လာမည့် ၂၀၁၅ ခုနှစ်တွင် အိန္ဒိယမှ မြန်မာနိုင်ငံသို့ အဆောက်အအုံသုံး ပစ္စည်းတင်ပို့မှုတန်ဖိုးကို
အမေရိကန် ဒေါ်လာသုံးဘီလျံ လျာထားရာ ၂၀၁၅ မတိုင်မီ ပြည့်မီနိုင်မည်ဟု ခန့်မှန်းကြောင်း
အိန္ဒိယနိုင်ငံ အဆောက်အအုံ သုံးပစ္စည်း တင်ပို့မှု မြှင့်တင်ရေးအဖွဲ့ (EEPC) ကိုယ်စားလှယ်
ခေါင်းဆောင်က ယခု လ ၁၄ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်၌ ကျင်းပသော ရောင်းသူ-၀ယ်သူ တွေ့ဆုံပွဲတွင် မြန်မာ တိုင်း(မ်)ကို ပြောသည်။
"အိန္ဒိယက ၂၀၁၅ မတိုင်ခင်မှာ လျာထားချက်ကို ချိုးနိုင်မယ်လို့ ကျွန်တော်မှန်းပါတယ်။ လွန်ခဲ့တဲ့
နှစ်နှစ်လောက်က လေယာဉ်ကွင်းက ရှင်းနေတယ်။ အခု ဆိုရင် လေယာဉ်ပေါ်မှာ အိန္ဒိယလူမျိုး ၁၀
ယောက်ကနေ ၁၅ ယောက်ထိ မြန်မာနိုင်ငံကို လာနေတယ်။ မြန်မာ နိုင်ငံက ပိုပြီးပွင့်လင်းလာသလို
ပိုပြီး အခွင့်အလမ်းတွေလည်းများလာတယ်" ဟု Engineering Export Promotion Council ၏
ကိုယ်စားလှယ်ခေါင်း ဆောင် Mr.Rakesh Shah က ပြောသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ်၌ အဆောက်အအုံနှင့် အင်ဂျင်နီယာသုံးပစ္စည်း တင်ပို့ မှုတန်ဖိုးမှာ အမေရိကန်
ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နှစ်ဘီလျံအထိ တင်ပို့နိုင်ခဲ့ကြောင်း ၎င်းကပြော
သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာ ရောက်ခြင်းဖြစ်ပြီး မြန်မာ
နိုင်ငံ၏ ပြောင်းလဲလာသော ဥပဒေများ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် ပြည်တွင်းမိတ်
ဖက်များနှင့် တွေ့ဆုံရန် လာရောက်ခြင်းဖြစ်ကြောင်း Mr. Rakesh Shah က ပြောသည်။
"မြန်မာနိုင်ငံက ခုချိန်မှာအားလုံးကို လိုအပ်နေတယ်။ အခြေခံအဆောက်အအုံပိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်
တိုင်းက အဆောက်အအုံပစ္စည်းတွေနဲ့ ဆက်စပ်နေတယ်။ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေး
ကဏ္ဍ၊ ရေဒီယိုအသံလွှင့် ပိုင်းဆိုင်ရာ အားလုံးက အဆောက်အအုံပိုင်းနဲ့ ဆက်စပ်နေတဲ့အတွက်
ဈေးကွက် အတွက်တော့ စိတ်ပူစရာမလိုပါဘူး။ အဓိကက ပစ္စည်းမှန် ဈေးနှုန်းမှန်နဲ့ ဈေးကွက်ထဲကို
၀င်ရောက်ဖို့ပဲ လိုတယ်လို့ ကျွန်တော့်အဖွဲ့တွေကို ပြောထားပြီးသားပါ"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၌ စက်မှုလုပ်ငန်း၊ စက်ရုံအများစုမှာ ပိတ်ထားသော်လည်း အိန္ဒိယလုပ်ငန်းရှင်များအနေ
ဖြင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ပြီး ပြန်လည် ထူထောင်ခြင်းများ ပြုလုပ်နိုင်ကြောင်း၊ အိန္ဒိယ
လုပ်ငန်းရှင်များ အနေဖြင့်လည်း ယုံကြည်စိတ်ချရသော ပြည်တွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆတ်
မိရန် လိုလားကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ နောက်ပိုင်းမှာတင်ပို့ ရောင်းချရုံတင်မကဘူး။ ရင်းနှီးမြှုပ်နှံမှု တွေနဲ့အတူ အထူး
စီးပွားရေးဇုန်တွေမှာ ပါ ပါ၀င်နိုင်ဖို့ စိတ်ဝင်စားပါတယ်။ လောလောဆယ်တော့ ကိုယ်စားလှယ်အဖွဲ့
က စစ်တမ်းကောက်မယ်။ ဒါရိုက်တာတွေဆီ တင်ပြပြီး ဆုံးဖြတ်ချက်တွေချဖို့လာခဲ့တာပါ"ဟု ၎င်း
ကပြောသည်။
အဆိုပါအဖွဲ့သည် မန္တလေးနှင့် နေပြည်တော်တို့သို့ပါ သွားရောက်ပြီး နယ်ဈေးကွက်နှင့် နယ်ဒေသ
များမှ လုပ်ငန်းရှင်များကို တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်းပြောသည်။
Wilson Power and Distribution Technologies Private Limited မှ အထွေထွေမန်နေဂျာ
Mr.Suresh Dendukuri က "မြန်မာနိုင်ငံကို ပထမ ဆုံးရောက်ဖူးတာပါ။ ၂၀၁၅ တင်ပို့ မှု လျာထား
ချက်ကို ပြည့်မီနိုင်မယ်လို့ မှန်းပါတယ်။ ဒီက ၀ယ်သူတွေနဲ့ စကား ပြောကြည့်ပြီးတော့ ဒီမှာ လျှပ်စစ်
နဲ့ပတ်သက်ပြီး ဈေးကွက်တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးတယ်ဆိုတာ သိလိုက်ရ
တယ်။ မီးအားမြှင့်စက်နဲ့ အခြား စက်မှုဇုန်သုံး လျှပ်စစ်ပစ္စည်းတွေ ကို ဖြန့်ချိနိုင်မယ်မှန်းပါတယ်"ဟု
ပြောသည်။
မြန်မာနိုင်ငံ၏ ဈေးကွက်တွင် လတ်တလော၌ တရုတ်၊ ထိုင်း၊ ကိုရီးယားနှင့် အခြားနိုင်ငံများ၏
ပစ္စည်းများက နေရာယူထားသော်လည်း အိန္ဒိယနိုင်ငံ အနေဖြင့် အရည်အသွေးပိုင်းတွင် ဈေးကွက်
ယှဉ်ပြိုင်နိုင်မည်ဟု မှန်းကြောင်း ၎င်းကပြောသည်။
"ကျွန်တော်သိရသလောက် မြန်မာ တွေက တရုတ်ပစ္စည်းတွေ သိပ်မကြိုက်ဘူး။ ဈေးပေါတယ်။
ဒါပေမဲ့ အသုံးမခံဘူး။ အိန္ဒိယပစ္စည်းက သူတို့လောက် ဈေးလျှော့မရောင်းနိုင်ပေမဲ့ သင့်တင့်တဲ့
ဈေးနှုန်းနဲ့ ဈေးကွက်ကို ထိုးဖောက် နိုင်မယ်လို့ ယုံကြည်တယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြော
သည်။
EEPC တွင် အိန္ဒိယ ကုမ္ပဏီပေါင်း ၁၃,၀၀၀ အဖွဲ့ဝင်အဖြစ်ပါရှိပြီး ၁၉၉၅ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်
သည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယ မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၂၄ ဒသမ ၅ သန်းဖိုး
ကုန်သွယ်မှု ပြုခဲ့ပြီး ၂၀၁၀-၁၁ ကထက် ၆၆ ဒသမ ၅ ရာခိုင် နှုန်း တိုးတက်ခဲ့ကာ ၂၀၁၁-၁၂ တွင်
စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးကန်ဒေါ်လာ ၁,၃၇၁ ဒသမ ၄ သန်းရှိကြောင်း၊ လာမည့် ၂၀၁၃ ခုနှစ်
တွင် အဆိုပါ တန်းဖိုး၏ နှစ်ဆခန့်ထိ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း EEPC ၏ ထုတ်ပြန်ချက်တွင် ပါရှိ
သည်။















