တောင်ယာမြေဆုံးရှုံးခဲ့သည့် တောင်သူများက ထိုက်တန်သော နစ်နာကြေးရယူလိုကြောင်း ပြောကြား

တောင်ယာမြေဆုံးရှုံးခဲ့သည့် တောင်သူများက ထိုက်တန်သော နစ်နာကြေးရယူလိုကြောင်း ပြောကြား

ပုသိမ်မြို့နယ်မှ မိုင် ၂၀ ခန့်ဝေးကွာသောနေရာရှိ တောင်ယာမြေနှင့် လယ်မြေဧက ၁၀၀ ကျော်အား
ပုဂ္ဂလိကကုမ္ပဏီမှ ရော်ဘာစိုက်ပျိုးရန်အတွက် ရယူထား သဖြင့် ထိုက်တန်သော နစ်နာကြေးရလို
ကြောင်း သောက်ရေအိုင်အိမ်စုမှ တောင်သူများက မြန်မာတိုင်း(မ်)ကို ယခုလ ရ ရက်နေ့တွင် ပြော
သည်။

တောင်သူ ၁၇ ဦးခန့် လုပ်ကိုင်လျက်ရှိသော တောင်ယာဧက အများအပြား နှင့် လယ်ဧကအချို့ကို
ရယူခဲ့ခြင်းဖြစ်ပြီး ၀င်ငွေအတွက် အဓိကအားထားရသော တောင်ယာမြေများအတွက် နစ်နာကြေး
မပေးခဲ့ဘဲ လယ်ဧကအနည်းငယ်အတွက်သာ နစ်နာကြေးကို မယူမနေရသဘောမျိုး ပေးခဲ့သည်ဟု
တောင်သူများက ဆိုသည်။

"ကျွန်တော်က လယ်လေးဧကကျော် နဲ့ တောင်ယာ ခုနစ်ဧကကျော် ရှိတယ်။ တောင်ယာလုပ်ကိုင်
လာတာ ၁၄ နှစ် ကျော်ပြီ။ ၂၀၀၆ ခုနှစ်ကျတော့မှ ကုမ္ပဏီ က ဗဟိုစီမံချက်ဆိုပြီး ဖယ်ခိုင်းတာ။ ၁၇
ယောက်နေတဲ့ ရွာစုလေးကို တစ်ယောက် မှ မနေရဘူးဆိုပြီး ဖယ်ခိုင်းတာ။ ပြီးတော့ ကုမ္ပဏီက
ရော်ဘာပျိုးခင်းလုပ်တယ်။ အကုန်လည်း မလုပ်နိုင်ဘူး။ တချို့နေရာ တွေကျသူတို့က တခြား
တောင်သူတွေကို ပြန်ငှားစားတယ်"ဟု သောက်ရေအိုင်ရွာစုမှ တောင်သူဦးသန်းဝင်းက ပြောသည်။

အဆိုပါ အိမ်ခြေ ၁၇ လုံးရှိ ရွာစုလေးမှာ ပုသိမ်မြို့မှ မိုင် ၂၀ ကျော်အကွာတွင် တည်ရှိပြီး တောင်သူ
အားလုံးမှာ တောင်ယာတွင် စိုက်ပျိုးသည့် ဥယျာဉ်ခြံလုပ်ငန်းတွင် အဓိက မှီခိုအားထားရကြောင်း
သိရသည်။

အဓိကစိုက်ပျိုးသည်မှာ သီဟိုဠ် နှင့် ငှက်ပျောဖြစ်ပြီး သရက်နှင့် ပီလောပီနံကိုလည်း စိုက်ပျိုးကြ
သည်။

လယ်လုပ်ကိုင်သော်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းမျိုးသာဖြစ်ပြီး စပါးနှင့် ပဲတို့ကို စိုက်ပျိုး
ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ကုမ္ပဏီမန်နေဂျာ က လက်ရေးစာနဲ့ နှင်တာပါ။ အဲဒီက ဖယ် ပေးလိုက်တော့
အပင်တွေခုတ်ပစ်ပြီး သူတို့ ရော်ဘာပင်စိုက်တယ်။ တောင်ယာ အတွက် ဘာလျော်ကြေးမှမရဘဲနဲ့
လယ် အတွက်ပဲ တစ်ဧကကျပ် ၂၅,၀၀၀ နှုန်း ပေးတယ်။ ၀င်ငွေမရှိတော့လို့ ကလေး တွေ ကျောင်း
ထုတ်လိုက်ရတယ်။ အဲဒီ အချိန်ကစပြီး သူများလယ်မှာ အငှား လိုက်လုပ်ရတယ်။ ဒုက္ခရောက်တာ
က တော့ အရမ်းပဲ"ဟု ဦးသန်းဝင်းက ပြောသည်။

တောင်သူများ၏ ပြောပြချက်အရ ကုမ္ပဏီမှ ရော်ဘာစိုက်ခင်းအတွက် ပုသိမ်-မော်တင်စွန်းလမ်း
တစ်လျှောက် တောင်ယာဧက ၃၀၀ ကို စိုက်ပျိုးခွင့် ရရှိခဲ့ရာ အဆိုပါသတ်မှတ်ဧက ၃၀၀ တွင်
သောက်ရေအိုင်ရွာစုမှ တောင်သူများ လုပ်ကိုင် စားသောက်လျက်ရှိသော တောင်ယာဧက ရ၀
ကျော်နှင့် လယ်ဧက ၂၀ ကျော်၊ စုစုပေါင်း ဧက ၁၀၀ ခန့် ပါ၀င် သွားခဲ့ခြင်းဖြစ်သည်။

တောင်သူများမှာ သောက်ရေအိုင် ရွာစုအနီးတစ်ဝိုက်ရှိ လယ်နှင့် တောင် ယာမြေများကို ခုတ်ထွင်
ရှင်းလင်း၍ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကတည်း က ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သူများ
ဖြစ်ပြီး ကုမ္ပဏီက ၎င်းတို့လုပ်ကိုင် စားသောက်လျက်ရှိသော တောင်ယာ နှင့် လယ်မြေများကို ရယူ
ခဲ့စဉ်က အစိုးရထံ အခွန်ငွေ ပေးဆောင်ရသည်မှာ သုံးနှစ်သာ ရှိသေးကြောင်း လယ်နှစ် ဧကနှင့်
တောင်ယာလေးဧက ဆုံးရှုံးခဲ့သူ ဦးချစ်ဟန်က ပြောသည်။

"လယ်ခွန်၊ သီးခွန်ဆောင်ရမယ်လို့ တော့ မသိပါဘူး။ အရင်က သစ်တော ဌာနက လာလာကောက်
တာတော့ ရှိတယ်။ စာရွက်ပြန်မရဘူး။ ၂၀၀၃-၀၄ လောက်ကျတော့ လူတချို့လာတယ်။ အခွန်
ဆောင်ရမယ်ဆိုလို့ ဆောင်လိုက်ပြီးရင် ပြေစာထုတ်ပေးတယ်။ တစ်နှစ် တစ်ခါ ဆောင်ပြီး ၂၀၀၆
ခုနှစ်ကျ ကုမ္ပဏီ က လာနှင်ထုတ်တာပဲ။ နောက်နေ့ကျ ရ-ယ-က က အဲဒီစာရွက်တွေလာပေးဖို့
ပြောလို့ သွားပေးလိုက်တယ်။ သူတို့ သိမ်း ထားလိုက်တယ်"ဟု ဦးချစ်ဟန်က ပြောသည်။

"ကျွန်တော်တို့က အဲဒီမှာပဲနေ၊ အဲဒီ မှာပဲ ဥယျာဉ်ခြံလုပ်ဆိုတော့ သူတို့လည်း နှင်ရော ဒီအတိုင်း
ထွက်လာရတာပဲ။ ပိုက်ဆံဆိုတာကလည်း ဥယျာဉ်ခြံက ထွက်မှ ရတာလေ"ဟု ၎င်းကဆိုသည်။

တောင်သူများအနေဖြင့် သီဟိုဠ်ပင် ၁၀၀ မှ ထွက်သော သီဟိုဠ်ဆန်များ အတွက် တစ်နှစ်လျှင်
ငွေကျပ် နှစ်သိန်း ခန့် ရကြောင်း သိရသည်။

တောင်သူ တစ်ဦးလျှင် အနည်းဆုံး သီဟိုဠ်ပင် ၃၀၀ ခန့် ပိုင်ဆိုင်ပြီး ၎င်းတို့၏ တစ်နှစ်ဝင်ငွေမှာ
ငှက်ပျော၊ ပီလောပီနံ၊ သရက်၊ သီဟိုဠ် စသည့် သီးနှံအထွက်နှုန်း အပေါ်မူတည် ၍ တစ်နှစ်လျှင်
ကျပ် ၁၀ သိန်းဝန်းကျင် ရှိခဲ့သည်။

လယ်မြေများအတွက် ကုမ္ပဏီ ဘက်မှ နစ်နာကြေးဟုဆိုကာ တစ်ဧက လျှင် ကျပ် ၂၅,၀၀၀ ပေးချိန်
တွင် အဆို ပါ လယ်မြေ၏ ပြင်ပပေါက်ဈေးမှာ ကျပ် နှစ်သိန်းဝန်းကျင်ရှိသည်ဟု ဒေသခံများ က
ပြောသည်။

ယခုလ ၁၁ ရက်နေ့က မြန်မာအောင် ကုမ္ပဏီသို့ မြန်မာတိုင်း(မ်)က ဆက် သွယ်မေးမြန်းရာတွင်
မန်နေဂျာ ဦးဇော် လင်းအောင်က တောင်သူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနဖြင့်သာ စကား
ပြောသင့်သည်ဟု ဆိုသည်။

"ဒီမြေတွေက သစ်တောက ပိုင်တာပါ။ ကျွန်တော်တို့ကိုလည်း သူတို့ ချပေး ထားတာပါ။ ဒေသခံ
တွေက သစ်တော မြေမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ ပုံစံ ဖြစ်နေတာပေါ့။ ကျွန်တော်တို့ကလည်း
ဒီမြေတွေကို ငှားရမ်းပြီး စာချုပ်နဲ့လုပ်တဲ့ လူတွေပဲလေ။ မြေကို တရားဝင်ချပေး လိုက်တဲ့သဘော
ပေါ့။ မတရားသိမ်းခဲ့ တာမျိုး မဟုတ်ဘူး။ အဲဒီတော့ တကယ် တမ်း ရှင်းချင်တယ်ဆိုရင် ဌာနဆိုင်ရာ
နဲ့ပဲ ရှင်းသင့်တယ်"ဟု ၎င်းကပြောသည်။

"နစ်နာကြေးနဲ့ပတ်သက်လို့ကတော့ အမှန်က ၂၀၀၆ ကတည်းက ကျွန်တော်တို့ဘက်က မပေး
လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒေသခံတွေထဲကို ၀င်ရောက်လုပ်ကိုင်တာဆိုတော့ လူမှု
ရေးအရ ပေးခဲ့တာပါ။ နိုင်ငံတော်က ပေးပါဆိုလို့ ပေးတာမျိုးမဟုတ်ဘူး။ ဒေသဆိုင်ရာ ရ-၀-တ
ဥက္ကဋ္ဌနဲ့ ညှိနှိုင်း ပြေလည်ပြီးလို့ ပေးခဲ့တာ"ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာအောင်ကုမ္ပဏီမှ လက်ရှိ လုပ် ကိုင်နေသော နေရာတစ်ဝိုက်အပါအဝင် ဧကပေါင်း ၂,၄၀၀
လျှောက်ထားရရှိထားခဲ့ခြင်းဖြစ်ပြီး သစ်တောဦးစီးဌာနနှင့် နှစ် ၃၀ ဂရန် စာချုပ်ချုပ်ဆို လုပ်ကိုင်နေ
ခြင်း ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်၏ စာရင်းဇယားများအရ
လွန်ခဲ့သော နှစ် ပေါင်း ၂၀ ခန့်အတွင်း ဧရာဝတီတိုင်းဒေသကြီးသည် လယ်မြေသိမ်းခံရမှု အများဆုံး
ဖြစ်ပွားသော နေရာဖြစ် သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး