ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ
ဘက်စုံဖွံ့ဖြိုးရေးလုပ် ငန်းစဉ်တစ်ရပ်အဖြစ် ကင်းထောက်လူ ငယ်အစီအစဉ်ကို ၂၀၁၂ ခုနှစ်မှ စတင်
အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြော
သည်။
နှစ်ပေါင်း ၅၀ အတွင်းပျောက်ကွယ် နေခဲ့သော ကင်းထောက်လူငယ် အဖွဲ့ လုပ်ငန်းများ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ ပြန်လည်စတင်ခဲ့ပြီး အစီအစဉ်ကို မြို့နယ် ၁၈ မြို့နယ်မရှိ အထက်တန်းကျောင်း ၁၈ ကျောင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း အဆိုပါအစီ အစဉ်တွင် ပါ၀င်ခဲ့သော ကျောင်း တစ်ကျောင်းဖြစ်သည့် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ထားဝယ် အထက(၃) မှ ဆရာမဒေါ်ကေခိုင်လွင်က မြန်မာ တိုင်း(မ်) ကိုပြောသည်။ "မြန်မာနိုင်ငံမှာ ကင်းထောက်အဖွဲ့ ပျောက်သွားတာ နှစ် ၅၀ ရှိပြီ။ ဗိုလ်ချုပ် တို့၊ ဒေါ်ခင်ကြည်တို့ခေတ်ကတောင် ကင်းထောက် ရှိခဲ့သေးတယ်။ နောက် လမ်းစဉ်လူငယ်ဆိုတာ ရှိခဲ့သေးတယ်။ အဲဒီနောက်မှာတော့ ဒီလိုအဖွဲ့တွေလုံးဝ ပျောက်သွားခဲ့ပြီးအခုပညာရေးဝန်ကြီး ဌာနရဲ့ အစီအစဉ်တစ်ခုအဖြစ်ပြန်ပေါ် လာတာပါ" ဟု ဒေါ်ကေခိုင်လွင်က ပြောသည်။ ကင်းထောက်ရက်တို သင်တန်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း နေပြည် တော်တွင် ပို့ချခဲ့ပြီး သက်ဆိုင်ရာကျောင်း များမှ ကျောင်းအုပ်အမှူးပြုသော တာဝန် ရှိသည့် ဆရာ၊ ဆရာမများတက်ရောက် ခဲ့သည်။ ၎င်းနောက် မိမိသက်ဆိုင်ရာကျောင်း အတွင်း ပြန်လည်သင်ကြားပို့ချပေးပြီး ကင်းထောက်အစီအစဉ်ကို ကျောင်းများ ရှိ ခြောက်တန်းကျောင်းသူ၊ ကျောင်းသား ၁၀၀ ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ထားဝယ် အထက(၃)မှ ခြောက်တန်း ကျောင်းသူ၊ ကျောင်းသား ၁၀၀ သည် အဖွဲ့ ၁၂ ဖွဲ့ခွဲ၍ နည်းပြဆရာ၊ ဆရာမ ၁၂ ယောက်ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် မောင်းမကန်ကမ်းခြေတွင် တစ်ရက်တာ ကင်းထောက်အစီအစဉ်တစ်ခုကို ပြုလုပ် ခဲ့သည်။ ကင်းထောက်လူငယ်အဖွဲသည် နံနက် ၄ နာရီတွင် စုရပ်မှ ထွက်ခွာခဲ့ကြပြီး လမ်းတွင် ခြေလျင်တစ်လှည့်၊ ကား တစ်လှည့်ဖြင့် မောင်းမကန်ကမ်းခြေတွင် စခန်းချခဲ့သည်။ ကမ်းခြေတွင် အဖွဲ့အလိုက်ကင်းတဲ တည်ဆောက်ခြင်း၊ ထမင်းချက်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းခြင်း စသော လုပ်ငန်းများကို အဖွဲ့လိုက်အချိန်ကိုက် ပြိုင်ရပြီး နည်းပြများက အမှတ်ပေး ကြသည်။ "သူတို့ကို ကားနဲ့ချည်းမခေါ်ဘူး။ လမ်းလျှောက်ခိုင်းတယ်။ သူတို့ ကျောပိုး အိတ်ထဲမှာ ၀န်စလယ်တွေပါတယ်။ ကိုယ့်ဝန် ကိုယ်ထမ်းနိုင်အောင်လို့ပါ။ နောက်လမ်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကို လေ့လာစေနိုင်မယ်။ စာသင်ခန်း မှာ မေးခွန်းတွေ မေးပေမယ့် နည်းတယ်။ အခုအပြင်ရောက်တဲ့အချိန်မှာ သူတို့ တွေ့သမျှ သိချင်သမျှကိုမေးတယ်။ ဒီလို နည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာ နိုင်မယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ အရေး ပါပုံကို ဒီလိုနည်းနဲ့ သင်ပေးရတာ အရမ်း ကောင်းတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်ကို ငယ်ငယ်ကတည်း က ပျိုးထောင်ပေးသင့်တယ်။ ကိုယ့် တာဝန် ကိုယ်ယူပြီး အများကို ကူညီနိုင်ရ မယ်။ ကိုယ်ဟာ အများအတွက် အကျိုးပြု ရမယ်။ အဆင်သင့်ဖြစ်နေရမယ်ဆိုတဲ့ ကင်းထောက်ရဲ့ ဆောင်ပုဒ်နဲ့အညီ ကလေးတွေကို လေ့ကျင့်ပေးတယ်"ဟု ဒေါ်ကေခိုင်လွင်က ပြောသည်။ ကင်းထောက်သင်တန်းတွင် အဓိက အားဖြင့် ကြိုးထိုးပညာ၊ ရှေးဦးသူနာပြုစု ခြင်းနှင့် ပတ်ဝန်းကျင်လေ့လာမှုစသည့် သင်ခန်းစာများကို ဦးစားပေးသင်ကြား ပေးသည်။ အလားတူ အစီအစဉ်များကို အချိန်ကိုက်လုပ်တတ်စေရန်၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အများပြည်သူအား ကူညီတတ်စေရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါကျောင်းမှ ဆရာမ ဒေါ်သန်း သန်းဌေးကလည်း ကင်းထောက်သင် တန်းသည် ကျောင်းသင်ခန်းစာများလေ့ လာရာတွင် အထောက်အကူဖြစ်စေ သည့်အတွက် တစ်နိုင်ငံလုံးရှိ ကျောင်းများ တွင်လည်း ကျင့်သုံးသင့်ကြောင်း ပြောသည်။ "ကျောင်းဖတ်စာအုပ်တွေဟာ ကလေး တွေရဲ့ ဗဟုသုတနဲ့၊ ဉာဏ်ရည်ဖွံ့ဖြိုးရေး ကို အထောက်အကူပြုတာမှန်ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့သင်ကြားမှု တွေဟာ စာအုပ်တွေကိုဆက်ပြီး လေ့လာ နိုင်ဖို့အတွက် တွန်းအားတစ်ခုပါ။ အဖွဲ့ လိုက်ပူးပေါင်းဆောင်ရွက်မှု၊ ဦးဆောင် နိုင်မှုနဲ့ အများကိုကူညီချင်တဲ့ စိတ်ဓာတ် တွေဟာ လက်တွေ့သင်ကြားမှုတွေက တစ်ဆင့် ရနိုင်တယ်"ဟု ဒေါ်သန်းသန်း ဌေးက ပြောသည်။ ကင်းထောက်သင်တန်းတွင် ပါ၀င်သော မယွန်းမိမိကျော်၊ မကေဇင်စိုး၊ မအိမ့် မြတ်နိုး၊ မစန္ဒီမြင့်၊ မသန္တာလှိုင်၊ မမြတ် စုအောင်၊ မနှင်းဝတ်ရည်၊ မမေသူကျော် တို့က ကင်းထောက်အကြောင်းကို အသေးစိတ် လေ့လာမှုမရှိသေးသော် လည်း စိတ်ဝင်စားကြောင်းနှင့် အခြား အတန်းများကိုလည်း ကင်းထောက် သင်တန်းပေးသင့်ကြောင်း ပြောသည်။ "သမီးတို့က အရမ်းပျော်တယ်။ အခု ခြောက်တန်းမို့လို့ ကင်းထောက်သင် တန်းကို မီတာပေါ့နော်။ နောင်နှစ် ခုနစ် တန်းရောက်လို့ ကင်းထောက်သင်တန်း ရှိသေးရင်လည်း ကင်းထောက်လုပ်ဦးမှာ ပါ"ဟု ၎င်းတို့က ပြောသည်။ အလားတူ အိုင်တီပညာရှင်တစ်ဦး ဖြစ်သော ဦးပြည့်ဖြိုးသာက ကင်းထောက် လုပ်ငန်း တစ်ကျော့ပြန်လာခြင်းသည် ကျောင်းသားလူငယ်များ၏ ပညာရေး အတွက်သာမက ပင်ကို ကိုယ်ရည်ကိုယ် သွေးတိုးတက်မှု၊ စာရိတ္တနှင့်ဦးဆောင်နိုင် သည့် အရည်အချင်းများ တိုးတက်လာ ရေးကို များစွာ အထောက်အကူဖြစ်စေ ကြောင်း ပြောသည်။ "ကျွန်တော်တို့ငယ်ငယ်က ကင်း ထောက်ဆိုတာ ကြားဖူးခဲ့ပေမယ့် ကင်း ထောက်ဖြစ်ဖို့ အခွင့်အရေးမရခဲ့ဘူး။ အခုကလေးတွေအတွက် ကင်းထောက် ပြန်ပေးလုပ်တာ ၀မ်းသာတယ်။ ကြည့် တော့ ကလေးတွေကို ခရီးသွားခိုင်းတယ် လို့ထင်ရပေမယ့် ဒီကနေအဖွဲ့အစည်း စိတ်ဓာတ်ကို ငယ်ငယ်ကတည်းက လေ့ ကျင့်ပေးတာပဲ။ အပြင်အခြေအနေမှာ တွေ့လာမယ့် အခက်အခဲတွေကို ၀ုိင်း ၀န်းဖြေရှင်းတတ်အောင် သင်ပေးတယ်။ ခေါင်းဆောင်မှုဆိုတာကိုလေ့ကျင့်ပေးဖို့ လိုတယ်"ဟု ဦးပြည့်ဖြိုးသာက ပြော သည်။ ရန်ကုန်မြို့၌ လမ်းမတော် အထက (၁)မှ ကင်းထောက်သင်တန်းကို လေ့ ကျင့်ဆောင်ရွက်ခဲ့သည်။
















