အိန္ဒိယနှင့် တရုတ်နိုင်ငံဘက်မှ လာသော လေအေးများ တိုးဝင်မှုကြောင့် ဇန်နဝါရီ လ ၂၀ ရက်
၀န်းကျင်အထိ ညအပူချိန်များ ဆက်လက်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
"ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းကျမှ ဆောင်းရဲ့လက္ခဏာ ပီပီပြင်ပြင်ဖြစ်လာတယ်။ အခုရက်ပိုင်း
အတွင်းမှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းကနေ ရန်ကုန်တိုင်းဒေသကြီးလောက်ထိ အေးလာတယ်။
ဒါပေမဲ့ အအေးလှိုင်း ဖြတ်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဇန်နဝါရီ ၂၀ ရက်ဝန်းကျင်
လောက်ထိ ဆက်ပြီးတော့ အေးနေဦးမယ်။ နောက် ပိုင်းတော့ အအေးပြန်ပေါ့သွားမယ်"ဟု ၎င်းက
ဇန်နဝါရီ ၁၆ ရက်နေ့တွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ပြောသည်။
အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်၊ ချင်း၊ ရှမ်းနှင့် ကယားပြည်နယ် တို့တွင် အအေးပိုနိုင်
ကြောင်း ၎င်းက ပြောသည်။
"ဘာလို့ ဇန်နဝါရီလမှာ အေးသလဲ၊ အေးမယ်လို့ ခန့်မှန်းလဲဆိုရင် အိန္ဒိယ နိုင်ငံ ဘီဟာပြည်နယ်
ဟိမဝန္တာတောင် ခြေနားမှာဖြတ်တဲ့ အအေးလှိုင်းက တဖြည်းဖြည်း အရှေ့ကိုလာနေတယ်။ ဒါပေမဲ့
မြေမျက်နှာသွင်ပြင် အခြေအနေကြောင့် ကျွန်တော်တို့ဆီရောက်ရင် အင်နဲ့အားနဲ့အေးလို့ မရတော့
ဘူး။ အနောက်ဘက်တောင်တန်းတွေနဲ့ တွေ့ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေ ဘက် ခွဲထွက်
သွားတယ်။ အဲဒါကမှ တစ်ဆင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသ တွေကို ပျံ့နှံ့သွားပြီးတော့ အေးမယ်။
လက်ရှိ တရုတ်ပြည်မှာလည်း အအေးလှိုင်းဖြတ်နေတယ်။ တောင်ဘက်ကို ပျံ့နှံ့လာတဲ့ အအေး
တွေက မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ကိုရောက်တယ်။ ဒါကြောင့် အအေးပိုလာတယ်"ဟု
၎င်းက ပြောသည်။
ဇန်နဝါရီလအတွင်း မြူထူဆိုင်းနိုင်သည့် အခြေအနေများလည်းရှိသဖြင့် ပို့ဆောင်ဆက်သွယ်ရေး
တွင် အန္တရာယ်ကင်းရှင်းရေး သတိပြုသွားလာရန် လိုကြောင်း ဦးချစ်ကျော်က၊ပြောကြားသည်။
"ရေကြောင်းနဲ့ လေကြောင်းသွားလာရေးမှာ မြူထူတွေကြောင့် အန္တရာယ်ရှိပါတယ်။ ရေကြောင်းမှာ
ဆိုရင် ခုချိန်က ရေနည်းတယ်။ နောက်မြူဆိုင်းတော့ ဘယ်နား သောင်ရှိလဲဆိုတာ မမြင်ရတော့တဲ့
အနေအထားဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ
၁၆ ရက်ကနေ ၁၈ ရက်လောက်ထိ မြူထူ ဆိုင်း နိုင်တယ်။ ကျန်ဒေသတွေမှာတော့ ၁၃ ရက်ကနေ
၁၅ ရက်လောက် နံနက်ပိုင်း မှာ မြူထူ ဖြစ်ပေါ်နိုင်ပါတယ်"ဟု ၎င်းက ပြောသည်။
ကျန်ရှိသော ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ ခြောက်
သွေ့သော ရာသီဥတုဖြစ်ပေါ်နိုင်ကာ တောင်ပိုင်းဒေသများတွင် တောင်တရုတ် ပင်လယ်ပြင်မှ
မုန်တိုင်း အကြွင်းအကျန်များဖြတ်သန်းပါက မိုးရွာသွန်းမှုများ၊ လေပြင်းတိုက်ခတ်မှုများ ရှိနိုင်
ကြောင်း ၎င်းက ပြောသည်။















