထာဝရတည်တ့ံသော ငြိမ်းချမ်း
ရေးတည်ဆောက်ရန်၊ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ၈၈ မျိုးဆက် ကျောင်းသား
ဟောင်းများအနေဖြင့်လည်း လိုအပ်သည့်ဘက်မှ ပါ၀င်ကူညီရန် အဆင်သင့်ရှိကြောင်း ကိုမြအေးက
ပြောသည်။















