ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့၊ ဇန်နဝါရီလ ၁၁ ရက် တွင် တင်သွင်းလာ
သော အရေးကြီး ကြားဖြတ်အဆိုတစ်ရပ်အား လွှတ်တော် က ကန့်ကွက်မှုမရှိ ထောက်ခံလိုက်ခြင်း
ဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်တို့ အွန်လိုင်းဖြင့် ဆွေးနွေးကြရန်
သက်ဆိုင်ရာများသို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံ
ပြည်သူများ စစ်ဘေးဒဏ်ခံစားနေရကြောင်း၊ တိုက်ပွဲများကြောင့် နှစ်ဖက်စလုံး အချိန်နှင့်အမျှ ဆုံးရှုံး
မှုများ ပေါ်ပေါက်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်များကို လျှော့ချပြီး ဒေသတွင်း
ထာဝရ အေးချမ်းသာယာမှုကို ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်
တစ်ရပ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်က သက်ဆိုင်ရာများသို့
တိုက်တွန်း ပေးပါရန် အဆိုတစ်ရပ် တင်သွင်းမှာဖြစ်ကြောင်းဟု အစချီလျက် ပြည်သူ့လွှတ်တော်
တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်က
ဖွဲ့စည်းတာဝန်ပေးထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌလည်း
ဖြစ်ပြီး မြစ်ကြီးနားမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးသိန်းဇော်က
ပြည်သူ့လွှတ်တော်သို့ အရေးကြီး ကြားဖြတ်အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ခေတ်ကာလဟာ တာဝန်ရှိသူ ကိုယ်စားလှယ်ချင်း မျက်နှာချင်းဆိုင် တွေ့ကြမှသာ ဆွေးနွေး
ညှိနှိုင်းနိုင်တဲ့ ကာလမဟုတ်တော့ပါဘူး။ ခေတ်မီနည်း ပညာများအရ e-mail များ အပြန်အလှန်
ပေးပို့ခြင်းများ၊ ဒါမှမဟုတ်ရင်လည်း နှစ်ဖက်သဘောတူညီထားတဲ့ အီလက်ထရွန်းနစ် ဆက်သွယ်
ရေးနည်းစနစ်များ ဖြင့် မိမိတို့ရဲ့မူဝါဒများ၊ သဘောထား များ၊ လိုလားချက်များကို နှစ်ဦးနှစ်ဖက်
သတ်မှတ်ထားသော ကိုယ်စားလှယ်များ ကနေပြီးတော့ ပြည်သူများ ထင်သာမြင်သာရှိအောင်
ထုတ်ပြန်ခြင်းများ၊ အသိပေးခြင်းများဖြင့် ပွင့်လင်းမြင်သာသော အသိပေးမှုများ ဆောင်ရွက်တဲ့
ခေတ်ကာလဖြစ်ပါတယ်။
"သို့ဖြစ်ပါ၍ ကချင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင်
တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် ခက်ခဲမှုရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော
အီလက်ထရွန်းနစ် အွန်လိုင်း ဆွေး နွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိသော ထုတ်ပြန်
ခြင်းများဖြင့် ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားကြသည့် ဆွေးနွေးမှုများ
ဖြင့် နားလည်မှုကို တည်ဆောက်၍ ယုံကြည်မှုကို ဖော်ဆောင်ကာ စစ်ရေးအရှိန်တင်းမာများကို
လျှော့ချ၍ ထာဝရ ငြိမ်းချမ်းမှုရေးလမ်းကြောင်းကို တည်ဆောက်ပေးကြပါရန် ပြည်သူ့ လွှတ်တော်
ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်က သက်ဆိုင်ရာများသို့ တိုက်တွန်းပေးပါရန် အဆိုကို
လေးစားစွာ တင်သွင်းအပ်ပါတယ်"ဟု၎င်းက တင်သွင်းခဲ့သည်။
၎င်းအဆိုကို ပြည်သူ့လွှတ်တော်၌ ကန့်ကွက်သူမရှိ ထောက်ခံကြသည်။
"တကယ်တော့ ဒီထက် ထိရောက်တဲ့ နည်းလမ်းတွေ ရှိနိုင်ပါတယ်၊ ရှိဦးမှာပါ၊ ငြိမ်းချမ်းရေးကို
နှစ်ဖက်ပြည်သူတွေက လိုလားတာမှန်ပေမဲ့ နှစ်ဖက်စစ်တပ် တွေကျတော့ စစ်သဘောဆောင်နေ
တယ်။ ဒီလိုအခြေအနေမျိုးမှာ လွတ်လပ်တဲ့နယ်မြေ၊ တတိယနိုင်ငံတစ်ခုခုမှာ ဗဟိုအဆင့် နှစ်ဖက်
တွေ့ဆုံဆွေးနွေးကြတာမျိုး လုပ်သင့်တယ်။
"နောက်တစ်ခုက ကာကွယ်ရေးကိစ္စတွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်စီစဉ်နိုင်တယ်
ဆိုသော်လည်း စစ်တိုက်မယ်၊ စစ်ကြေညာမယ်ဆိုရင် ကာ/လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြံု
ရေးကောင်စီ)ရဲ့ ဆုံးဖြတ်ချက်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံချက်တွေ လိုအပ်ပါတယ်။
ပြည်တွင်းစစ် ဆိုသော်လည်း ကာ/လုံရဲ့ သဘောထား ဆုံးဖြတ်ချက်အပေါ်မှာလည်း မူတည်ပါ
တယ်။ ကာ/လုံမှာက သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌနှစ်ဦး၊ နိုင်ငံခြားရေး
၀န်ကြီးဌာန ၀န်ကြီးတစ်ဦး၊ ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ-ဦးစီးချုပ်နဲ့ ပြည်ထဲရေး၊
နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေက တစ်ဦးစီ၊ အားလုံး အဖွဲ့ဝင် ၁၁ ဦး
ရှိကြရာမှာ တကယ်တမ်းပြောရရင် အရပ်ဘက် အဖွဲ့ဝင်ခြောက်ဦးနဲ့ စစ်ဘက်က ငါးဦးရှိ တော့
အရေးကြီးကိစ္စတွေကို မဲခွဲရင် အရပ်ဘက်က အားသာနေတယ်။ အခု ကိစ္စဟာ ကာ/လုံ အဖွဲ့ဝင်
အားလုံးရဲ့ သဘောထားအပေါ် မူတည်နေမယ်လို့ ယူဆကြတယ်။ ကာ/လုံအဖွဲ့ဝင်တွေ အားလုံးမှာ
လည်း တာဝန်ရှိတဲ့အတွက် ပြည်တွင်းစစ် အမြန်ရပ်ဆိုင်းရေးမှာ အဲဒီနည်းက ပိုပြီးအားကောင်းပါ
တယ်"ဟု NDF ပါတီမှ အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က
ပြောကြားသည်။















