ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး
ကန်ကြီးထောင့်မြို့နယ် ဒါးကမြို့၌ လူနာပေါင်း ၉,၀၀၀ အား ကျန်းမာရေးစောင့်ရှောက်မှုများ
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လာရောက်ပြသသော ဝေဒနာရှင်များမှ ခွဲစိတ်ကုသရန်လိုအပ်သော အမျိုးသမီး ရောဂါဝေဒနာရှင်
၂၇ ဦး၊ အရေပြားရောဂါဝေဒနာရှင် တစ်ဦး၊ ဆီးနှင့် ကျောက်ကပ်ဝေဒနာရှင် ၁၆ ဦး၊ နား၊ နှာခေါင်း၊
လည်ချောင်း ဝေဒနာရှင် ၂၀၅ ဦး၊ အရိုးရောဂါ ဝေဒနာရှင် ၁၅ ဦး၊ အထွေထွေ ခွဲစိတ်ရန် ရောဂါ
ဝေဒနာရှင် ၁၄၅ ဦး ရှိသည့်အနက် မျက်စိဝေဒနာရှင် ၁၃၈ ဦးတို့အား ခွဲစိတ်ကုသပေးပြီးဖြစ်၍
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ၆၈ ဦး တို့အား ရန်ကုန်မြို့သို့ ခေါ်ဆောင်၍ ခွဲစိတ်ကုသ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိနေသော ဝေဒနာရှင်များကိုလည်း ဆက်လက်၍ ကျန်းမာရေး
စောင့်ရှောက်မှုပေးသွားမည်ဖြစ်သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်ပေးမှုသည် ဖောင်ဒေးရှင်း၏ (၁၁)ကြိမ်မြောက်ဖြစ်ပြီး
(၁၂)ကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှုအလှူအား ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌
ဇန်နဝါရီလအတွင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဖောင်ဒေးရှင်းပဓာန နာယက အရှင်ဆန္ဒဓိက ဦးဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှု အလှူတော်
များကို တစ်နိုင်ငံလုံးတွင် အလှည့်ကျဆောင်ရွက်ပေးလျက်ရှိပြီး (၁၁)ကြိမ်မြောက် အပါအဝင်
ဝေဒနာရှင်ပေါင်း ၆၀,၀၀၀ ကျော်တို့ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။















