နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကြမ်းအပေါ် သဘောထားမှတ်ချက်
များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် တပ်မတော်သားကိုယ်စားလှယ်
နှစ်ဦးနှင့် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်း ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုလွှတ်
တော်၏ ပြင်ဆင် ဖြည့်စွက်ချက်တို့သည် အခြေခံဥပဒေကို ဆန့်ကျင်လျက် ခုံရုံး၏လွတ်လပ်သော
တရားစီရင်ခွင့်ကို ထိခိုက်စေမည်ဖြစ် ကြောင်းလည်း ပါ၀င်ခဲ့သည်။
ထိုဆွေးနွေးချက်များနှင့်ပတ်သက်ပြီး 'ခုံရုံးသည် တရားရုံးနှင့်မတူကြောင်း၊ တရားရုံးများကဲ့သို့
ပြစ်ဒဏ်များစီရင် ချမှတ်ခွင့်လည်းမရှိကြောင်း၊ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်၏ ခုံရုံးဥပဒေကြမ်း
အပေါ် ပြင်ဆင်ဖြည့်စွက်ချက်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်ပါကြောင်း'
ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်
၏ ဒုတိယနာယကလည်း ဖြစ်သည့် ဦးမြညိမ်းက ပြောကြားသည်။
"ယခု ကျွန်တော်တို့ ခုံရုံးနဲ့ပတ်သက်လို့ အငြင်းပွားနေတဲ့အချက်က ခုံရုံးသည် တရားရုံးဖြစ်သလား၊
ခုံရုံးသည် အခြေခံဥပဒေဆိုင်ရာ တရားရုံးနဲ့ တူတယ် ဆိုတဲ့ ပုံစံမျိုး ဆွေးနွေးထားတာတွေ တွေ့ရပါ
တယ်"ဟု ၎င်းက ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၄-၁-၂၀၁၃)၌
ခုံရုံးဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို ထောက်ခံဆွေးနွေးခဲ့ကြသော
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း (သီပေါ)၊ တပ်မတော်သား ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဗိုလ်မှူးတင်အောင်မိုးနှင့် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ထောက်ခံဆွေးနွေးအပြီးတွင်
ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရ ခုံရုံးနဲ့ တရားရုံးသည် မတူပါဘူး။ ဘာလို့လဲဆိုတော့ တရားရုံး
များဆိုတဲ့ ခေါင်းစဉ် အောက်မှာကိုသာလျှင် စစ်ဘက်ဆိုင်ရာ တရားရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာခုံရုံးဆိုပြီးတော့ ထည့်ထားတာမှန်ပေမယ့် နောက်ဆုံး ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေပုဒ်မ ၂၉၄ မှာ 'ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း'ဆိုတဲ့နေရာမှာ 'နိုင်ငံတော်
တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တစ်ရပ် ထားရှိသည်၊ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တရားစီရင် ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ
ပြည်ထောင်စုလွှတ်တော်ချုပ်သည် နိုင်ငံ တော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်' ဆိုပြီးတော့ ပြဋ္ဌာန်း
ထားပါတယ်။
"ဆွေးနွေးသွားတဲ့အချက်တွေမှာ တွေ့ရတာကတော့ 'နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
အမြင့်ဆုံးတရား ရုံးဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာ တရားစီရင်ခွင့်ကို ထိခိုက်မည်ဖြစ်ပါ သည်'
ဆိုပြီး သမ္မတရဲ့ မှတ်ချက်မှာလည်း ပါပါတယ်။ ဒုတိယရှေ့နေချုပ်ရဲ့ ရှင်းလင်းချက်ထဲမှာလည်း
ပါပါတယ်။
'ပုဒ်မခွဲ(ဈ)မှာ တင်ပြချက်သည် ထိုခုံရုံး ရဲ့ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ် ပိုင်ခွင့်ကို ထိခိုက်မည်
ဖြစ်ပါသည်၊ ခုံရုံး သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမြင့်ဆုံးတရားရုံးဖြစ်သည်' ဆိုပြီးတော့
သုံးသပ်ထားပါတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အမြင့်ဆုံး တရား ရုံး မဟုတ်ပါဘူး။
အမြင့်ဆုံးတရားရုံး သည် Union Supreme Court သာ ဖြစ်ပါတယ်။
"အဲဒီတော့ ခုံရုံး၏ဆုံးဖြတ်ချက်သည် လွတ်လပ်စွာတရားစီရင်ရေးမှာ မှန်သော်လည်း အခြေခံဥပဒေ
ပုဒ်မ ၁၉(က) မှာ ပါတဲ့ 'လွတ်လပ်စွာတရားစီရင်ခြင်း- to administer independently ဥပဒေနဲ့
အညီ လွတ်လပ်စွာတရားစီရင် တဲ့နေရာမှာ တရားစီရင်တာနဲ့ ခုံရုံးက မတူပါဘူးခင်ဗျာ။ အတိုချုပ်
တင်ပြရရင် တရားစီရင်တယ်ဆိုတာ တရားမမှုဆိုရင်လည်း အမှုနဲ့ပတ်သက်တဲ့ တောင်းဆိုပိုင်ခွင့်
တွေ ပေးရတယ်။ တရားနိုင်၊ တရားရှုံး တွေရှိပါတယ်။ တစ်ခါ ရာဇဝတ်ရုံးတွေဆိုရင် ထောင်ချတယ်၊
ပြစ်ဒဏ်ပေးတယ်၊ ဒဏ်ငွေရိုက်တယ်။ ခုံရုံးက တရားရုံးလို ထောင်မချနိုင်ပါဘူး၊ တရားရုံးလို ဒဏ်ငွေ
မရိုက်နိုင်ပါဘူး။ ဒါကြောင့်မို့ ခုံရုံးနဲ့ တရားရုံးကို တရားရုံးရဲ့ ဖွဲ့စည်းပုံ အောက်မှာ တင်ပြထားသော်
လည်း တရားရုံးနဲ့ မတူတဲ့အကြောင်းကိုလည်း ခုံရုံးဥပဒေမှာကိုက ခုံရုံးနဲ့ တရားရုံးကို ခွဲပြီးတော့
ပုဒ်မ ၂(ဂ)၊ ပုဒ်မ ၂(စ)တွေမှာ ဖွင့်ဆိုထားတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြည့်စုံစွာ ရှင်းလင်းပြောကြား
သည်။
ထို့ပြင် ခုံရုံး၏လုပ်ပိုင်ခွင့်နှင့် တရားရုံး၏ လုပ်ပိုင်ခွင့်များ မတူကြောင်း၊ ခုံရုံး၏ လုပ်ပိုင်ခွင့်ဆိုသည်မှာ
ပုဒ်မ ၃၂၁ တွင် ပြဋ္ဌာန်းသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်း
သည့်အလုပ်သာ ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ခု နှင့်တစ်ခုအကြား၊ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ များ တစ်ခုနှင့်တစ်ခုအကြားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ အငြင်း
ပွားသည် များရှိလာလျှင် ရှင်းလင်းပေးဖို့ပဲဖြစ်ကြောင်း၊ တရားရုံးသည် တရားရုံးပဲဖြစ်ပြီး ခုံရုံးသည်
ခုံရုံးပဲ ဖြစ်ကြောင်း ၎င်းက ပြည်ထောင်စုလွှတ်တော် သို့ ပြောကြားခဲ့သည်။
ထို့နောက် ခုံရုံးအဖွဲ့ဝင် ကိုးဦးရွေးချယ်အပြီး ၎င်းတို့ထဲမှ ဥက္ကဋ္ဌတစ်ဦးကို နိုင်ငံတော်သမ္မတက
ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်ပါ တိုင်ပင်ညှိနှိုင်းပြီး
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာ လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်ဟု ပြည်ထောင်စု
လွှတ်တော်က ဖြည့်စွက်ရခြင်း နှင့်ပတ်သက်၍လည်း ဦးမြညိမ်းက ဤသို့ ရှင်းပြသည်။
"နောင်တစ်ချိန်မှာ ဖဲဲွ့စည်းပုံအခြေခံ ဥပဒေ မှာ အငြင်းပွားလာနိုင်စရာတွေ ရှိလာနိုင်ပါတယ်။ ဒါကို
တော့ ကျိန်းသေးပြောလို့မရပါဘူး၊ ဒီနေရာမှာ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး ဒီသုံး
ယောက်က တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ဒီမိုကရက်တစ်စနစ်အရ ဒီသုံးဦးက ခုံရုံးအဖွဲ့ဝင်ကိုးဦးကို
ရွေးတဲ့အခါမှာရော၊ ခုံရုံးဥက္ကဋ္ဌကို ရွေးတဲ့အခါမှာရော အချင်းချင်းညှိနှိုင်းရွေးချယ်နိုင်ရင် ပိုပြီးသင့်မြတ်
လျော်ကန်နိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော် တို့ရည်ရွယ်ပြီး ထည့်သွင်းခြင်းဖြစ်ပါတယ်။ ဒီလို
ဖြည့်စွက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မူလပြဋ္ဌာန်းထားတဲ့ရည်ရွယ်ရင်း အနှစ်သာရကိုလည်း
မပျောက်နိုင်ပါဘူး၊ ပိုမိုပြီး ပေါ်လွင်စေနိုင်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဆန့်ကျင်တယ်
လို့ ပြောလို့ မရပါဘူး။
"နောက်ပြီး ခုံရုံးအဖွဲ့ဝင်တွေက မိမိတို့ကို ရွေး ချယ်လိုက်တဲ့ ဥက္ကဋ္ဌတွေကို အသီးသီးအစီရင်ခံဖို့
ဆိုတာက လုပ်ငန်းအစီရင်ခံခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာလမ်းညွှန်းချက်ကို ရယူခြင်း မဟုတ်
ပါဘူး၊ ဘာကြောင့်မဟုတ်သလဲဆိုတော့ ဥက္ကဋ္ဌချင်းက မတူနိုင်ပါဘူးခင်ဗျ၊ နိုင်ငံတော် သမ္မတက
လည်း သီးသန့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း သီးသန့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက
လည်း သီးသန့်၊ တစ်သီးတခြားစီပါ။ အခုကသာ ကျွန်တော်တို့က ညီညွတ်နေတဲ့အတွက် (ပြည်ခိုင်
ဖြိုးပါတီ-တစ်ပါတီတည်းသား တွေဖြစ်နေတဲ့အတွက်) ဒီလိုဖြစ်နေသေးတာပါ။ နောင်တစ်ချိန်ဆိုရင်
ဘယ်ပါတီကလူက ဘယ်ဥက္ကဋ္ဌ၊ ဘယ်ပါတီ ဘယ်ဥက္ကဋ္ဌ စသည်ဖြင့် ဖြစ်သွားနိုင်တဲ့အတွက် နောင်
အရှည်ကို ရည်ရွယ်ပြီး ဒါလေးကို ထည့်ခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရကို
ဆန့်ကျင်ခြင်းလည်း မရှိပါဘူး"ဟူ၍ ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ယခုကိုင်စွဲထားကြသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ဖြစ်ပေါ်လာစေသည့်
၁၉၉၃ ခုနှစ်တွင် စခဲ့သည့် အမျိုးသား ညီလာခံ၌ ထိုစဉ်က ဦးမြညိမ်းတို့၏ဆရာဖြစ်ခဲ့ သော ဒုတိယ
ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမျိုးသားလွှတ်တော်တွင် လာရောက်ရှင်းပြခဲ့သော ဖွဲ့စည်းပုံအခြေခံ
ဥပဒေ၏ အခြေခံမူများ အကြောင်းကို ပြန်လည်ပြောကြားပြီး လက်ရှိအခြေအနေများအား ချိတ်
ဆက်ကာ ပြည်ထောင်စုလွှတ်တော်၏ ခုံရုံးဥပဒေကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်ချက်တို့သည်
အခြေခံဥပဒေ ၏ အခြေခံမူများနှင့်ကိုက်ညီကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အပေါ် မဲခွဲဆုံး
ဖြတ်ခဲ့ကြရာ သမ္မတကို ထောက်ခံသူ ဦးရေက ကန့်ကွက်သူဦးရေထက် လျော့နည်းသောကြောင့်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေအား ပြည်ထောင်စုလွှတ်တော်၏ ပြင်ဆင်ဖြည့်
စွက်ချက်များ အတိုင်းအတည်ပြုခဲ့ကြောင်း တွေ့ရသည်။















